NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

ပြင်ဦးလွင်မှ ကျေးလက်စတိုင်ခြံကလေးနှင့်. . .

.

တချို့ကလည်း လမ်းကြောင်းမသင့်လို့ တချို့ကလည်း အချိန်မရလို့ ပြင်ဦးလွင်ရောက်ပြီး မြိုင်တွေရှိတာ သိလျက်နဲ့  မသွားဖြစ်မရောက်ဖြစ်တဲ့ မြိုင်တစ်မြိုင်ကို ကျွန်တော်တို့ ရောက်ခဲ့တဲ့အကြောင်းလေးကို မဇ္ဈိမပရိသတ်ကို သုတပွားပါရစေ။ ပြင်ဦးလွင်မှာ မြိုင် (၇) မြိုင်ရှိတယ်လို့သိရပြီး၊ ကျွန်တော်တို့က တော့ အဲဒီအထဲက နန်းမြိုင်ဆိုတဲ့ မြိုင်တစ်မြိုင်ကို ရောက်ခဲ့ပါတယ်။ မြိုင်ဆိုတာ တောတန်းကလေး လို့ ခပ်လှလှလေး ဘာသာပြန်ကြည့်လိုက်ပါ့မယ်။ ပြင်ဦးလွင်က မြိုင်တွေကတော့ ခြံဝန်းကျယ်ကျယ် ကြီး တွေထဲမှာ သဘာဝတောတောင်တွေ တောင်ကုန်းလေးတွေ၊ သစ်ပင်ပန်းမန်တွေနဲ့ ဖန်တီးထား တာ ပဲဖြစ်ပါတယ်။ အဲဒီခြံထဲမှာ နေချင့်စဖွယ် ဥရောပပုံစံအိမ်ကြီးကြီးနဲ့ အိမ်ကလေးတွေကို သင့်တော် တဲ့နေရာမှာ ဆောက်လုပ် ထားပြီး ဟိုတယ်ပုံစံဖွင့်ထားတဲ့ ဥယျာဉ်ခြံကြီးပဲဖြစ်ပါတယ်။ ကျွန်တော်တို့ တည်းခိုတဲ့ အိမ်ကြီးကတော့ အဖြူရောင် ဘန်ဂလိုကလေးတွေကြားထဲမှာ အဖြူရောင်ထီးထီးကြီးဖြစ်ပြီး ခြံထဲမှာ ပန်းအရာင်မျိုးစုံနဲ့ လှပ ထယ်ဝါလို့နေပါတယ်။ တခြားမြိုင် တွေမှာတော့ တချို့အနီရောင် အိမ်ကြီးတွေလို့သိရပါတယ်။ အဖြူ ရောင်ခြံကြီးတွေနဲ့ အနီရောင်ခြံကြီးတွေလို့ပဲ အရပ်စကားအရ ပြောရင် အလွယ်တကူသိမြင်နိုင်ပါတယ်။

အအေးဓာတ်ကို ခံနိုင်တယ်ဆိုရင်တော့ ဟိုဘက်ကမျက်ခင်းပြင်လေးတွေမှာ ထိုင်ပြီးတော့ စကားတွေ ပြောလို့ရတယ်။ သီချင်းတွေလည်း ဆိုလို့ရပါတယ်။ အေးတာကတော့ တော်တော်ကိုအေးပါတယ်။ ဒီလို ရှုခင်းနဲ့ရာသီဥတုမျိုး ကျွန်တော်တို့ ရန်ကုန်မှာတော့ မရှိပါဘူး။ ရသီဥတုကလည်း ကြည့်လိုက် ရင် အုံ့ဆိုင်း ပြီးတော့ အပင်တွေမှာ နှင်းရည်လေးတွေ စုနေတာကလည်း ကြည့်ရတာ ရန်ကုန်သား တွေအဖို့ အသစ် အဆန်းတွေနဲ့ ကိုရီးယားရုပ်ရှင်ကားထဲကလိုလို့ ပြောရင်ပိုမှန်ပါလိမ့်မယ်။

 ကျွန်တော်တို့တည်းခိုရာ နန်းမြိုင်ခြံကြီးကနေ ဒီနေ့ဦးဆုံးသွားမယ့်နေရကတော့YGW ခြံ လို့ခေါ်တဲ့ လူငယ်မျိုးဆက်သစ်တွေရဲ့ ပရဟိတလုပ်ငန်းတွေ လုပ်တဲ့ခြံကြီးဆီကိုပဲဖြစ်ပါတယ်။ အဒီခြံကိုတော့ ပြင်ဦးလွင်ကနေလားရှိုးဘက်ကို ၁၀ မိုင်လောက် ကားစီးလာရင်ရောက်ပါတယ်။ ပြင်ဦးလွင်ကနေ တော့ နဲနဲအလှမ်းဝေးတယ်လို့ပြေရမလားပါပဲ။ အလှမ်းဝေးပေမယ့်လည်း ခရီးသွားတွေကတော့ ၀င်လိုက်ထွက်လိုက် သွားလာနေကြတာကိုလည်း တွေ့နေရပါတယ်။

ကျွန်တော်တို့ ခြံထဲကိုဝင်လိုက်တယ်ဆိုရင်ပဲ မျက်စိကိုဝေ့ကြည့်လိုက်တဲ့အခါ ခြံကြီးဟာတော်တော် လေးကျယ်ဝန်းပြီး စိမ်းလန်းစိုပြေသစ်ပင်တွေ ပန်းပင်တွေနဲ့ မြင်ခဲ့ရတဲ့အရင်ခြံတွေလိုပဲ မျက်စိပဿဒ ကို ဖြစ်စေပါတယ်။ YGW ခြံရဲ့ တာဝန်ခံဖြစ်တဲ့ ခြံရဲ့မန်နေဂျာလည်းဖြစ်တဲ့ ဦးလှမြတ်ဝန်းစံ ကို ဒီခြံနဲ့ ပတ်သက်တာတွေကိုမေးဖြစ်ခဲ့ပါတယ်။ YGW ရဲ့အရှည်ကတော့ Yellow Generation Wave အ၀ါရောင်မျိုးဆက်သစ်ဖြစ်ကြောင်း၊ မိဘမဲ့ကလေးတွေအတွက် ဒီခြံကြီးကို ရင်းနှီးမြှုပ်နှံထားပြီး ရလာ တဲ့ငွေတွေကို သူတို့အတွက်ရံပုံငွေရှာတာဖြစ်ပြီး ရေရှည်စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ ရရှိလာတဲ့ငွေတွေ ကိုလည်း ထိထိရောက်ရောက် အကျိုးရှိရှိအသုံးပြုသွားမှာဖြစ်ကြောင်း၊ ကလေးတွေအတွက် အဓိက ထားဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောပြပါတယ်။ ခြံကြီးကိုလွှမ်းခြုံကြည့်လိုက်ရင် တစ်ခြံလုံး Country Style ကျေးလက်ဟန်ပန် အမေရိကန်အလံတွေ နဲ့ တန်ဆာဆင်ထားဖန်တီးပါတယ် ။ တာဝန်ခံ မန်နေဂျာက တစ်ခြံလုံးကို Rock n' Country ဒီဇိုင်းဖန်တီးထားတာလို့လည်းပြောပါတယ် ။ သူက တာဝန်ခံမန်နေဂျာတာဝန်ကိုယူထားပြီး လစာလုံးဝမယူဘဲ ပရဟိတသက်သက်လုပ်တာဖြစ်ကြောင်း ပြောလို့ သူ့ပရဟိတစိတ်ကိုလည်း ကျွန်တော်တို့ ခံစားသိရှိရလိုက်ပါတယ် ။

Country Style ကိုနှစ်သက်တဲ့သူတွေ ၊ country သီချင်းကြိုက်တဲ့သူတွေ ၊ Rocker တွေကတော့ ဒီခြံထဲကိုဝင်မိရင်တော့ ဓာတ်ပုံမရိုက်ဘဲကို မနေနိုင်တော့တာလည်း သတိထားမိလိုက်ပါတယ် ။ ပန်းပင်တွေ အများကြီး စိုက်ထားတာလည်းလှပစွာ တွေ့ရပါသေးတယ်။ အလှူတွေ ၊ မင်္ဂလာဆောင် တွေ အနေနဲ့လည်း လာပြီးတော့ ဒီအထဲမှာ အခမ်းအနားလေးတွေ လုပ်မယ်ဆိုလို့ရှိရင်လည်း စတိတ်စင်လေးကိုလည်းဆောက်ပေးထားတာတွေ့ရပါတယ်။ လေးဘက်လေးလံမှာလည်း အလှ မီးတွေ ထွန်းထားလို့ရပါတယ်။ မီးဒုတ်ကြီးတွေကိုလည်းတွေ့ရပါတယ် ။  ညဘက်ဆိုရင်တော့ တော်တော်လေးကိုလှမှာပဲဖြစ်ပါတယ်။ အမေရိကန်ရုပ်ရှင်တွေထဲက Taxas ပြည်နယ် ကိုတောင်သတိ ရလိုက်ပါသေးတယ် ။လှည်းဘီးကြီးတွေကိုလည်း ချိတ်ဆွဲထားလို့ ကောင်းဘွိုင်ရုပ်ရှင်တွေကိုလည်း သတိရစေပါတယ် ။ Rock crazy တွေအတွက်က တော့ အရမ်းကိုလိုက်ဖက်တဲ့နေရာတစ်ခုဆိုရင် မမှားဘူးလို့ပြောရမှာပဲဖြစ်ပါတယ်၊ ဘန်ဂလိုလေးတစ်ခုရဲ့ အ၀င်ဝ အပေါ်မှာအမြတ်တနိုးရေးထားတဲ့ Never Say That Rock Is Dead ကိုတွေ့ရလို့ အဆိုတော် ဇော်ဝင်းထွဋ် နဲ့ အဆိုတော် စိုးပိုင်တို့ ကိုတောင် သတိ ရလိုက်ပါသေးတယ်။ အဆောက်အဦတွေနဲ့ စားသောက်ဆိုင်တွေကို ဘန်ဂလိုပုံစံ တွေဆောက်ထားပြီး အမေရိကန်နိုင်ငံက လူနီလူရိုင်းတွေရဲ့ ယဉ်ကျေးမှုပုံသဏ္ဍာန်ကိုလည်း ဖန်တီးထားတာ တွေ့ရ ပါတယ်။ လမ်းတစ်လျောက်မှာ graffiti ပုံတွေ ၊ လူနီလူရိုင်းပုံတွေ ၊ စိမ်းစိမ်း လန်းလန်းစိုက်ခင်းတွေနဲ့ အဆောက်အဦတစ်ခုကိုတော့ ပြတိုက်ကလေးလုပ်ထားပါတယ် ။ ပြတိုက်ထဲ မှာတော့ ရှေးဟောင်းပစ္စည်းတွေ ၊ ရုပ်တုတွေကို ပြထားတာတွေ့ရပါတယ်။ တစ်နေရာမှာတော့ ကျွန်တော်တို့တွေ့လိုက်တဲ့ ကိုယ်တစ်ပိုင်းပြတ် ရုပ်တုတွေကိုမြင်လိုက်ရတော့ ကြက်သီးမွေးညှင်း ထပြီး ၀မ်းသာသွားပါတော့တယ်။ အဲဒီရုပ်တုကတော့ မြန်မာ့ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူရုပ်တုတွေဖြစ်နေလို့ပါပဲ ။ပြတိုက်ထဲမှာတော့ ပစ္စည်းတွေ အတော်စုံလင်လှပြီး အမျိုးအစား (၇၀၀) ထက်မနဲရှိပါတယ်။ တစ်ခြံလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင်တော့ အမေရိကန်နိုင်ငံ အရီဇိုးနား ပြည်နယ်နှင့် တက္ကဆက်ပြည်နယ်ရဲ့ ကျေးရွာပုံစံအငွေ့အသက်တွေချည်းပဲဖြစ်လို့ အမေရိကန်ပြည်အထိ သွားစရာမလိုတော့ဘဲ ပြင်ဦးလွင်မှတင် ခံစားပျော်မွေ့လို့ရနေပါတော့တယ် ။      ။