ပစိဖိတ်သမုဒ္ဒရာ ရေယာဉ်နစ်မြုပ်မှု အသက်ရှင်ကျန်ရစ်သူများကို သြစတြေးလျနှင့် အမေရိကန်တို့ ပူးပေါင်းရှာဖွေနေ

ပစိဖိတ်သမုဒ္ဒရာ ရေယာဉ်နစ်မြုပ်မှု အသက်ရှင်ကျန်ရစ်သူများကို သြစတြေးလျနှင့် အမေရိကန်တို့ ပူးပေါင်းရှာဖွေနေ

ဇန်နဝါရီ ၂၉ ။          ။ ပစိဖိတ် သမုဒ္ဒရာထဲတွင် နစ်မြုပ်သွားခဲ့သည့် လူ ၅၀ ဦးပါ ကူးတို့ သင်္ဘောတစ်စင်းမှ အသက်ရှင်ကျန်ရစ်သူများ ပြန်လည်ရှာတွေ့နိုင်ရေးအတွက် ယခုအခါ သြစတြေးလျနှင့် အမေရိကန် လေတပ်တို့ ပူးပေါင်းပြီး ဆက်လက်ရှာဖွေနေလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်က အဆိုပါ နစ်မြုပ်ရေယာဉ်မှ အသက်ရှင်ကျန်ရစ်သူ ခုနစ်ဦးကို တွေ့ရှိကယ်ဆယ်ထားနိုင်ခဲ့သည့် နယူးဇီလန် လေတပ် လေယာဉ်သည်လည်း ယခုအခါ ရှာဖွေရေးလုပ်ငန်းများကို ပြန်လည်လုပ်ဆောင်နေပြီဖြစ်သည်။

 ၎င်းအသက်ရှင်လျက် တွေ့ရှိရသူ ခုနစ်ဦးမှာ အမျိုးသား သုံးဦး၊ အမျိုးသမီး သုံးဦးနှင့် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးတို့ ဖြစ်ပြီး ၎င်းတို့အုပ်စုသည် ရော်ဘာလှေတစ်စင်းဖြင့် မျောပါနေခဲ့ပြီးမှ ယခုကဲ့သို့ တွေ့ရှိကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ နစ်မြုပ်ပျောက်ဆုံးသွားသည့် ကူးတို့ရေယာဉ်မှာ ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်ကစပြီး  ပစိဖိတ်သမုဒ္ဒရာ ကျွန်းနိုင်ငံတစ်ခုဖြစ်သည့် ခီရီဘာတီမှ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ရေယာဉ်မှ ထွက်ခွာသွားပြီးနောက် အဆက်အသွယ်မရတော့၍ အဆိုပါကျွန်းနိုင်ငံက တာဝန်ရှိသူများက အရေးပေါ်အကူအညီ တောင်းခံခဲ့ကြရသည်။

လူပေါင်း ၅၀ အနက် ယခုလက်ရှိအချိန်ထိ ခုနစ်ဦးကိုသာ ပြန်လည်ရှာတွေ့ထားသေးသော်လည်း နောက်ထပ် အသက်ကယ် လှေတစ်စင်းဖြင့် မျောပါနေမည့် အသက်ရှင်ကျန်ရစ်သူများ ရှိနေဦးလိမ့်မည်ဟု ကယ်ဆယ်ရေးအဖွဲ့များက ယုံကြည်နေလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required