ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေး ကျပ်သိန်း ၂၆၃၀ သိန်း ကျော် ထပ်မံလှူဒါန်းထား

ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေး ကျပ်သိန်း ၂၆၃၀ သိန်း ကျော် ထပ်မံလှူဒါန်းထား

ရန်ကုန်၊ ဇန်နဝါရီ ၂၈ ။            ။ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတိရုပ်ရှင်ကို ရိုက်ကူးရန်အတွက် အလှူရှင်များက ငွေကျပ် သိန်း ၂၆၃၀ ကျော် အား ထပ်မံလှူဒါန်းထားကြောင်း ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်း ကော်မတီမှ သိရသည်။

ရန်ကုန်မြို့ကမ္ဘာအေးစေတီလမ်းရှိ ကမ္ဘောဇရိပ်သာ (ချင်းချောင်းနန်းတော်) တွင် ဇန်နဝါရီ ၂၈ ရက်နေ့၌ ပြုလုပ်ခဲ့သည့် " ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတိရုပ် ရှင် ရိုက်ကူးထုတ်လုပ်ရေးရုံးခန်းဖွင့်ပွဲ " တွင် အလှူရှင်များက လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါကော်မတီကသတင်းထုတ်ပြန်သည်။

ဇေကမ္ဘာကုမ္ပဏီလီမိတတ်မှ ကျပ် ၁၀၀၀ သိန်း၊ Ve Ve အချိုရည်မှ ကျပ် ၈၀ သိန်း၊ နယူးဝင်းမေတ္တာ ရုပ်ရှင်ဗီဒီယိုမှ ကျပ် ၅၅ သိန်း၊ အိသစ္စာအထွေထွေ အကျိူးဆောင်လုပ်ငန်းမှ ကျပ် ၅၀ သိန်း အပါအဝင် စုစုပေါင်း ကျပ် ၂၆၃၀ သိန်း နှင့် ကျပ် ၃ ထောင်ကို အလှူရှင် ၂၁ ဦးက ဗိုလ်ချုပ်ရုပ်ရှင်အတွက် လှူခဲ့ခြင်းဖြစ်သည်။

လတ်တလောတွင် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတိရုပ်ရှင်ကိုရိုက်ကူးရန် မတည်ငွေမှာ ကျပ်သိန်း ရှစ်ထောင့် သုံးရာကျော်ဖြစ်ပြီး ယခု ကျပ် ၂၆၃၀ သိန်း ကျော်ကို ထပ်မံရရှိခဲ့ခြင်းလည်းဖြစ်သည်။

ဗိုလ်ချုပ်ရုပ်ရှင်ကို ကျပ်သန်း ၁၅၀၀ ( ကျပ် သိန်း ၁၅၀၀၀ ) ခန့်ဖြင့် ရိုက်ကူးနိုင်ရန် ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ သရုပ်ဆောင် လူမင်းတို့နှင့် ဆွေးနွေးထားပြီး ဇာတ်ညွှန်းကို အကျဉ်းချုံးကာ ပြင်ဆင်သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောဆိုထားသည်။

ထို့ကြောင့် ရုပ်ရှင် စတင်ရိုက်ကူးနိုင်ရန်အတွက် ကျပ် သိန်း ၅၀၀၀ နီးပါးလိုအပ်နေဦးမည်ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတိရုပ်ရှင်ကို အချိန် ၂ နှစ်ယူ၍ တာဝန်ခံရိုက်ကူးသွား မည်ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက  ပြီးခဲ့သည့်နှစ် သြဂုတ်လ ၂၀ ရက်တွင် မဇ္ဈိမသို့ပြောထားပြီး ရုပ်ရှင်ကို အစက ကျပ်သိန်း နှစ်သောင်း ကုန်ကျမည်ဟု ခန့်မှန်းထားခြင်းလည်းဖြစ်သည်။

ထို့အပြင် ရုပ်ရှင်အတွက် လိုအပ်သည့်အကူအညီများအားလုံးကိုလည်း  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ယခင် ရိုက်ကူးရန် ရည်ရွယ်ထားသည့်အနုပညာရှင်များဖြင့်သာ ဆက်လက်ရိုက်ကူးသွားရန်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required