မီးရောင် ခပ်မှိန်မှိန် အောက်မှာ မွှေးပျံ့တဲ့ အရသာတွေနဲ့ အတူ ရှိနေသည့် MO JO

မီးရောင် ခပ်မှိန်မှိန် အောက်မှာ မွှေးပျံ့တဲ့ အရသာတွေနဲ့ အတူ ရှိနေသည့် MO JO

အခုလို ရာသီဥတု ပူပြင်းချိန်မှာ ညဘက် အပြင် ထွက်ပြီး သူငယ်ချင်း မိတ်ဆွေ များဖြင့် ရန်ကုန်မြို့တွင်း လည်ပတ်တာ ဖြစ်ဖြစ် ဆိုင်တစ်ခုခုမှာ အပန်းဖြေ အနားယူရင်း စကားပြောဆိုဖို့ အကောင်းဆုံးပါပဲ။ ရာသီဥတု ပူးပြင်းသည့် အတွက် ညဘက် အပြင်ထွက်ခြင်းက လူကိုလည်း လန်းဆန်း စေမှာပါ။

ညဘက်မှာ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းနဲ့ အပန်းဖြေ အနားယူဖို့ အပြင် သံစဉ် ခပ်မြူးမြူးလေး နဲ့ စိတ်လန်းဆန်းသွားမယ့် ဆိုင်လေး တစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဆိုင်လေးရဲ့ နာမည် ကတော့ MO JO လို့ခေါ်ပြီး ဓမ္မစေတီလမ်း နှင့် အင်းလျားလမ်းထောင့်မှာ တည်ရှိပါတယ်။

MO JO ဆိုင်လေးကို ၂၀၁၁ ခုနှစ် နိုဝင်ဘာမှာ စတင် ဖွင့်လှစ်ခဲ့ပြီး အခုဆိုရင် ၅နှစ် သက်တမ်း ရှိပြီ ဖြစ်ပါ တယ်။ အထပ် ၂ထပ် ရှိပြီး မလင်းမမှိန် မီးဆိုင်းများ ထွန်းထားဆိုင်ထဲကို ဝင်လိုက်ချိန် ဆိုင်ဝန်ထမ်း တစ်ဦးက မင်္ဂလာပါလို့ နှုတ်ဆက်ပါတယ်။ ဆိုင်လေးက အပြင်ဘက်က ကြည့်ရင် ကျဉ်းတယ် ထင်ရပေမယ့် သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ပါတီ ကျင်းပချင်တယ်ဆိုရင် လူ အယောက် ၅၀၊ ၁၀၀ကျော် ဆန့်တယ်လို့လည်း သိရပါတယ်။

သစ်သား စားပွဲဝိုင်းနဲ့ သက်တောင့်သက်သာ ဖြစ်စေမယ့် ဆိုဖာတွေနဲ့ တွဲဖက်ကာ ဖွဲ့စည်းထားသလို အောက်ထပ်မှာ ဘားကောင်တာ ရှိပြီး အပေါ်ထပ်မှာတော့ ဘား ကောင်တာအပြင် လာရောက် စားသုံးသူများ အတွက် တီးခတ် ဖျော်ဖြေပေးတဲ့ တီးဝိုင်းလည်း ရှိပါတယ်။ ခုံပုလေးတွေမှာ မထိုင်ချင်ရင်လည်း သူငယ်ချင်းတွေနဲ့ Bar ကောင်တာမှာ ထိုင်ပြီး သုံးဆောင်လို့ ရပါတယ်။

ဒီဆိုင်လေးရဲ့ အားသာချက်ကတော့ ဝိုင် အမျိုးအစား စုံလင်စွာ ရှိသလို ဂျပန်စတိုင် မြန်မာလို အခေါ် (ဆာတေး) ဂျပန် အခေါ် Yakitori ကိုလည်း အမျိုးအစား စုံလင်စွာ ရရှိပြီး ကိုရီးယား အစားအစာ ကြိုက်နှစ် သက်သူတွေ အတွက်လည်း ကိုရီးယား အစားအစာလည်း ရရှိပါတယ်။

အမျိုးအစား စုံလင်တဲ့ ဝိုင်မျိုးစုံ ရှိသလို ရှမ်းပြည်နယ်က ထွက်ရှိတဲ့ ဝိုင်အဖြူပါ ထည့်သွင်း ရောင်းချတာကို ဆိုင်ရဲ့ Menu မှာ တွေ့မြင်ခဲ့ရပါတယ်။ Cocktails မျိုးစုံ ၊ ဘီယာ ၊ ဝီစကီ အမျိုးအစား စုံလင်စွာ ရရှိပြီး ထိုအရာတွေကို မသုံးဆောင်ဘဲ ကော်ဖီသောက်ပြီး အပန်းဖြေချင်တယ် ဆိုရင်လည်း ကော်ဖီ၊ လက်ဘက်ရည် ရရှိပြန်ပါတယ်။

ဒီဆိုင်လေးမှာ ရရှိနိုင်တဲ့ အစားအသောက် များစွာထဲကမှ အစားအစာ ၂မျိုး နဲ့ မိတ်ဆက် ပေးချင်ပါတယ်။ တမျိုးက Beef Luc Lac လို့ အမည် ပေးထားတဲ့ အမဲသား (မိုးခိုသား)ကို အရသာ ရှိစွာ ပြုလုပ် ထားပုံကို အရင်ဆုံး ပြောပြချင်ပါတယ်။ ပထမဦးစွာ ကြက်သွန် အဖြူအနီ ဆီမသတ်ခင်မှာ အမဲသားကို ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်း၊ abc ဆော့စ်၊ ခရုဆီတို့နဲ့ နှပ်ထားပြီး ကြက်သွန် အဖြူအနီ ဆီထားသည့် အထဲကို ထို အမဲသား ထည့်လိုက်သလို ထောပတ်ကိုလည်း အရည်ဖျော်ပြီး ထည့်ထားတာကြောင့် စားသုံးတဲ့ သူအဖို့ အမဲသား (မိုးခိုသား)ရဲ့ နူးအိအိ အရသာရော abc ဆော့စ်ရဲ့ အနံ့ ထောပတ်ရဲ့ မွှေးပျံ့တဲ့ အရသာကို ရရှိ စေမှာပါ။ စားသုံးသူ အရသာ မအီဖို့ အတွက် ခရမ်းချဉ်သီး အတုံးသေးသေးလေးတွေ ပါဝင် တာကြောင့် ချဉ်ပြုံးပြုံး အရသာကိုလည်း ရရှိ စေပါတယ်။ ဟင်းလျာ နဲ့ တွဲဖက် ပြီး စားသုံးဖို့ အတွက် ခပ်ပျော့ပျော့ အာလူး ချောင်း တွေနဲ့ အလှဆင် ပေးထားပါတယ်။

MO JO ရဲ့ နောက်ထပ် ထူးခြားချက် တစ်ခုကတော့ ဟင်းပွဲတွေကို အချိုမှုန့် အသုံးပြုခြင်း မရှိသလို ဆီကိုလည်း နည်းနည်းပဲ အသုံးပြုထားတာ တွေ့ရပါတယ်။နောက် တစ်မျိုးကတော့ ဂျပန် အစားအစာ တစ်ခုဖြစ်တဲ့ အမျိုးအစား ၆မျိုး ပါဝင်သည့် Yakitori Platter ပဲ ဖြစ်ပါတယ်။ Yakitori Platter ထဲမှာ တုတ်ကလေးတွေနဲ့ ထိုးထားတဲ့  ကြက်သား ရဲ့ အရေခွံ၊ တောင်ပံ ၊ အသဲအမြစ် ၊ ဝက်သားလုံး တို့ တစ်ချောင်းချင်းစီ ပါဝင် ပါတယ်။

ထိုအရာ တစ်ချောင်းချင်းစီကို ကင်စက်ပေါ်မှာ ကင်ပြီး တာနှင့် Taray ဆိုတဲ့ ဆော့စ်ထဲ နှစ်ပေးထားတာကြောင့် စားသုံးသူ အဖို့ Cocktails၊ ဝိုင်၊ ဘီယာ တို့နှင့် တွဲဖက် စားသုံးလို့ကောင်း မှာသေချာ ပါတယ်။ တစ်ခုချင်းစီမှာ မတူညီတဲ့ အရသာတွေကို ရရှိ ခံစားစေမှာပါ။

တချို့က ဆိုင်တစ်ဆိုင် မြင်လိုက်ပြီ ဆိုတာနှင့် ဈေးကြီးမှာကို စိုးရိမ် တတ်ကြ ပါတယ်။ MO JO ကတော့ ဈေးနှုန်း နည်းနည်းဖြင့်လည်း စားသုံးနိုင်ပြီး အရသာ ရှိရှိ သောက်သုံးချင်တဲ့ သူတွေ အတွက် လည်းနိုင်ငံအလိုက် ဝိုင်များကို ရွေးချယ်လို့ ရပါတယ်။

MO JO ဆိုင်တွင် အမျိုးအစား စုံလင်တဲ့ ဝိုင်များရှိသလို Bar သီးသန့်၊ Restaurant သီးသန့် သက်သက် သွားစရာ မလိုဘဲ တစ်နေရာထဲမှာ ရရှိခံစားနိုင်မှာပါ။ ပါတီ ကျင်းပချင်တာပဲဖြစ်ဖြစ် မွေးနေ့ပွဲကျင်းပချင်ရင် ဖြစ်ဖြစ် MO JO မှာ ပြုလုပ်လို့ရပါတယ်။ ကလေးငယ်များရဲ့ မွေးနေ့ပွဲ ကျင်းပချင်ရင်လည်း MO JO က ဆောင်ရွက်ပေးတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags