ရခိုင်မြောက်ပိုင်းကို ပြောင်းရွှေ့လာသူများ အခက်အခဲများရှိနေဟု ဆို

ရခိုင်မြောက်ပိုင်းကို ပြောင်းရွှေ့လာသူများ အခက်အခဲများရှိနေဟု ဆို

ရသေ့တောင်၊ ဇန်နဝါရီ ၂၆ ရက် ။    ။ သံတွဲမြို့နယ်မှ ရခိုင်မြောက်ပိုင်းသို့ ပြောင်းရွှေ့လာသူ မိသားစုအချို့မှာ သူတို့ထင်ခဲ့သလို မဟုတ်ဘဲ ကွဲလွဲမှုတွေရှိနေတာကြောင့် ဒုက္ခရောက်နေကြရတယ်လို့  ပြောင်းရွှေ့လာသူတွေ က ဆိုပါတယ်။

သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာမှ မိသားစု ၂၉ စုဟာ ရခိုင်မြောက်ပိုင်း အကြမ်းဖက်မှုတွေဖြစ်ပျက်မှုအပြီး ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာကို ပြောင်းရွှေ့လာခဲ့ကြပြီး လက်ရှိ လူဦးရေ ၁၀၀ ခန့် ရှိပါတယ်။

ARSA အကြမ်းဖက်မှုဖြစ်ပွားပြီးနောက်ပိုင်းမှာ ရခိုင်မြောက်ပိုင်းဒေသဟာ ပြန်လည် ဖွံ့ဖြိုးတိုးတက်တဲ့ ဒေသတစ်ခုဖြစ်လာစေရန် ရည်ရွယ်ပြီး အနောက်ဖက်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည် တည်ဆောက်ရေး အထောက်အကူပြု ကော်မတီ CRR မှ အိမ်တွေ ဆောက်ပေးထားပြီး စားဝတ်နေရေးနဲ့ စတဲ့ကိစ္စရပ်တွေကို လုပ်ဆောင်ပေးနေတာလို့လည်း သိရပါတယ်။

ဒါပေမဲ့ တကယ့်လက်တွေ့ကျတော့ သူတို့ထင်ခဲ့သလို မဟုတ်ဘဲ အခုထက်တိုင် အလုပ်အကိုင်တွေ မရှိသေးဘဲ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ သံတွဲမှာကျန်ခဲ့တဲ့ မိသားစုတွေကိုပဲ အားကိုးပြီး စားသောက်နေရတယ်လို့ အဲဒီမှာ နေတဲ့ မိသားစုဝင်တစ်ဦးဖြစ်တဲ့ မခင်သန်းနွယ်က ပြောပါတယ်။

အဲဒီမိသားစုတွေ အတွက် ကယ်ဆယ်ရေးအဖွဲ့တွေက လာရောက် လှူဒါန်းထားတဲ့ ဂဏန်းထောင်မြှုံးတွေ ရှိပေမဲ့လည်း အဲဒီလုပ်ငန်းတွေကို လုပ်ကိုင်ဖို့ မကျွမ်းကျင်တဲ့အတွက် ပိုပြီး အခက်အခဲတွေ ကြုံရတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် သူတို့လက်ရှိနေထိုင်တဲ့ မြေနေရာတွေကို အဲဒီဒေသက ဦးမောင်အေးထွန်းဆိုသူက ပိုင်ဆိုင်တာဖြစ်ပြီး အိမ်တွေကို အပိုင်ပေးထားတာ မဟုတ်ဘဲ ယာယီထားထားတာဖြစ်တယ်လို့ ပြောင်းရွှေ့လာသူတွေ က ဆိုကြပါတယ်။

“ ပြောင်းရွှေ့လာသူတွေက စားရေးသောက်ရေးရော၊ နေ့တဓူ၀ နေရေးထိုင်ရေးရော အဆင်ပြေနေပါတယ်။ ဂဏန်းသမားက ဂဏန်မြှုံးထောင်ပါတယ်။ လှေသမားက လှေထွက်ပါတယ်။ ပါလာတဲ့ကလေးတွေကို ပညာရေးမှူးနဲ့ ညှိပြီး ကိုးတန်ကောက်စာသင်ကျောင်းမှာ ကျောင်းထားပေးပါတယ်။ အဲဒီလူတွေ ကျန်းမာရေးစောင့်ရှောက်ဖို့အတွက် မြန်မာနိုင်ငံ ဆရာဝန်များအသင်း အထွေထွေရောဂါကုအဖွဲ့ ဗော်လံတီယာအနေနဲ့ ထားပါမယ်” လို့ အနောက်ဖက်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည် တည်ဆောက်ရေး အထောက်အကူပြု ကော်မတီ CRR အတွင်းရေးမှူး ဦးသန်းထွန်း က ပြောပါတယ်။

လက်ရှိအချိန်တွင် အဆိုပါ ဒေသသို့ ပြောင်းလာရန် မိသားစုဦးရေ ၃၀၀ ခန့်ရှိကြောင်း ဇန်နဝါရီလ ၁၀ ရက်က စစ်တွေမြို့ရှိ ယင်းCRR ရုံးခန်းတွင် ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required