ကိုးထပ်ကြီးဘုရားမှ ဗေဒင်ဆရာက Phyo Wai Win အကောင့်ပိုင်ရှင်ကို ၆၆(ဃ) ဖြင့် အမှုဖွင့်

ကိုးထပ်ကြီးဘုရားမှ ဗေဒင်ဆရာက Phyo Wai Win အကောင့်ပိုင်ရှင်ကို ၆၆(ဃ) ဖြင့် အမှုဖွင့်

ဇန်နဝါရီလ ၂၈ ။         ။ ကိုးထပ်ကြီးဘုရားမှ ဗေဒင်ဆရာ အောင်ချစ်ပိုက ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားသည်မှာ ဟုတ်မှန်ကြောင်း ကိုဖြိုးေ၀၀င်းက ဇန်နဝါရီလ ၂၈ ရက်တွင် မဇ္ဈိမသို့ ပြောသည်။

“ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် ကျုးလွန်ခဲ့သူတစ်ယောက်။ သူ ကျုးလွန်တယ်ဆိုတာကလည်း Facebook မှာ အကောင့်အစစ်နဲ့ သုံးတဲ့ ကြုံဖူးတဲ့အမျိုးသမီးတွေက နောက်ထပ် အမျိုးသမီးတွေ သူတို့လို ဖြစ်မှာ ကြုံမှာစိုးလို့ တရားဝင်ရေးနေပြီ။ အဲဒီလို ရေးတဲ့အထဲမှာ Screen Shot တွေအရ အနုပညာရှင် အမျိုးသမီးတစ်ယောက်ပါ ပါနေတာကို တွေ့ရတယ်။ အခုဆို 7 Day မှာ ဗေဒင်ဆရာရဲ့ လိင်ပိုင်ဆိုင်းရာကျုးလွန်ခံခဲ့ရသူတွေက ပြန်အမှုဖွင့်မယ် ပါလာတယ်။ အဲဒါကို အားပေးပါတယ်။ ကျွန်တော်အမှုဖွင့်ခံရတာထက် တခြားမိန်းမပျိုလေးတွေကို လိင်ပိုင်းဆိုင်ရာ ကျုးလွန်ခံရမှု မရှိတော့ရင် ပိုကောင်းပါတယ်။ ” ဟု Phyo Wai Win အကောင့်ပိုင်ရှင် ကိုဖြိုးေ၀၀င်းက ပြောသည်။

Phyo Wai Win အကောင့်ပိုင်ရှင်ကို စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်း၊ ကိုးထပ်ကြီးဘုရားတွင် ဗေဒင်ဟော ခန်း ဖွင့်ထားသူ ဗေဒင်ဆရာ အောင်ချစ်ပိုက ဇန်နဝါရီလ ၂၇ ရက် နေ့လည်ပိုင်းက ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် စမ်းချောင်း မြို့မရဲစခန်း တွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

" အမှုဖွင့်တာ ဟုတ်တယ်၊ ၁၀ နှစ်ကျော်ပြီ သူ အဲဒီ မှာ ဟောခန်းဖွင့်တာ၊ တီဗီမှာလည်း သူ့ဗေဒင် အစီ အစဉ်တွေ လွှင့်နေတာ၊ Facebook ပေါ်ကဟာ တွေကြောင့် အဲဒါအနှောက်အယှက်ဖြစ်တယ် ပြောတယ်၊ ဂုဏ်သိက္ခာထိခိုက်အောင်ရေးတယ်ဆိုပြီး အမှုဖွင့်တာ နေ့လည်ကပဲ" ဟု စမ်းချောင်းမြို့နယ် ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။

ဇန်နဝါရီလ ၂၅ ရက် ရက်စွဲဖြင့် Phyo Wai Win အကောင့်ပိုင်ရှင် က “ ဗေဒင်ဟောတယ်ဆိုပြီး မိန်းကလေး တွေကို ဟိုကိုင်ဒီကိုင်လုပ်တဲ့ ကိုးထပ်ကြီးဘုရားက အောင်ချစ်ပို ဗေဒင်ခန်းအကြောင်း၊ ဒါမျိုးတွေကျတော့ရော ကြည့်ကောင်းနေသလား ပြည်သူ့ရဲ” ဟု ရေးသားခဲ့ပြီး Screen Shots များကို တင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါပို့စ်အောက်တွင် ဗေဒင်ဆရာနှင့်ပတ်သက်ပြီး လူမှုကွန်ရက်အသုံးပြုသူများက ကွန်းမန့်များ ဝင်ရောက် ရေးသားထားသည်ကို တွေ့ရသည်။

“ ဒီလို သူများသားသမီးကို သူကလိင်ပိုင်းဆိုင်ရာကျုးလွန်ကြောင်းကို Facebook တစ်ခွင်မှာ ဇန်နဝါရီ ၂၃ ရက်ကတည်း ကိုယ်တွေ့ကြုံသူ အမျိုးသမီးတွေက ရေးနေ ပြောနေတဲ့အထဲမှာ ဇန်နဝါရီ ၂၅ ရက်ကျမှ ကိုယ်တိုင်ကြုံဖူးသူတွေရဲ့ Screen Shot နဲ့ ပို့စ်တင်တဲ့ ကျွန်တော့်တစ်ယောက်တည်းကို ဇန်နဝာရီ ၂၇ ရက်မှာ အမှုဖွင့်တယ်ဆိုတာအံ့သြစရာပါ။ နောက်ပြီး ကျွန်တော်တင်တဲ့ ပို့စ်မှာကလည်း ဒီလိုဗေဒင်ပြခန်းမှာ ဒီလိုဖြစ်နေလို့ စုံစမ်းပါဆိုတဲ့ မှုခင်းကြိုတင်ကာကွယ်စေချင်တဲ့ စေတနာနဲ့ပဲ ပြည်သူ့ရဲတပ်ဖွဲ့ကို တိုင်တည်ရေးသားခဲ့တာပါ။ ထပ်ပြောရရင်ဖွင့်တဲ့ ပုဒ်မကလည်း ၆၆(ဃ) ပါ။ ဒီပုဒ်မဟာ မတရားမှု ကျုးလွန်သူတွေကို ကာကွယ်ပေးတဲ့ ပုဒ်မလိုဖြစ်နေတယ်လို့ ကျွန်တော် အကြိမ်ကြိမ်ရေးသားခဲ့ပါတယ်။ အခုတော့ ကိုယ်တွေ့ဖြစ်လာခဲ့ပြီပေါ့” ဟု ဇန်နဝါရီလ ၂၈ ရက် ညနေပိုင်းတွင် မဇ္ဈိမသို့ ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required