ဂျော်ဒန်ရှိ ဆီးရီးယားဒုက္ခသည်စခန်းသို့ သွားရောက်လည်ပတ်ခဲ့သည့် အန်ဂျလီနာဂျိုလီ

ဂျော်ဒန်ရှိ ဆီးရီးယားဒုက္ခသည်စခန်းသို့ သွားရောက်လည်ပတ်ခဲ့သည့် အန်ဂျလီနာဂျိုလီ

ဇာတာရီဒုက္ခသည်စခန်း၊ ဂျော်ဒန်၊ ဇန်နဝါရီ ၂၉ ။             ။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး၏ အထူးသံတမန်ဖြစ်သော ဟောလိဝုဒ်မင်းသမီးကြီး အန်ဂျလီနာဂျိုလီသည် ဂျော်ဒန်နိုင်ငံရှိ ဆီးရီးယားဒုက္ခသည်စခန်းသို့ တနင်္ဂနွေနေ့က သွားရောက်လည်ပတ်ခဲ့ပြီး ဆီးရီးယားနိုင်ငံအတွင်းရှိ ပဋိပက္ခများကို နိုင်ငံရေးအရ ဖြေရှင်းသွားကြရန် မေတ္တာရပ်ခံခဲ့သည်။

ဆီးရီးယားနိုင်ငံ၌ ပဋိပက္ခများပေါ်ပေါက်လာသည့်အချိန်မှစ၍ ဂျိုလီသည် ယင်းဒုက္ခသည်စခန်းသို့ အကြိမ်ကြိမ် သွားရောက်အားပေးခဲ့ပြီး ယခုအကြိမ်နှင့်ဆိုလျှင် ငါးကြိမ်ခန့်ရှိပြီဖြစ်သည်။

လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများသည် ဒုက္ခသည်ပဋိပက္ခအတွက် ရေရှည်ဖြေရှင်းနိုင်မည့် ဖြေရှင်းချက် မျိုးမဟုတ်ပဲ နိုင်ငံအရေးအရဖြေရှင်းနည်းကသာ အလားအလာရှိသည့် နည်းလမ်းမှန်တစ်ခုဖြစ်ကြောင်း သူမက ပြောဆိုခဲ့သည်။

ဆီးရီးယားနိုင်ငံအတွင်း၌ ပဋိပက္ခများဖြစ်ပေါ်လာသည့်အချိန်မှစ၍ ဂျော်ဒန်နိုင်ငံသည် ဆီးရီးယားဒုက္ခသည် ထောင်ပေါင်းများစွာကို လက်ခံထားရှိခဲ့သည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလတုန်းက ဂျော်ဒန်နိုင်ငံသည် ဆီးရီးယားဒုက္ခသည် ၆၅၅၀၀၀ ခန့်ကို လက်ခံထားခဲ့ပြီး အများစုမှာ ဂျော်ဒန်မြို့ကြီးများနှင့် မြို့ငယ်များတွင် နေထိုင်လျက်ရှိသည်။

ဂျိုလီသည် ဆီးရီးယားနိုင်ငံ၏ ပဋိပက္ခကို လူ့အခွင့်အရေးနှင့်ကိုက်ညီသော နည်းလမ်းများဖြင့် ဖြေရှင်းသွားကြ ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကို မေတ္တာရပ်ခံခဲ့သည်။

ဇာတာရီဒုက္ခသည်စခန်းသည် ဂျော်ဒန်နိုင်ငံမြို့တော် အာမာန်မြို့မှ ၄၂ မိုင်ခန့်ကွာဝေးသောအရပ်၌တည်ရှိပြီ ဆီးရီးယားဒုက္ခသည်ပေါင်း ၈၀၀၀၀ ခန့် နေထိုင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required