အူဘာမီယန်းကိုပေါင်သန်း ၆၀ ဖြင့် အာဆင်နယ် ခေါ်ယူနိုင်ရန်နီးစပ်နေ

အူဘာမီယန်းကိုပေါင်သန်း ၆၀ ဖြင့် အာဆင်နယ် ခေါ်ယူနိုင်ရန်နီးစပ်နေ

 

ဇန်နဝါရီ ၂၉၊ လန်ဒန်။         ။ အာဆင်နယ်အသင်းသည် ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းကို ပေါင်သန်း ၆၀ ဖြင့်ခေါ်ယူနိုင်ရန် ဒေါ့မွန်အသင်းနှင့် သဘောတူညီမှုရရှိရန်နီးစပ်နေပြီဖြစ်သည်။

သို့သော်လည်း ဒေါ့မွန်အသင်းက အစားထိုးတိုက်စစ်မှူးတစ်ဦးမရသေးမချင်း အပြောင်းအရွှေ့မှာကြန့်ကြာနေဖွယ်ရှိသည်။ အူဘာမီယန်းအတွက် အာဆင်နယ်၏ကမ်းလှမ်းမှုနှစ်ကြိမ်ကို ဒေါ့မွန်ကပယ်ချထားသည်။

အသက် ၂၈ နှစ်အရွယ်တိုက်စစ်မှူးမှာ ဒေါ့မွန်အတွက် ဒီဇင်ဘာ ၁၆ နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ် စနေနေ့က ဖရိုင်းဘတ်နှင့်သရေကျသည့်ပွဲတွင် ပါဝင်ကစားခွင့်ရထားသည်။

လိုချင်သည့်ဈေးနှုန်းရလျှင် ယင်းကစားသမားကိုရောင်းချမည်ဟု ဒေါ့မွန်အသင်းကကြေညာထားသည်။ အသင်းအနေဖြင့် ဗုဒ္ဓဟူးနေ့ အာဆင်နယ်အသင်း၏ ယူရို သန်း ၅၀ ဖြင့်ကမ်းလှမ်းမှုကို ပယ်ချထားသည်။

အူဘာမီယန်းသည် လွန်ခဲ့သည့်နှစ်ပတ်က အသင်းအစည်းအဝေးကိုပျက်ကွက်ခဲ့၍ ဝုဖ်ဘတ်နှင့်ပွဲချန်လှပ်ခံရပြီး ပြီးခဲ့သည့် တစ်ပတ်ကလည်း အာရုံစူးစိုက်မှုမရှိ၍ဟု အသင်းတာဝန်ရှိသူများကယူဆသဖြင့် ဟာသာဘာလင်နှင့်ပွဲလူစာရင်းမှ ချန်လှပ်ခံခဲ့ရ ကာ ဖရိုင်းဘတ်နှင့်သရေကျသည့်ပွဲတွင်မှ မိနစ် ၉၀ ပြည့်ပါဝင်ကစားခွင့်ရခဲ့သည်။

“သတ်မှတ်ထားတဲ့အတိုင်းအပြည့်အဝဖြစ်လာရင်တော့ အပြောင်းအရွှေ့ဖြစ်လာမှာပါ။ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က ရှင်းပါတယ်။ အာဆင်နယ်အသင်းဘက်က အကြိမ်ကြိမ်ကြိုးစားနေပေမယ့် လက်ရှိအချိန်ထိတော့ ငြင်းထားပါတယ်”ဟု ဒေါ့မွန်အားကစားဒါရိုက်တာ မိုက်ကယ်ဇော့က ဂျာမန်တီဗီသို့ပြောသည်။

အာဆင်နယ်အသင်းသည် ယခုလအစောပိုင်းတွင် မစ်ခီတာယန်နှင့်ကစားသမားတိုက်ရိုက်လဲလှယ်စနစ်ဖြင့် မန်ယူနိုက်တက်သို့ ပြောင်းသွားသည့် ဆန်းချက်ဇ်နေရာတွင် အူဘာမီယန်းနှင့် အစားထိုးလိုနေခြင်းဖြစ်သည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required