မြန်မာ့အလှထဲက ပြင်ဦးလွင် ရုက္ခဗေဒ ဥယျာဉ်

.

မြန်မာနိုင်ငံမှာ အထင်ကရလည်းဖြစ် နိုင်ငံရဲ့ရုက္ခ အလှ ပန်းအလှတို့ စုဝေးရာဒေသလည်းဖြစ်တဲ့ အရင် မေမြို့လို့ခေါ်တဲ့ ပြင်ဦးလွင်မြို့က ကန်တော်ကြီးအမျိုးသားရုက္ခဗေဒဥယျာဉ်ကို ကျွန်တော်တို့ သွားရောက်ပြီး သိခဲ့တာလေးတွေ မှတ်သားမိခဲ့တာလေးတွေကို မဇ္ဈိမပရိသတ်သိရှိဘို့ တစ်ဆင့် ဖောက်သည်ချချင်စိတ်တွေဖြစ်လာပါတော့တယ် ။မေမြို့ ၊ ပြင်ဦးလွင် ၊ ပန်းမြို့တော် ၊ တောင်လှေ ကား လို့ နာမည်လှလှတွေနဲ့ ကန်တော်ကြီးရုက္ခဗေဒဥယျာဉ်ဟာ ပိုပြီး မြို့ကို ကြွရွစေတာကတော့ အားလုံးအသိပဲဖြစ်ပါတယ် ။ ကန်တော်ကြီးရုက္ခဗေဒဥယျာဉ်ထဲကိုဝင်ပြီး ကျွန်တော်နဲ့အတူ မဇ္ဈိမ ပရိတ်သတ်ကြီးလည်းစိတ်ဝင်စားနိုင်မယ်လို့ ယုံကြည်တာကြောင့် ကန်တော်ကြီးဥယျာဉ်တွင်းက အင်ကြင်းကျောက်ပြတိုက်ကို ဦးဆုံးဝင်ရောက်လေ့လာလိုက်ပါတယ် ။

အင်ကြင်းကျောက်ဆိုတာ သစ်ပင်ကြီးတွေ လဲပြိုပြီး မြေကြီးထဲနစ်မြုပ် ၊မြေကြီးအောက်မှာ အနဲဆုံးနှစ်ပေါင်း နှစ်သန်းလောက်အကြာမှာ ကျောက်ဖြစ်မှ၊ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်မှ အဲဒီ ကျောက်ဖြစ်ရုပ်ကြွင်းကို အင်ကြင်းကျောက်လို့ခေါ်တာ ဖြစ်ပါတယ် ။ တစ်ချို့ဆိုရင် နှစ် ၇ သန်း ၈ သန်းလောက်ကြာတယ်လို့ လည်း ပြတိုက်တာဝန်ခံကပြောလို့သိရတယ် ။သတ္တ၀ါတွေ သစ်ပင်ကြီး တွေ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်ပေါ်မှုနှုန်းကလည်း ( ၀ . ၁ ) ရာခိုင်နှုန်းမျှသာဖြစ်ပြီး အင်ကြင်း ကျောက်ဖြစ်ရန်မှာ ရာခိုင်နှုန်း ပို၍ နည်းပါးကြောင်း သိရပါတယ် ။အင်ကြင်းကျောက်တွေကို အရောင်တင်ပြီးကျောက် ၊ အရောင်မတင် ရသေးတဲ့ကျောက်တွေနဲ့သက်တမ်း အလိုက်ပြသထားတာ ကိုလည်း တွေ့ရတယ် ။  အကြီးအသေး ပုံဆောင်ခဲ အမျိုးမျိုး ၊ သစ်ပင်အမြစ်ဆုံ၊ ထန်းပင်အမြစ်ဆုံ ကနေ အင်ကြင်းကျောက်ဖြစ်နေတာတွေ ပြသထားတာကိုလည်းစိတ်ဝင်စားဖွယ်တွေ့ခဲ့ရပါသေးတယ် ။  ထူးခြားတာက အင်ကြင်းကျောက်တွေကို နွေရာသီနေပူထဲမှာ ဘယ်လောက်ထားထား အင်ကြင်း ကျောက်က အေးတဲ့ သဘာဝရှိနေတာပဲဖြစ်ပါတယ် ။ ပြတိုက်ထဲမှာတော့ အင်ကြင်း ကျောက်တွေဟာ ၇ ပေ ၊ ၈ ပေ လောက် အမြင့်နဲ့ လုံးပတ် လက်တစ် ဖက်စာလောက်တောင် ရှိတာတွေ့ခဲ့ရပြီး မြန်မာ ပြည်က ထွက်ရှိတဲ့ အင်ကြင်းကျောက်အများဆုံးကတော့ မဇ္ဈိမ ပရိတ်သတ်များ သိရှိပြီး ဖြစ်သည့် အတိုင်းတရုတ်ပြည်ကို နည်းမျိုးစုံနဲ့ ရောက်သွားတာပဲဖြစ်ပါတယ် ။ အခု ကျွန်တော်တို့ မြင်နေရတဲ့ အင်းကြင်းကျောက်ကြီးတွေကတော့ နောင်လာနောင်သားတွေ သိမှတ်စရာ အဖြစ် တည်ရှိနေတာ ကိုက ဂုဏ်ယူ စရာပဲဖြစ် တယ်လို့ပဲ ကျွန်တော်တို့သတ်မှတ်ရမှာပဲ မဟုတ်ပါလား ။

အင်ကြင်းကျောက်ပြတိုက်ကနေကျွန်တော်တို့ဟာထွက်လာပြီး မလှမ်းမကမ်းမှာရှိတဲ့ ကျောက်ဖြစ် ရုပ်ကြွင်းပြတိုက်ထဲ ၀င်သွားတဲ့အခါမှာတော့ တိရစ္ဆာန်ကြီးတွေရဲ့အသံတုတွေနဲ့ ပြုလုပ်ဖန်တီးထားတာ ကို ကြားနေရလို့ ကြည့်ရှုလေ့လာသူတွေဟာ မြင်တွေ့နေရတဲ့ တိရစ္ဆာန်ရုပ်တုတွေရဲ့ခေတ်ကို လက်ငင်း ရောက်သွားသလို ခံစားရအောင် ဖန်တီးထားတာကိုလည်း တွေ့ထိခံစားရပါတယ် ။ သတ္တ၀ါကြီးတွေ တိရစ္ဆာန်တွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းအပိုင်းအစများနှင့် တချို့အကောင်မပျက် အကောင်ကြီးတွေကို မှန်ဘောင်တွေထဲ သပ်သပ်ယပ်ယပ်ထည့်ထားတာကိုလည်းမြင်တွေ့ရပါတယ် ။ ကျောက်ဖြစ်နေတဲ့ သစ်ရွက်ကျောက်ဖြစ်ရုပ်ကြွင်းတောင်တွေခဲ့ရပါသေးတယ်။ မဇ္ဈိမပရိသတ်ကြီး လည်း အမျိုးသားကန်တော်ကြီး ရုက္ခဗေဒဥယျာဉ်ကိုရောက်တဲ့အခါ ပန်းတွေကိုပဲ မိန်းမောမနေဘဲ   ကျောက်ဖြစ်ရုပ်ကြွင်းပြတိုက်ကို ၀င်ပြီးလေ့လာသင့်ပါတယ်။ ဒါမှ ကျွန်တော်တို့ မမှီလိုက်တဲ့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာရဲ့ အရိပ်အငွေ့လေးတွေကိုဖြစ်တည်ခံစားရမှာဖြစ်ပါတယ် ။

ကျောက်ဖြစ်ရုပ်ကြွင်းပြတိုက်ကနေ buggy လျှပ်စစ်ကားလေးစီးပြီး ခဏလေးသွားလိုက်တာနဲ့ ကန်တော်ကြီးဘေးက ချယ်ရီပန်းပင်တွေ အများကြီးရှိတဲ့နေရာကို ရောက်သွားပါတော့တယ်။ ချယ်ရီတွေ ကတော့ ဂျပန်နိုင်ငံမှာရှိတဲ့ အနီရောင်မျိုးမဟုတ်ဘဲ အဖြူရောင်ချယ်ရီပန်းတွေပဲဖြစ် ပါတယ်။ ကမ္ဘာမှာ ချယ်ရီကိုသင်္ကေတအဖြစ်တန်ဖိုးထားတဲ့ ဂျပန်ပြည်မှာတောင် ချယ်ရီအဖြူဟာ ရှားပါးကြောင်းလည်း မှတ်သားခဲ့ရပါသေးတယ်။ ကောင်းကင်ပြာကိုနောက်ခံထားလို့ ချယ်ရီဖြူတွေ ကိုကြည့်ရတာ ပြင်ဦးလွင်ရဲ့ရာသီဥတုနဲ့ ခံစားမှုတစ်မျိုးကိုရစေပါတယ် ။

ဗြိတိသျှခေတ် သစ်တောဦးစီးအရာရှိ အဲလက်စ်ရော်ဂျာ (Sir. Alex Roger ) တည်ဆောက်ခဲ့တဲ့ ဒီ ရုက္ခဗေဒ ဥယျာဉ် ဟာ အင်္ဂလန်နိုင်ငံမှာရှိတဲ့ ပျူဂါးဒင်း လို့ခေါ်တဲ့ ဥယျာဉ်ကို ပုံစံယူပြီးတော့ တည်ဆောက်ခဲ့တာဖြစ် ပါတယ်။ ၁၉၁၇ ခုနှစ်မှာ ဗြိတိသျအစိုးရအနေနဲ့ တရားဝင် အသိအမှတ်ပြုပြီး ၁၉၂၄ ခုနှစ်မှာ ဗြိတိသျှ အစိုးရ ကာကွယ်ထိန်းသိမ်းတဲ့ ဥယျာဉ်အဖြစ် ကြေညာခဲ့ပါတယ်။ ၁၉၄၂ ခုနှစ်မှာ သစ်တောရေးရာ ဝန်ကြီးဌာနကနေပြီးဘေးမဲ့ သစ်တောအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာတော့ ကန်တော်ကြီး ရုက္ခဗေဒ ပန်းဥယျာဉ်လို့ ပြောင်းလဲ ခေါ်ဝေါ်ခဲ့ကြောင်းလည်းမှတ်သား သိရှိရပါတယ်။ မလှမ်းမကမ်းနေရာလေးမှာတော့ကျောင်းသားကျောင်းသူလေးတွေဟာ သူတို့အစု လိုက် အစုလိုက် တူညီဦးထုတ်နဲ့ဝတ်စုံလေးတွေဝတ်ပြီး ပျော်ပါးနေကြတာကိုမြင်လိုက်ရလို့လည်း သူတို့ရဲ့ငယ်ရွယ်နုပျိုတဲ့ပျော်ရွှင်မှုတွေကိုလည်း ကူစက်ခံစားလိုက်မိပါသေးတယ်။ တစ်ယောက်ချင်း ရော အုပ်စုလိုက်တွေရောဓာတ်ပုံတွေရိုက်ကြ ၊ အိုက်တင်တွေလုပ်ကြ ၊ ရီမောကြ နဲ့ ဒီတစ်ခေါက်ခရီး သွားရတာ စိတ်လွတ်ကိုယ်လွတ်ရှိလှပါတယ် ။

ကျွန်တော်တို့လမ်းလျောက်ရင်း ဟိုကြည့်ဒီကြည့် ကြည့်ရင်းနဲ့ သစ်ခွဥယျာဉ်လေးနဲ့လိပ်ပြာပြတိုက်ရှိတဲ့ နေရာကိုရောက်လာပါတော့တယ်။ ဒီနေရာကလည်း စောစောက ကျွန်တော်တို့ရောက်ခဲ့တဲ့ ပြတိုက် တွေနဲ့ အရမ်းကြီးလည်း မဝေးပါဘူး။ ပြီးတော့ လမ်းညွှန်ဆိုင်းဘုတ်လေးတွေနဲ့ဆိုတော့ မှတ်သားရတာ သွားရလာရတာ သိပ်အဆင်ပြေပါတယ် ။ ဒီနေရာလေးကို လာချင်တယ်ဆိုရင်တော့ လမ်းညွှန်ဆိုင်း ဘုတ်လေးတွေ ဖတ်ပြီးလာလို့ရပါတယ်။ အဲဒီမှာတော့သစ်ခွပန်းတွေ လိပ်ပြာတွေရှိမှာမို့ကျွန်တော်တို့ ဝင်ကြည့်ကြပါမယ် ။ ဝင်ဝင်ချင်းမှာပဲ ဧည့်လမ်းညွှန်က ပန်းတစ်မျိုးနဲ့စတင်မိတ်ဆက်လိုက်ပါတယ်။ ပန်းသက်ရှည် ဆိုတဲ့ ပန်းပဲဖြစ်ပါတယ် ဒီပန်းကိုခူးပြီးရင် သုံးလလောက်ခံပြီးတဖြေးဖြေး ညှိုးသွားတယ် လို့ သိရပါတယ် ။ ဒါကြောင့်သူ့ကိုပန်းသက်ရှည်လို့ခေါ်တာပဲဖြစ်ပါတယ် ။ သူကလည်းသစ်ခွအမျိုး အစားပဲဖြစ်ပြီး သစ်ခွပန်းတွေဟာ အနဲဆုံးတစ်လ လောက်တော့ခံတယ် လို့လည်းသိရပါတယ် ။

သစ်ခွပန်းတွေကို မျိုးခွဲကြည့်မယ်ဆိုရင်တော့ တချို့က အပင်မှာကပ်ပြီးပေါက်တဲ့သစ်ခွပန်းတွေရှိ ပါတယ်။ သဇင်ပန်းဆိုရင်လည်း သစ်ခွအမျိုးအစားထဲမှာပဲပါပြီး အပင်မှာကပ်ပြီးတော့ ပေါက်တဲ့အပင် မျိုးပဲဖြစ်ပါတယ် ။ နောက်တစ်မျိုးကတော့ သစ်သားတန်းလေးတွေမှာ တွဲလောင်းလေးတွေ ထားပြီး တော့ စိုက်ရပြီး အမြစ်လေးတွေက အပြင်မှာ တွဲလောင်းလေးတွေ ထွက်နေတဲ့ရေရှူမြစ်တွေနဲ့ သစ်ခွ မျိုးပဲဖြစ်ပါတယ် ။ တစ်ခါ နောက်တစ်မျိုးကတော့ မြေစိုက် သစ်ခွဖြစ်ပါတယ် ။ မြေအိုးတွေနဲ့ စိုက်ပြီး မြေကြီးပေါ်မှာလည်း စိုက်လို့ရပါတယ် ။ သစ်ခွအမျိုးအစားတွေကတော့ အများကြီးပဲ ရှိပါတယ်။ အများကြီးပဲတွေ့မြင်နေရပါတယ် ။ လိပ်ပြာသစ်ခွတွေကလည်း အရောင်စုံပါပဲ အရောင်တူတာတောင် မှ အပွင့်က ဒီဇိုင်းလေးတွေ ကွဲနေ တာတွေ အများကြီးပဲတွေ့ရပါတယ် ။ ပန်းချစ်သူတွေအတွက် ဆိုရင်တော့ ဒီနေရာကို ရောက်ပြီးရင် တော့ ပြန်ထွက်ချင်တော့မှာ မဟုတ်တာအသေအချာပဲဖြစ် ပါတယ် ။ ရှိသမျှအပင်တွေအကုန်လုံးကို အိမ်ကို သယ်ချင်တဲ့စိတ်တွေ အိမ်မှာအလှစိုက်ပျိုးချင် စိတ် တွေ ဖြစ်လာပါလိမ့်မယ်။ လူသားတွေဟာ အလှအပကိုခုံမင်ပြီး ကြည်နူးမှုတွေကိုခံစားချင်လို့ ဒီလို စိတ်မျိုးဖြစ်လာတာလည်းမဆန်းပေဘူးဆိုတာ လျှပ်တစ်ပြက်အတွေးပေါက်လိုက်ရပါတော့တယ် ။ ။

မဇ္ဈိမ

(နောက်တစ်ခါမှာတော့ ကျွန်တော်တို့ဟာ လိပ်ပြာပြတိုက်ဆီ သွားကြပြီး လိပ်ပြာတွေအကြောင်း လေ့လာကြမှာပါ )