ငြိမ်းချမ်းရေးညီလာခံထောက်ခံပွဲတွင် ဦးမင်းကိုနိုင်ပြောဆိုချက်နှင့် ပြကွက်တစ်ချို့ကို တပ်မတော်ကန့်ကွက်

ငြိမ်းချမ်းရေးညီလာခံထောက်ခံပွဲတွင် ဦးမင်းကိုနိုင်ပြောဆိုချက်နှင့် ပြကွက်တစ်ချို့ကို တပ်မတော်ကန့်ကွက်
ဓာတ်ပုံ - သူရ/ မဇ္ဈိမ

 

ရန်ကုန် ၊ ဇန်နဝါရီ ၂၉ ။              ။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ကြိုဆိုထောက်ခံပွဲ၌ ကျင်းပရေးလုပ်ငန်းကော်မတီဝင် ဦးမင်းကိုနိုင် ပြောဆိုခဲ့သည့်   ပြောဆိုချက်များနှင့်   ပြကွက်တစ်ချို့အား ကန့်ကွက်သည်ဟု တပ်မတော်မှ ယမန်နေ့ဇန်နဝါရီ ၂၈ ရက်နေ့ ညနေပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ပင်လုံ ကြိုဆိုထောက်ခံပွဲကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏ လူငယ်လေ့ကျင့်ရေးစခန်းတွင် ပြုလုပ်ခဲ့ပြီး  ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) ကဦးစီးကျင်းပခဲ့ခြင်းဖြစ်သည်။

ယင်းပွဲတွင် ဦးမင်းကိုနိုင်မှ "လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှာ ကလေးစစ်သားများ အဖြစ်တွေ့မြင်နေရခြင်းကြောင့် အဲဒီကလေး စစ်သားများက တက္ကသိုလ်တွင် ဆုံကြမည့် အရွယ်များဖြစ်နေကြောင်း"ပြောဆိုခဲ့ပြီး ယင်းပြောဆိုချက်သည် တပ်မတော်က ကလေးသူငယ်များ စစ်မှုထမ်းဆောင်ခြင်းမှ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်များ ကြိုးပမ်း ဆောင်ရွက်နေမှုများအပေါ် လစ်လျူရှုရာ ရောက်သည်ဟု တပ်မတော်က ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယင်းအပြင် ငြိမ်းချမ်းရေးသရုပ်ဖော်အစီအစဉ်၌  စစ်စိမ်းရောင်ယူနီဖောင်းဝတ်ဆင်ထားသူများမှ ကလေးသူငယ်များကို သေနတ်ချိန်ရွယ်ထားသည့် ပြကွက်ကို ဖန်တီးသရုပ်ဖော်ထားခြင်းနှင့် ပါတ်သက်ပြီး တပ်မတော်အနေဖြင့် ပြည်သူလူထုအပေါ် လက်နက်နှင့် ခြိမ်းခြောက် အနိုင်ကျင့်ခြင်း၊ အထိတ်တလန့် ဖြစ်စေခြင်းစသည့်လုပ်ရပ်များကို လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း တပ်မတော်ဘက်မှ ပြန်လည်ပြောဆိုထားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံအား ကြိုဆိုထောက်ခံပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် အစီအစဉ်များသည်  အပြုသဘောဆောင်သည့် ဖျော်ဖြေမှုများ ဖြစ်သော်လည်း အစီအစဉ်တစ်ချို့တွင် ပါဝင်သည့် ပြကွက်များသည် ထာဝရငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းမှုများကို ထိခိုက်စေပြီး ဦးမင်းကိုနိုင်၏ ပြောဆိုချက်သည် ကလေးစစ်သားသုံးစွဲမှုနှင့် ပတ်သက်ပြီး မသိနားမလည်ဘဲ ပြောခဲ့ခြင်းဖြစ်သောကြောင့် တပ်မတော်အနေဖြင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချသည်ဟု ကြေညာချက်ထဲတွင်ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly