Mr. Bill Richardson တရားရုံးကို မထီမဲ့မြင်ပြုတယ်လို့ ပြန်ကြားရေးဒုဝန်ကြီး ပြော

Mr. Bill Richardson တရားရုံးကို မထီမဲ့မြင်ပြုတယ်လို့ ပြန်ကြားရေးဒုဝန်ကြီး ပြော
ပြန်ကြားရေးဒုဝန်ကြီး ဦးအောင်လှထွန်း(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇန်နဝါရီ ၂၆ရက်၊ ၂၀၁၈ခုနှစ်)။ ။ တရားရုံးတွင် စစ်ဆေးနေဆဲဖြစ်သည့် ရိုက်တာသတင်းထောက်နှစ်ဦးအမှုကို Mr.Bill Richardson က လုပ်ပိုင်ခွင့်နှင့်မဆိုင်ဘဲ ဩဇာလွှမ်းမိုးရန် ကြိုးစားခဲ့ပြီး သူ့အနေဖြင့် တရားရုံးကို မထီမဲ့မြင်မှု ကျူးလွန်ရာလည်းရောက်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပြောကြားလိုက်သည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆာင်ရွက်ရေး ကော်မတီမှ နှုတ်ထွက်သွားသူ Mr. Bill Richardson သည် ဖမ်းဆီးခံထားရသည့် ရိုက်တာသတင်းထောက်နှစ်ဦးကို ပြန်လွတ်ပေးရန် ဇန်နဝါရီ ၂၂ရက်က နေပြည်တော်တွင်ပြုလုပ်သည့် ကော်မတီအစည်းအဝေးတွင် တောင်းဆိုခဲ့သည်ဟု ဦးအောင်လှထွန်းက ပြောသည်။

"တရားရုံးမှာ စစ်ဆေးနေတဲ့ အမှုတစ်ခုကို ဩဇာလွှမ်းမိုးဖို့ ကြိုးစားမှုဟာ တရားရုံးကို မထီမဲ့မြင်ပြုမှု Contempt of Court လို့ ခေါ်ပါတယ်။ အဲ့ဒါကို ပေါ်ပေါ်ထင်ထင် ကျူးလွန်ရာ ရောက်တယ်လို့ အားလုံး သဘောပေါက်သင့်ပါတယ်” ဟု ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီးတွင် ပြန်ကြားရေးဒုဝန်ကြီးက မီဒီယာများကို ပြောသည်။

“ကျွန်တော် နားလည်သလောက် ဒီလိုအမှုကိစ္စမျိုးကို ဆင်ခြင်သုံးသပ် ကိုင်တွယ်နိုင်တာကတော့ အခွင့်အာဏာက နိုင်ငံတော်သမ္မတကြီး တစ်ဦးမှာပဲ ရှိပါတယ်” ဟုလည်း ဒုဝန်ကြီးက ဆိုသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၂ရက်က မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေဖြင့် ဖမ်းဆီးခံရပြီး တရားရုံးတွင် အမှုရင်ဆိုင်နေရသည့် ရိုက်တာသတင်းထောက်နှစ်ဦးအမှုအပေါ် မျှမျှတတ ဆောင်ရွက်ရန် ပန်ကြားချက်အပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒေါသဖြင့် တုံ့ပြန်ဆွေးနွေးခဲ့သည့်အတွက်စိတ်မကောင်းဖြစ်ရသည်ဟု Mr. Bill Richardson က ပြောဆိုကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းတွင် ဖော်ပြထားသည်။

နယူးမက္ကဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်၊ သမ္မတ Bill Clinton အစိုးရဟောင်းလက်ထက်က စွမ်းအင်ဝန်ကြီးလည်းဖြစ်၊ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ Mr. Bill Richardson က အဖွဲ့ဝင် ၁၀ဦးပါသည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆာင်ရွက်ရေး ကော်မတီ ရခိုင်ပြည်နယ်သို့ ပထမဆုံးအကြိမ် သွားရောက်သည့် ဇန်နဝါရီ ၂၄ရက်က နှုတ်ထွက်သွားခဲ့ခြင်း ဖြစ်သည်။

Mr. Bill Richardson နှုတ်ထွက်မှုနှင့်ပတ်သက်ပြီး သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးဇော်ဌေးကလည်း “ရခိုင်ပြည်နယ်ကိစ္စတွေ အကြံပေးရမယ့်ဟာ မဆိုင်တဲ့ဟာတွေပြောတော့ ဒီလိုမျိုး အစည်းအဝေးမျိုးမှာ အချိန်ကုန်တယ် ဖြစ်တဲ့အခါကျတော့ အစည်းအဝေး Chair Person က ထိန်းတာမျိုးတွေ ရှိတာပေါ့နော်။ အဲ့လိုမျိုး ဖြစ်တဲ့အခါကျတော့ ဒီလိုမျိုး နှုတ်ထွက်တဲ့ အကြောင်းအရာမျိုးတွေ ဖြစ်လာခဲ့တယ်” ဟု ယမန်နေ့က မဇ္ဈိမကို ပြောဆိုထားသည်။

ရခိုင်ပြည်နယ်လုံခြုံရေးနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများ တွေ့ရှိသည်ဟုဆိုကာ ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ထောင်ဒဏ် ၁၄နှစ်အထိ ချမှတ်နိုင်သည့် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ဖြင့် ရဲအရာရှိတစ်ဦးက တရားစွဲဆိုထားခြင်း ဖြစ်သည်။

သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရမှုအပေါ် များစွာစိုးရိမ်ကြောင်း အမေရိကန်သံရုံး၊ အီးယူစသည်တို့က ကြေငြာချက် အသီးသီးထုတ်ပြန်ထားသလို ထိုသတင်းထောက်နှစ်ဦးကို အမြန်ဆုံးပြန်လွတ်ပေးရန်လည်း ပြည်တွင်းမီဒီယာအဖွဲ့အစည်းအသီးသီးနှင့် အရပ်ဘက်အဖွဲ့အစည်းတချို့က တောင်းဆိုလျက် ရှိနေသည်။

ရိုက်တာသတင်းထောက်နှစ်ဦးအမှုနှင့်ပတ်သက်ပြီး ပြန်ကြားရေးဒုဝန်ကြီး ဦးအောင်လှထွန်းက “ဒီအမှုနဲ့ပတ်သက်လို့ ဖိအားပေးမှု အမျိုးမျိုး လုပ်နေကြတဲ့၊ တောင်းဆိုနေကြတဲ့သူအားလုံးကို ကျွန်တော် မေတ္တာရပ်ခံချင်တာ တစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ သူတို့နှစ်ဦး တစ်ကယ်လွတ်မြောက်ရေးကို အမှန်တစ်ကယ် လိုလားခဲ့မယ်ဆိုရင် ဒီအမှုကို ကိုယ်ကျိုးစီးပွားအတွက် အသုံးမချပါနဲ့” ဟု ပြောသည်။

မလိုလားအပ်သည့် ဖိအားပေးမှုများသည် တန်ပြန်ဆိုးကျိုးများ ဖြစ်လာနိုင်သည်ဟုလည်း ဒုဝန်ကြီးက ဆိုသည်။

သတင်းထောက်နှစ်ဦးအမှုနှင့်ပတ်သက်ပြီး စာရွက်စာတမ်းများ ပေးခဲ့သည့် ရဲနှစ်ဦးလည်း ဖမ်းဆီးခံထားရပြီး ၎င်းတို့နှစ်ဦးနှင့်ပတ်သက်၍ မည်ကဲ့သို့ ဆောင်ရွက်နေသည်ကို သဲသဲကွဲကွဲ မသိရှိရသေးပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly