ကာဒစ်ဖ်နဲ့ပွဲမှာ ဆာနေး ဒဏ်ရရှိခဲ့ပြီးနောက် ကစားသမားများအား ‘အကာအကွယ်ပေးကြရန်’ ဒိုင်လူကြီးများကို ဂွာဒီယိုလာ တိုက်တွန်း

ကာဒစ်ဖ်နဲ့ပွဲမှာ ဆာနေး ဒဏ်ရရှိခဲ့ပြီးနောက် ကစားသမားများအား ‘အကာအကွယ်ပေးကြရန်’ ဒိုင်လူကြီးများကို ဂွာဒီယိုလာ တိုက်တွန်း

မန်ချက်စတာစီးတီး နည်းပြ ဂွာဒီယိုလာက ကာဒစ်ဖ်စီးတီးကို အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလားပြိုင်ပွဲမှာ အသင်းရဲ့ တောင်ပံကစားသမား ဆာနေး ဒဏ်ရာရရှိခဲ့ပြီးနောက် ကစားသမားများအား “အကာအကွယ်ပေးကြရန်” ဒိုင်လူကြီးများကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။

မန်စီးတီးအသင်းဟာ ဒီဘရိုင်းနဲ့ စတာလင်တို့ရဲ့ သွင်းဂိုးတွေနဲ့ ချန်ပီယံရှစ်ကလပ် ကာဒစ်ဖ်အသင်းကို ၂-၀ ဂိုး ရလဒ်ဖြင့် အနိုင်ရခဲ့ပြီး အက်ဖ်အေဖလား နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ကာဒစ်ဖ်အသင်းရဲ့ ကစားသမား ဘန်းဒ်နတ်ရဲ့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုကြောင့် ဆာနေးဟာ တစ်လနဲ့အထက် အနားယူရဖွယ်ရှိတယ်လို့ ဂွာဒီယိုလာက အတည်ပြုပြောကြားခဲ့ပါတယ်။

“ယေဘုယျအားဖြင့် ဘောလုံးအားကစားမှာ ကစားသမားတွေဟာ အနုပညာရှင်တွေဖြစ်ကြပါတယ်။ တစ်ခုတည်းသော နည်းလမ်းက ကျနော်တို့ သူတို့ကို အကာအကွယ်ပေးဖို့ပဲဖြစ်ပါတယ်။”လို့ နည်းပြ ဂွာဒီယိုလာက ပြောပါတယ်။

“ကျနော်ရဲ့ ကစားသမားတွေပဲမဟုတ်ပါဘူး … ကစားသမားအားလုံးကို ဒိုင်လူကြီးတွေက ကာကွယ်ပေးဖို့ ဖြစ်ပါတယ်။ ဆာနေးဟာ အချိန်ခဏတော့ အနားယူရပါလိမ့်မယ်။ နှစ်ပတ်၊ သုံးပတ် ဒါမှမဟုတ် တစ်လလည်းဖြစ်နိုင်ပါတယ်။ ဒါကို မနက်ဖြန် ကျနော်တို့ စောင့်ကြည့်ရပါလိမ့်မယ်။ ဒဏ်ရာကတော့ ခြေကျင်းဝတ်မှာဖြစ်ပါတယ်။”လို့ သူက ပြောပါတယ်။

အဆိုပါဘောလုံးဖျက်ထုတ်မှုကျူးလွန်ခဲ့အပြီး မကြာခင်မှာပဲ ဂျာမနီ ဘောလုံးအဖွဲ့ချုပ်ကလည်း နွေရာသီမှာ ပြိုင်ပွဲတွေရှိတာကြောင့် သူတို့ရဲ့ နိုင်ငံကစားသမားတွေကို ကြမ်းကြမ်းတမ်းတမ်းနဲ့ မကစားစေလိုကြောင်း တွစ်တာမှ တစ်ဆင့် ကာဒစ်ဖ်အသင်းကို အသိပေးခဲ့ပါသေးတယ်။

ဆာနေးဟာ လာမယ့် ဝက်စ်ဘရွန်း၊ ဘန်လေ၊ လက်စတာအသင်းတို့နှင့် ပရီးမီးယားပွဲစဉ်တွေကို လွှဲချော်ဖွယ်ရှိနေပြီး ယခုအခါ စီးတီးရဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့ ဖေဖော်ဝါရီ ၁၃ မှာ အဝေးကွင်းကစားမယ့်  ဘေဆယ်နဲ့ ပွဲကိုပါ လွှဲချော်ဖွယ်ရှိနေပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required