ထိုင်းရွေးကောက်ပွဲ လာမယ့်နှစ်ကျမှ ကျင်းပဖြစ်တော့မည်

ထိုင်းရွေးကောက်ပွဲ လာမယ့်နှစ်ကျမှ ကျင်းပဖြစ်တော့မည်

 

ဇန်နဝါရီ ၂၆ ။          ။ ယခုနှစ် ၂၀၁၈ ခုနှစ်ထဲမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲတွေကို လာမယ့် ၂၀၁၉ ခုနှစ်ထဲအထိ နောက်ဆုတ်လိုက်ပြီဖြစ်ကြောင်း ထိုင်း ဒုတိယဝန်ကြီးချုပ် ဖြစ်သူ Wissanu Krea-ngam က ပြောသွားပါတယ်။

ထိုင်းနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲတွေကိုတော့ ယခုအခါ လာမယ့်နှစ် ၂၀၁၉ နှစ်စပိုင်းလောက်ကျမှသာ ကျင်းပတော့မှာဖြစ်ကြောင်း သိရပါတယ်။

ယမန်နေ့ ဇန်နဝါရီ ၂၅ ရက်က ထိုင်းပါလီမန်လွှတ်တော်မှာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတစ်ရပ် ပြောင်းလဲပြင်ဆင်ဖို့ မဲခွဲဆုံးဖြတ်ခဲ့ပြီးတဲ့နောက် ယခုလို ရွေးကောက်ပွဲ ကျင်းပမယ့်အချိန် ရွှေ့ဆိုင်းမှု ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

နိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၄ စစ်အာဏာသိမ်းပြီး စစ်အစိုးရက ရွေးချယ်ခန့်အပ်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ထိုင်းပါလီမန်က ယခုလို ရွေးကောက်ပွဲကျင်းပမယ့်အချိန် နောက်ဆုတ်ဖို့ ဆုံးဖြတ်သွားတာဖြစ်ပါတယ်။

အစောပိုင်းတုန်းကတော့ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကိုယ်တိုင်ကတောင် နိုင်ငံမှာ ရွေးကောက်ပွဲတွေ ယခုနှစ် နိုဝင်ဘာလထဲ ကျင်းပမှာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားခဲ့ပါသေးတယ်။

သို့ပေမယ့် ယခုအခါမှာတော့ ထိုင်းပါလီမန်မှာ ရွေးကောက်ပွဲ ဥပဒေ မူကြမ်းတစ်ရပ် ပြင်ဆင်ပြဌာန်းနိုင်ဖို့အတွက် ယခုလို ရွေးကောက်ပွဲကျင်းပမယ့်အချိန် ရွှေ့ဆိုင်းလိုက်ရတာဖြစ်ကြောင်းလည်း သိရပါတယ်။

ယင်းနိုင်ငံမှာတော့ စစ်တပ်က ၂၀၁၄ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ယခုလိုမျိုး အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့်အချိန်ကို အကြိမ်ကြိမ် နောက်ဆုတ်ရွှေ့ဆိုင်းထားမှုတွေ ရှိနေခဲ့ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required