ဆီးရီးယားမှ ဓာတုလက်နက်တိုက်ခိုက်မှုအတွက် ရုရှားအစိုးရတွင်တာဝန်ရှိဟု တေလာဆန်ပြောဆို

ဆီးရီးယားမှ ဓာတုလက်နက်တိုက်ခိုက်မှုအတွက် ရုရှားအစိုးရတွင်တာဝန်ရှိဟု တေလာဆန်ပြောဆို

ဝါဆော၊ ပိုလန်၊ ဇန်နဝါရီ ၂၈ ။          ။ မော်စကိုအစိုးရဘက်မှ ပြင်းပြင်းထန်ထန်ငြင်းချက်ထုတ်ထားသော်လည်း ဆီးရီးယားရှိ ဓာတုလက်နက် တိုက်ခိုက်မှုများအတွက် ရုရှားတို့တွင်သာ တာဝန်ရှိသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာ ဆန်က စနေနေ့က အခိုင်အမာပြောဆိုခဲ့သည်။

“ရုရှားအစိုးရဟာ သူတို့ကိုယ်တိုင်လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတကာသဘောတူညီချက်ကို ဖောက်ဖျက် လိုက်တာပဲဖြစ်ပါတယ်။ ဆီးရီးယားနိုင်ငံအတွင်းက ဓာတုလက်နက်တွေကို ဖယ်ရှားပစ်ရာမှာ တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ ရုရှားတို့ကိုယ်တိုင်ပြောဆိုထားတဲ့ သဘောတူညီချက်ကို ချိုးဖောက်လိုက်တာပဲ ဖြစ်ပါတယ်” ဟု တေလာဆန်က ပိုလန်နိုင်ငံ ဝါဆောမြို့သို့ သွားရောက်သည့်ခရီးစဉ်၌ ပြောဆိုခဲ့သည်။

“ဆီးရီးယားနိုင်ငံထဲမှာ ဓာတုလက်နက်တွေရှိနေတယ်ဆိုတာ ထင်ရှားပါတယ်။ အဲဒီလက်နက်တွေကို ပြည်သူ တွေအပေါ်မှာ အသုံးချနေပါတယ်။ ဒီထက်ဆိုးတာက ကလေးသူငယ်တွေပါ ထိခိုက်ခံစားနေရတာဖြစ်ပါတယ်” ဟု တေလာဆန်က ပိုလန်နိုင်ငံခြားရေးဝန်ကြီးနှင့် ပူးတွဲပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

“ဒါကြောင့် ရုရှားအစိုးရမှာ တာဝန်ရှိတယ်လို့ ကျနော်တို့ပြောနေတာဖြစ်ပါတယ်။ သူတို့ဟာ ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ်ရဲ့ မဟာမိတ်တွေဖြစ်ပါတယ်။ သူတို့ဟာနိုင်ငံတကာသဘောတူညီချက်မှာ ပါဝင် လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် သူတို့လုပ်ဆောင်သင့်တဲ့ တာဝန်တွေကို ကျေပွန်ရပါမယ်” ဟု တေလာဆန်က ဆိုခဲ့သည်။

တေလာဆန်သည် ဓာတုလက်နက်များအသုံးချနေသည့် ဆီးရီးယားအစိုးရအပေါ် အရေးယူဒဏ်ခတ်မှုများ လုပ်ဆောင်သွားရန် အဆိုတင်သွင်းထားခဲ့သော်လည်း ရုရှားနှင့် တရုတ်နိုင်ငံတို့က ဗီတိုအာဏာအသုံးပြု၍ ပယ်ချခဲ့ဖူးသည်။

ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က ရုရှားအစိုးရသည် တေလာဆန်၏စွပ်စွဲချက်များကို ဒေါသတကြီးငြင်းဆန်ခဲ့ပြီး ယခုပြသနာထဲ၌ ၎င်းတို့ကိုဆွဲထည့်နေမှုအား အမျက်ထွက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required