လူငယ်ဒါရိုက်တာ အောင်မြတ် ရိုက်ကူးသည့် အနမ်းဝိုင်ရုပ်ရှင်ဇာတ်ကား ဖေဖော်ဝါရီ ၂ ရက်တွင် ရုံတင်မည်

လူငယ်ဒါရိုက်တာ အောင်မြတ် ရိုက်ကူးသည့် အနမ်းဝိုင်ရုပ်ရှင်ဇာတ်ကား ဖေဖော်ဝါရီ ၂ ရက်တွင် ရုံတင်မည်

 

ရန်ကုန် ၊ ဇန်နဝါရီ ၂၇ ။           ။ ဒါရိုက်တာအဖြစ် အသက်ငယ်ငယ်ဖြင့် အောင်မြင်မှု ရရှိနေသည့် ဒါရိုက်တာအောင်မြတ် ရိုက်ကူးပုံဖော် ထားသည့် အနမ်းဝိုင်ရုပ်ရှင်ဇာတ်ကားကြီးကို ဖေဖော်ဝါရီ ၂ရက်မှ စတင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် ပြသသွားမည် ဖြစ်သည်။

အနမ်းဝိုင် ရုပ်ရှင်ဇာတ်ကား အထူးပြသပွဲကို ဇန်နဝါရီ ၂၇ရက်တွင် ရန်ကုန်မြို့ရှိ သမ္မတ ရုပ်ရှင်ရုံ၌ ကျင်းပ ပြုလုပ်ခဲ့ပြီး ဒါရိုက်တာ ၊ သရုပ်ဆောင်များ ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ နှင့် စာနယ်ဇင်း မီဒီယာများ တက်ရောက် ခဲ့ကြသည်။

စိန်ဌေး ရုပ်ရှင် ထုတ်လုပ်ရေးမှ စီစဉ်ပြီး စာရေးဆရာမ ပုညခင် ၏ ဝတ္ထုကို ရုပ်ရှင်အဖြစ် ရိုက်ကူးထားခြင်း ဖြစ်ပြီး သရုပ်ဆောင်များအဖြစ် အောင်ရဲလင်း ၊ ဝတ်မှုန်ရွှေရည် ၊ မင်းဦး ၊ စိုးမြတ်သူဇာ နှင့် တခြား သရုပ်ဆောင်များစွာ ပါဝင် သရုပ်ဆောင် ထားကြသည်။

ထို ရုပ်ရှင်ဇာတ်ကား သည် ဒါရိုက်တာအောင်မြတ် ၏ ပထမဆုံး ရုပ်ရှင်ဇာတ်ကား တစ်ကားလည်း ဖြစ်သလို MTV နှင့် ကြော်ငြာများကို သူမတူ ဖန်တီးပုံဖော် ရိုက်ကူးသည့် ဒါရိုက်တာဖြစ်သည့်အတွက် ရုပ်ရှင်ဇာတ်ကား အတွက် ရင်ခုန် စိတ်လှုပ်ရှားနေသည်။

အနမ်းဝိုင် ရုပ်ရှင်ဇာတ်ကားကို  ၂၀၁၅ ခုနှစ် နိုဝင်ဘာလထဲတွင် တောင်ကြီး၌ စတင်သွားရောက် ရိုက်ကူးခဲ့ပြီး ရိုးရာဓလေ့ ၊ တောင်ကြီး တန်ဆောင်တိုင်ပွဲကိုပါ ထည့်သွင်းရိုက်ကူးထားသလို စပျစ်ခြံတွင်လည်း သွားရောက် ရိုက်ကူးထားသည်။  

ရိုမန့်ဒရာမာ ဇာတ်လမ်း ဖြစ်ကာ လူငယ်သဘာဝဆန်ဆန် အချစ်ကို ပုံဖော်ရိုက်ကူး ထားခြင်း ဖြစ်ကာ သရုပ်ဆောင် ဝတ်မှုန်ရွှေရည် မှ ပအိုဝ်းတိုင်းရင်းသူ တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။

အနမ်းဝိုင် ရုပ်ရှင်ဇာတ်ကား ၏ ဇာတ်ဝင်တေး ဖြစ်သည့် တိမ်တွေအနောက်ဘက်မှာ တေးသီချင်းကိုတော့ အဆိုတော် ဖြိုးဖြိုးက သီဆိုပေးထားခြင်း ဖြစ်ပြီး တေးဂီတဖန်တီးမှုပိုင်းကို ဓိရာမိုရ်က ဖန်တီးတီးခတ်ပေးထား သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly