မော်စကို၌ ပူတင်နှင့် နီတန်ယာဟုတို့ ဆီးရီးယားနှင့်အီရန်အရေး ဆွေးနွေး

မော်စကို၌ ပူတင်နှင့် နီတန်ယာဟုတို့ ဆီးရီးယားနှင့်အီရန်အရေး ဆွေးနွေး

 

မော်စကို၊ ရုရှား၊ ဇန်နဝါရီ ၃၀ ။                  ။ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နီတန်ယာဟုတို့သည် ဆီးရီးယားပဋိပက္ခနှင့် အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ အီရန်နိုင်ငံ၏အခန်းကဏ္ဍတို့ကို မော်စကိုမြို့၌ တနင်္လာနေ့တွင် ပြောဆို ဆွေးနွေးခဲ့ကြသည်။

ဒါ့အပြင် နိုင်ငံခေါင်းဆောင်နှစ်ဦးသည် စီးပွားရေး၊ ယဉ်ကျေးမှုနှင့် လူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်များတွင် နှစ်နိုင်ငံကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြသလို ဆီးရီးယားပြည်တွင်းရေး၊ အစ္စရေး နှင့်ပါလက်စတိုင်းကြားရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့အပါအဝင် နိုင်ငံတကာနှင့် ဒေသတွင်းပြသနာများကို အလေးထားပြောဆိုခဲ့ကြကြောင်း ရုရှားအစိုးရဘက်မှ သတင်းထုတ်ပြန်ခဲ့သည်။

အစ္စရေးဝန်ကြီးချုပ်က သူသည် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု၊ ဆီးရီးယားနိုင်ငံအတွင်း၌ ရုရှားနှင့်အစ္စရေးစစ်တပ် တို့ကြား လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတို့ကို တိုးမြှင့်ရန်နှင့် အစ္စရေးနိုင်ငံ၏ လုံခြုံရေးအတွက် အလွန်အရေးပါ သော ကိစ္စရပ်များစွာကို ဆွေးနွေးသွားရန်စီစဉ်ထားကြောင်း ဇန်နဝါရီ ၂၈ ရက်နေ့က ပြောဆိုထားခဲ့သည်။

ပူတင်နှင့် နီတန်ယာဟုတို့သည် မော်စကိုမြို့ရှိ ဂျူးပြတိုက်နှင့်စင်တာရှိ ပြခန်းဖွင့်လှစ်ပွဲသို့ အတူတကွတက် ရောက်ခဲ့ကြသလို အခမ်းအနားပြီးဆုံးချိန်တွင် နီတန်ယာဟုက အစ္စရေးတို့သည် ၎င်းတို့၏ဖြစ်တည်မှုကို ထိပါးလာနိုင်သော အီရန်နိုင်ငံအပါအဝင် ၎င်းတို့ကိုဖျက်ဆီးလိုသည့် မည်သည့်ကြိုးပမ်းမှုကိုမဆို တားဆီး ကာကွယ်သွားရန် အသင့်ဖြစ်နေပြီဟု ပြောဆိုခဲ့သည်။

မော်စကိုအစိုးရသည် အစ္စရေးတို့၏ ဒေသတွင်းပြိုင်ဘက်များဖြစ်သော ဆီးရီးယား၊ အီရန်တို့နှင့်လည်း ကောင်းမွန်သော ဆက်ဆံရေးများ ထားရှိလျက်ရှိသည်။

အီရန်တို့နှင့်ကောင်းမွန်သော ဆက်ဆံရေးရှိသည့် ရုရှားတို့သည် ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ်၏ အစိုးရအဖွဲ့အား ၇ နှစ်နီးပါးခန့်ကြာအောင်ဖြစ်ပွားနေသော ဆီးရီးယားပြည်တွင်းစစ်အတွက် ထောက်ပံ့မှုများ ပြုလုပ်ပေးနေသည်။

အစ္စရေးတို့က ၎င်းတို့သည် ဆီးရီးယား၌ဖြစ်ပွားနေသည့်ပဋိပက္ခအတွင်း မည်သည့်အဖွဲ့ကိုမဆို ထောက်ခံခြင်း မရှိကြောင်း ပြောဆိုထားခဲ့ဖူးသော်လည်း ဆီးရီးယားနယ်မြေအတွင်း၌ လေကြောင်းတိုက်ခိုက်မှုများကို ပုံမှန် ပြုလုပ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required