NLD ဗဟိုစည်းကမ်းထိမ်းသိမ်းရေးအဖွဲ့ ပြန်လည်ဖွဲ့စည်း

NLD ဗဟိုစည်းကမ်းထိမ်းသိမ်းရေးအဖွဲ့ ပြန်လည်ဖွဲ့စည်း

 

ရန်ကုန်၊ ဇန်နဝါရီ ၂၉ ။             ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုစည်းကမ်းထိမ်းသိမ်းရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဉာဏ်ဝင်းကို တာဝန်ပေးအပ်ကြောင်း ယနေ့ဇန်နဝါရီ ၂၉ရက်နေ့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကထုတ်ပြန်ခဲ့သည်။

၎င်း ဗဟိုစည်းကမ်းထိမ်းသိမ်းရေးအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်ဦးဉာဏ်ဝင်းအပါအဝင် အဖွဲ့ဝင်အဖြစ် ဦးဝင်းထိန်၊ ဒေါက်တာဒေါ်မေဝင်းမြင့်၊ ဒေါက်တာမျိုးညွှန့်၊ ဦးသိန်းဦး၊ ဦးကျော်ဟိုး၊ ဒေါ်လဲ့လဲ့၊ ဒေါ်ဝင်းမြမြ၊ ဦးတိုးလွင် တို့ပါဝင်ဖွဲ့စည်းထားသည်။

ထိုကဲ့သို့ ပြန်လည်ဖွဲ့စည်းခြင်းနှင့်ပတ်သတ်ပြီး "အပြောင်းအလဲမဟုတ်ဘူးဗျ ။ ကျွန်တော်တို့အင်အားလျော့နေတယ် ။ အင်အားတွေကလျော့နေတာ အကြောင်းကြောင်းပေါ့လေ ။ အဲဒီအတွက်အင်အားဖြည့်တင်းတာ"ဟု ၎င်းဗဟိုစည်းကမ်းထိမ်းသိမ်းရေးအဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဝင်းက ပြောသည်။

စည်းကမ်းပိုင်းဆိုင်ရာများမှာ မူလအတိုင်းရှိနေမည်ဖြစ်ပြီး ယခင်ကအင်အားနည်းသဖြင့် လုပ်ငန်းလုပ်ဆောင်ရာတွင် နှေးကွေးခဲ့ပြီး ယခုအင်အားတိုးမြှင့်ပြီးပါက လုပ်ဆောင်မှုပိုင်းတွင် ပိုမိုမြန်ဆန် ထိရောက်လာနိုင်သည်ဟု၎င်းကပြောသည်။

ယခုကဲ့သို့ ပြန်လည်ဖွဲ့စည်းသည်မှာ ပထမဗဟိုကော်မတီကော်မတီ၊ အဋ္ဌမအကြိမ်အစည်းအဝေးဆုံးဖြတ်အရ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဦးဉာဏ်ဝင်းကဆိုသည်။

၂၀၁၇ခုနှစ် ဒီဇင်ဘာ၃၁ရက်တွင် ရန်ကုန်မြို့အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်း၌ ပထမဗဟိုကော်မတီကော်မတီ၊ အဋ္ဌမအကြိမ်အစည်းအဝေးကျင်းပခဲ့ပြီးနောက် ထွက်ရှိလာခဲ့သောဆုံးဖြတ်ချက်များတွင် အဆင့်ဆင့်သောဗဟိုအလုပ်မှုဆောင်အဖွဲ့များကို အစားထိုးဖြည့်ဆည်းမည် ဆိုသည့်အချက် ပါဝင်လာခဲ့သည်။

ထိုဆုံးဖြတ်ချက်အပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်မှုဆောင်အဖွဲ့များ၊ ပြန်ကြားရေးကော်မတီများကို ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ပြန်လည်ဖွဲ့စည်းသည်များကို တွေ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required