မန္တလေးတိုင်း သန္ဓေ၊ အရန်တပ်ဖွဲ့ဝင်များ၏ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးပြိုင်ပွဲပြုလုပ်

မန္တလေးတိုင်း သန္ဓေ၊ အရန်တပ်ဖွဲ့ဝင်များ၏ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးပြိုင်ပွဲပြုလုပ်

 

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သန္ဓေ၊ အရန်တပ်ဖွဲ့ဝင်များ၏ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးပြိုင်ပွဲကို မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၄၅လမ်း၊ ဂန္ဓမာလမ်း နှင့် ယုဇနလမ်းကြားရှိ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနတွင် ဇန်နဝါရီ၂၇ရက်၊နံနက် ၉နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲကို ဇန်နဝါရီ ၂၈ ရက်အထိပြုလုပ်သွားမည်ဖြစ်သည်။

'' မမျှော်လင့်ဘဲ သဘာဝဘေးအန္တရာယ် ပေါ်ပေါက်လာတဲ့အခါ ဆုံးရှုံးမှုများ နည်းပါးသည်ထက် နည်းပါးစေရန် ကြိုတင်မျှော်မှန်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အသက်ကယ်နည်းစနစ် ကျွမ်းကျင်စွာ ပြုလုပ်ဆောင်ရွက်နိုင်ရန် တပ်ဖွဲ့ဝင်များ ကြံ့ခိုင်မှုရှိစေရန်တို့အတွက် အခုလို ပြိုင်ပွဲကျင်းပပေးတာပါ။'' ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ပြောသည်။

သဘာဝဘေးအန္တရာယ်များ၊ ရုတ်တရက်ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များ မကြာခဏဖြစ်ပေါ်လျက်ရှိသောကြောင့် မီးငြိမ်းသတ်ရေး နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန် ရည်ရွယ်၍ ပြိုင်ပွဲကျင်းပပေးခြင်းဖြစ်ကြောင်းသိရသည်။

မီးငြိမ်းသတ်ရေး နှင့် ရှာဖွေကယ်ဆယ်ရေးပြိုင်ပွဲတွင် 

(၁) BA Set ဝတ်ဆင်၍ တစ်ဦးချင်း စွမ်းရည်ပြိုင်ပွဲ၊  (၂) High Pressuer Pump အသုံးပြု၍ ပေ(၁၀၀)အထပ်မြင့် အဆောက်အဦး မီးငြိမ်းသတ်ခြင်း (၃) မီးခိုးပိတ်နေသော အခန်းအတွင်း လူနာကယ်ဆယ်ခြင်း (၄) လေးထပ်လူနေအိမ်အခန်းတွင်း မီးလောင်မှုအား (၃)ဆင့် လှေခါး အသုံးပြု၍ မီးငြိမ်းသတ်ခြင်း (၅) Brave Heart တစ်ဦးချင်း ပြိုင်ခြင်း (၆) Hydraulic Rsecue Tool များ အသုံးပြုခြင်း စွမ်းရည်ပြိုင်ပွဲ စသည့် ပြိုင်ပွဲ အမျိုးအစား (၆)မျိုးတို့ကို ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ပြိုင်ပွဲတွင် အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရ၊ ပုသိမ်ကြီး၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ မီတ္တီလာ၊ မြင်းခြံ စသော မြို့နယ်များမှာ ပြိုင်ပွဲဝင်အသင်း (၁၁)သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly