ဖမ်းဝရမ်းထုတ်ထားသော ဒုဗိုလ်မှူးကြီးဟောင်းအောင်ဝင်းခိုင်အား ဝရမ်းပြေးအဖြစ်ကြေညာပေးရန် ဆောင်ရွက်မည်

ဖမ်းဝရမ်းထုတ်ထားသော ဒုဗိုလ်မှူးကြီးဟောင်းအောင်ဝင်းခိုင်အား ဝရမ်းပြေးအဖြစ်ကြေညာပေးရန် ဆောင်ရွက်မည်

 

ရန်ကုန်၊ ဇန်နဝါရီ ၂၆ ။                     ။ ဥပဒေအကြံပေးတရားလွှတ်တော်ရှေ့နေ ဦးကိုနီအား လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး ထွက်ပြေးလွတ်မြောက် နေသည့် အဓိကတရားခံ ဒုဗိုလ်မှူးကြီးဟောင်းအောင်ဝင်းခိုင်အား ဝရမ်းပြေးအဖြစ် ကြေညာပေးနိုင်ရန်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဦးကိုနီမိသားစုဘက်မှ လိုက်ပါဆောင်ရွက်ပေးသည့် တရားလွှတ်တော်ရှေ့နေ ဦး ခင်မောင်ဌေးက ပြောသည်။

ယနေ့ ဇန်နဝါရီလ ၂၆ ရက်၊ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် သေနတ်သမားကြည်လင်းအပါအဝင် ၄ ဦး အား ၄၁ ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး ကြည်လင်းအားစွဲဆိုထားသည့် လက်နက်များအက်ဥပဒေပုဒ်မ- ၁၉(က) (စ)နှင့် ပတ်သက်ပြီး လိုပြသက်သေ ရဲမှူးတင်မောင်ဆွေ၊ ဒုရဲမှူးတင်ဝင်းမောင်တို့အား စစ်ဆေးအပြီး ဦးခင် မောင်ဌေးက မီဒီယာများကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ အခုက တရားလိုပြသက်သေ ကုန်ပါပြီ။ တရားလိုပြသက်သေ ကုန်ပြီဆိုတဲ့အခါကျတော့ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ- ၈၇ အရ ဝရမ်းထုတ်ထားတယ်။အဲ့ဒါက အတည်မဖြစ်နိုင်ဘူးဆိုရင် တရားလိုပြသက်သေအားလုံး လည်း ပြီးပြီဖြစ်တဲ့အတွက် ရာဇဝတ်ကျင့်ထုံဥပဒေပုဒ်မ- ၈၈ အရ သူ(အောင်ဝင်းခိုင်)ကို ဝရမ်းပြေးအဖြစ် ကြေညာပေးဖို့ ကျွန်တော်တို့ဆောင်ရွက်ရပါမယ်။ ၈၈ နဲ့အညီဆောင်ရွက်ရတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ လည်း ကျွန်တော်တို့ အခုဆောင်ရွက်ဖို့အတွက်ကို အစိုးရရှေ့နေတွေနဲ့ တိုင်ပင်နေပါတယ်။ နောက်ရုံးချိန်း ကျရင် အမှုကိုတစ်ဆင့်ချင်း တိုးတက်လာအောင် လုပ်ကြရမှာပေါ့ဗျာ”ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင် ဌေးက ပြောသည်။

အောင်ဝင်းခိုင်မှာ သေနတ်သမားကြည်လင်းအား ငွေပေးလုပ်ကြံရန်စေခိုင်းခဲ့သူ အောင်ဝင်းဇော်၏ ညီတော် စပ်သူဖြစ်ပြီး ၎င်းမှာ ၂ဝ၁၄ ခုနှစ်တွင် ဒုတိယဗိုလ်မှူးကြီးအဆင့်ဖြင့် တပ်မတော်မှ အငြိမ်းစားယူခဲ့သူဖြစ်သည်။

အောင်ဝင်းခိုင်သည် ဦးကိုနီအား လုပ်ကြံမှုမတိုင်ခင် နာရီပိုင်းအလိုတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ရောက်ရှိခဲ့ပြီး လေယာဉ်ဆိုက်ရောက်မည့်အချိန်ကို စုံစမ်းမေးမြန်းခဲ့သေးကြောင်း စီစီတီဗီ(CCTV) မှတ်တမ်း နှင့်အတူ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားခဲ့သည်။

အောင်ဝင်းခိုင်က ရှေ့နေဦးကိုနီကို သတ်ရန် ကြိုတင်ငွေအဖြစ် ၂ဝ၁၆ ခုနှစ်၊ ဧပြီလတွင် အစ်ကိုဖြစ်သူအောင် ဝင်းဇော်အား ကျပ်သိန်း ၄ဝဝ ပေးခဲ့ပြီး ထပ်မံငွေလိုအပ်သဖြင့် အောင်ဝင်းခိုင်က ဇေယျာဖြိုးကို ပြောခဲ့ကြောင်း၊ ထို့ကြောင့် ဇေယျာဖြိုးက၂ဝ၁၆ခုနှစ်၊ သြဂုတ်လ ဒုတိယပတ်ခန့်တွင် အောင်ဝင်းခိုင်ကို ကျပ်သိန်း ၁,ဝဝဝ ပေးခဲ့ ကြောင်း သိရသည်။

အဓိက တရားခံပြေး အောင်ဝင်းခိုင်မှာ ရှေ့နေဦးကိုနီအား လုပ်ကြံရန် ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်ခဲ့ ကြောင်း ခရိုင်တရားရုံးတွင် စစ်ဆေးပေါ်ပေါက်ခဲ့ပြီး ဦးကိုနီလုပ်ကြံခံရပြီးနောက် ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့၊ ညနေပိုင်းအချိန်တွင် ပူးပေါင်းပါဝင်သူ ဇေယျာဖြိုးနှင့်တွေ့ဆုံခဲ့ကာ ဇန်နဝါရီလ ၃ဝ ရက်နေ့တွင် နေ ပြည်တော်သို့သွားရောက်ခဲ့ပြီး ပရဆေးဥယျာဉ်ရှေ့တွင် နောက်ဆုံးပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

ရှေ့နေဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရသည်မှာ အချိန်ကာလအားဖြင့် ၁ နှစ်ခန့်ကြာမြင့်နေပြီဖြစ်သော်လည်း အောင်ဝင်းခိုင်အား ယနေ့အထိ ဖမ်းဆီရမိခြင်း မရှိသေးပေ။

“ အောင်ဝင်းခိုင်နဲ့ ပတ်သက်လို့ကတော့ သူလုံးဝကိုပေါ်မလာတော့ဘူးဆိုရင် ပုဒ်မ- ၈၈ အရ ထွက်ပြေးလို့ အမှုဖွင့်ထားတဲ့ ရာဇဝတ်အထွေထွေမှုကို ပိတ်ဖို့ ကျွန်တေ်ာတို့ လုပ်ရပါမယ်”ဟု ဦးခင်မောင်ဌေးက ပြောသည်။

အဆိုပါ လုပ်ကြံမှုမှာ ပြီးခဲ့သည့် ၂ဝ၁၇ နှစ်၊ ဇန်နဝါရီ ၂၉ ရက်၊ ညနေ ၅ နာရီ အချိန်ခန့်၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥပဒေအကြံပေး ဦးကိုနီအား ကြည် လင်းက အနီးကပ်သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက် ပေးခဲ့သော အငှားယဉ်မောင်းကိုနေဝင်းပါ   သေနတ်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ကြည်လင်းအားစွဲဆိုထားသော လက်နက်မှုနှင့် ကြည်လင်းအပါအဝင် ၄ ဦးအား စွဲဆိုထားသည့် ရာဇသတ်ကြီးပုဒ်မ- ၃ဝ၂/၃၄/၂၁၂ အတွက် တရားလိုပြသက်သေများ အားလုံးကို   မြောက်ပိုင်းခရိုင် တရားရုံး တွင် စစ်ဆေးပြီးစီးခဲ့ပြီဖြစ်သည်။ ထို့ကြောင့် လာမည့် ဖေဖော်ဝါရီလ ၂ ရက်နေ့ရုံးချိန်းတွင် အမှုအားစွဲချက်တင်၊ မတင်နှင့် ပတ်သက်ပြီး နှစ်ဖက် လျှောက်လဲချက်များ ကြားနာသွားမည်ဖြစ်ကြောင်း သိရသည်။

ဖမ်းဝရမ်းထုတ်ထားသော ဒုဗိုလ်မှူးကြီးဟောင်းအောင်ဝင်းခိုင်အား ဝရမ်းပြေးအဖြစ်ကြေညာပေးရန် ဆောင်ရွက်မည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required