မြန်မာ့အလှထဲက ပြင်ဦးလွင် ရုက္ခဗေဒ ဥယျာဉ် - ၂

27 January 2018
မြန်မာ့အလှထဲက ပြင်ဦးလွင် ရုက္ခဗေဒ ဥယျာဉ် - ၂

 

သတ္တလောကကြီးမှာအဆင့်မြင့်ဆုံး သတ္တဝါဟာ လူသားဖြစ်တယ်ဆိုတာ အားလုံးသိကြပါတယ် ။ လူသားတွေဆီမှာနူးညံ့တဲ့စိတ်အခြေခံရှိတယ် ၊ ကိုယ်ချင်းစာတတ်တဲ့စိတ်ရှိတယ် ၊အဲဒီကိုယ်ချင်းစာ စိတ်အနိမ့်အမြင့်ကနေ လူပီသမသ နဲ့ သူ့ရဲ့တန်ဖိုးကိုပြဋ္ဌာန်းတာပဲဖြစ်ပါတယ် ။ စိတ်ထားနူးညံ့မှုကို တော့အပြုအမူတွေ ၊ စကားပြောဟန်အမူအယာတွေ ၊ တိရစ္ဆာန်လေးတွေကို ချစ်ခင်သနားကြင်နာ စိတ်တွေနဲ့ အကြမ်းဖျဉ်းတော့ တိုင်းတာလို့ရမယ်ထင်ပါတယ် ။ အဲဒါကတော့ ပြင်ဦးလွင် အမျိုးသား ကန်တော်ကြီးဥယျာဉ်ရဲ့ လိပ်ပြာပြတိုက်ကိုရောက်ခိုက် ကျွန်တော့ရဲ့အတွေးများပဲဖြစ်ပါတယ် ။

လိပ်ပြာ ပြတိုက်ထဲကျွန်တော်တို့ရောက်တဲ့အခါမှာတော့ လိပ်ပြာတွေဟာ အရောင်အသွေးမျိုးစုံ ၊ ပုံသဏ္ဍာန်မျိုးစုံ၊ ဒီဇိုင်းမျိုးစုံလင်စွာတွေ့ရပါတယ် ။ ကျွန်တော်တို့လည်း အပြင်မှာလိပ်ပြာမျိုးစုံ   တွေ့ဖူးတာထက်မျိုးစိတ်ပေါင်းများစွာကို တွေ့ရပါတယ် ။ မြန်မာပြည်ကလိပ်ပြာချစ်သူတွေနဲ့ လိပ်ပြာလေ့လာသူတွေအတွက်ကတော့စိတ်ဝင်စားစရာအသေအချာပဲဖြစ်ပါတယ် ။လိပ်ပြာပြတိုက် ထဲမှာတော့ လိပ်ပြာအကောင်ရေ မြန်မာမျိုး (၁၀၀၀) နဲ့ နိုင်ငံခြားမျိုး (၅၀၀) တောင်ရှိတယ်လို့သိရ ပါတယ် ။နိုင်ငံခြားမျိုးဆိုတာ အထူးသဖြင့် ဂျပန်နိုင်ငံကဖြစ်ပါတယ် ၊ တစ်ဝက်ကိုဝယ်ရပြီး တစ်ဝက်က တော့ပေးတာလို့လည်း သိရပါတယ် ။ သူတို့နိုင်ငံမှာက လိပ်ပြာတွေကို ဝါသနာအရစုဆောင်းတဲ့အဖွဲ့ တွေရှိကြပါတယ် ။အဲဒီစုဆောင်းတဲ့အဖွဲ့တွေကနေ မြန်မာပြည်မှာ လိပ်ပြာပြတိုက်လုပ်မယ်လို့ သိရတဲ့ အခါ အားပေးတဲ့အနေနဲ့ တစ်ဝက်ကိုတော့ရောင်းတယ်၊တစ်ဝက်ကိုတော့သူတို့ကလှူတာပဲဖြစ်ပါတယ် ။ အဲဒီအထဲမှာ လိပ်ပြာအကြီးအမျိုးအစားတွေကများပါတယ် ။

ကမ္ဘာ့မြေပုံကြီးအပေါ်မှာ တွေ့ရှိရတဲ့နိုင်ငံတွေအလိုက် လိပ်ပြာတွေကို အမျိုးအစားခွဲပြီး ပြသထားတာ ဟာ ဘယ်လိပ်ပြာတွေက ဘယ်နိုင်ငံ ဘယ်ဒေသကတွေ့ရှိတယ်ဆိုတာကွင်းကွင်းကွက်ကွက် ရှင်းရှင်း လင်းလင်းမှတ်သားရပါတယ် ။နောက်ပြီး အထီးအမ ခွဲတာတွေ နဲ့ လိပ်ပြာအပြင် ပိုးဖလံတွေ ၊ အခွံမာ ကောင်တွေနဲ့ မျိုးကွဲ ရှိခိုးကောင်တွေလည်း တွေ့ခဲ့ရပါသေးတယ် ။ပြခန်းထဲမှာ လိပ်ပြာ အကောင် ရောင်စုံတွေနဲ့ အကွက်ဒီဇိုင်းဖော်ထားတာတွေကလည်း နဂိုကတည်းက လှနေတဲ့လိပ်ပြာတွေကို ပိုပြီးကြည့်ချင်စဖွယ်ဖြစ်အောင် ပြုပြင်အလှဖန်တီးထားတာကလည်း ကြည့်ရှုလေ့လာသူတွေကိုဖမ်းစား နေတာကတော့ ကိုယ်တွေ့ပဲဖြစ်ပါတယ် ။

လိပ်ပြာတွေရဲ့အလှအပနဲ့ သူတို့ရဲ့ဖြစ်တည်ရာသဘာဝတွေကို လေ့လာအပြီးမှာတော့ ကျွန်တော်တို့ ဟာ Buggy ကားလေးနဲ့ ခဏလောက်သွားလိုက်ရင် အဝေးကနေမြင်ခဲ့ရတဲ့ မျှော်စင်ကြီးဆီကိုရောက် မှာဖြစ်ပါတယ် ။ မျှော်စင်ဟာ သစ်သားတွေနဲ့တည်ဆောက်ထားပြီး မျှော်စင်ပေါ်တက်ကြည့်မယ်ဆိုရင် အမျိုးသားကန်တော်ကြီးဥယျာဉ်နဲ့ ပြင်ဦးလွင်ရဲ့အလှအပကို အပေါ်စီးကနေလွှမ်းခြုံ ရှုမြင်ရမှာပဲ ဖြစ်ပါ တယ် ။ ကျွန်တော်တို့ မျှော်စင်ပေါ်တက်သွားတာ တစ်ဝက်လောက်ပဲရောက်သေးတယ် အမျိုးသား ကန်တော်ကြီးဥယျာဉ်နဲ့ ပြင်ဦးလွင်မြို့ရဲ့ရှုခင်းတွေကိုမြင်နေရပြီဖြစ်ပါတယ် ။လှေခါးဆုံးအောင်ဆက် တက်ရင်းတက်စရာမရှိတော့တဲ့အခါ ဘေးဘီကိုသတိထားကြည့်လိုက်မိပါတော့တယ် ။လူတွေက တော့ အများကြီး ပဲဖြစ်ပါတယ် ။ ပြင်ဦးလွင်မြို့နဲ့ အမျိုးသားကန်တော်ကြီးဥယျာဉ်ရဲ့အလှအပကို ရင်သပ်ရှုမော ခံစားကြည့်ရှုနေကြတာပဲဖြစ်ပါတယ် ။အရောင်အသွေးစုံ လူငယ်တစ်သိုက်နဲ့တွေ့တော့ ကျွန်တော်ကမေးကြည့်လိုက်ပါသေးတယ် ။ ဒီကိုလာရတာ ကြည့်ရတာ ဘယ်လိုခံစားရလည်းဆိုပြီး မေးတဲ့အခါ သူတို့က အရမ်းပျော်ကြောင်း ၊မန္တလေးကလာကြတာဖြစ်ကြောင်း၊မန္တလေးကနေ ဒီအထိ နှစ်နာရီလောက်ကြာကြောင်း၊ ကျောင်းပိတ်လို့လာတာဖြစ်ကြောင်းပြောပါတယ် ။ သူတို့ကိုကြည့်ရတဲ့ အခါမှာလည်းအလွန်ကိုပျော်ရွှင်နေကြပုံရပြီး ကျွန်တော့်ကိုတောင် ကူးစက်သွားပါ သေးတယ် ။

ကျွန်တော်တို့ မျှော်စင်ပေါ်ကနေအောက်ကိုပြန်ဆင်းလာပြီး ကန်တော်ကြီးဖက်ကို လမ်းလျှောက်လို့ ဟိုကြည့်ဒီကြည့်နဲ့ ၊ နေလည်းတဖြေးဖြေးစောင်းလာပါတော့တယ် ။ နေ့လယ်ကလောက်တော့လူတွေ မများတော့ဘဲ ပိုပြီးသာယာလာတယ်လို့တောင် ထင်မှတ်မှားမိစေပါတယ် ။ ရေကန်ကြီးထဲမှာတော့ ငန်းဖြူစုံတွဲတွေ ငန်းနက်စုံတွဲတွေ ရေကူးနေတာကိုလည်း မြင်ရပါတယ် ။ ကန်ပေါ်က တံတားဘောင် ပေါ်မှာတော့ လူငယ်တချို့ဟာ ဂစ်တာတီးနေတာကိုလည်း ခဏလောက် ဝါသနာအရ နားထောင် လိုက်ပါသေးတယ် ။ တံတားပေါ်ကဆင်းဆင်းချင်းမှာတော့တိုင်းရင်းသားဝတ်စုံတွေနဲ့ လူငယ် ယောက်ကျားလေးနဲ့မိန်းကလေးတစ်သိုက်ကိုတွေ့တော့ လျှပ်တစ်ပြက်မေးကြည့်လိုက်ပါတယ် ။ သူတို့က ကရင်ပြည်နယ်ဘားအံမြို့ကလာတာဖြစ်ကြောင်း ၊ ပအိုဝ့်လူမျိုးများဖြစ်ကြောင်း ၊ပအိုဝ့် လူမျိုး တွေဟာ ရှမ်းပြည်နယ် ၊ ကရင်ပြည်နယ် ၊ကယားပြည်နယ် ၊မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းတွေ မှာနေထိုင်ကြ ပြီး လူဦးရေအများဆုံးကတော့ ရှမ်းပြည်နယ်မှာနေထိုင်ကြကြောင်း ၊ကရင်ပြည်နယ်က လူငယ်တွေကို အခြေပြုတဲ့မျိုးဆက်သစ်လူငယ်အဖွဲ့ဖြစ်ကြောင်း ၊ ခရီးစဉ်တစ်ခုအနေနဲ့ သီးခြားလာ ရောက်လေ့လာ လည်ပတ်ခြင်းဖြစ်ကြောင်း အပြုံးကိုယ်စီနဲ့ပြောပါတယ် ။ ချစ်စရာကောင်းတဲ့ တိုင်းရင်း သားလူငယ် လေးများကို နှုတ်ဆက်ပြီး အမျိုးသားကန်တော်ကြီးဥယျာဉ်ကိုရောက်တဲ့သူတိုင်း မဖြစ် မနေ ဓာတ်ပုံ ရိုက်လေ့ရှိတဲ့၊ ကန်တော်ကြီးအလှနဲ့ PYINOOLWIN ဆိုတဲ့စာသားကိုရောင်စုံပုံဖော် နောက်ခံထား ဓာတ်ပုံရိုက်ရင်း ကျွန်တော့ရဲ့ခရီးစဉ်ကို အဆုံးသတ်လိုက်ပါရစေ ။     ။

အပိုင်း(၁) အပြည့်အစုံ ဖတ်ရှုရန်- http://www.mizzimaburmese.com/article/36716

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly