မြောက်ဦးဆေးရုံမှ ၃ ဦး ထွက်ပြေး လွတ်မြောက်မှု ၊ ရဲတပ်ဖွဲ့ဝင် ၂ ဦးကို တာဝန်ပေါ့လျော့မှုဖြင့် အရေးယူ

မြောက်ဦးဆေးရုံမှ ၃ ဦး ထွက်ပြေး လွတ်မြောက်မှု ၊ ရဲတပ်ဖွဲ့ဝင် ၂ ဦးကို တာဝန်ပေါ့လျော့မှုဖြင့် အရေးယူ
 ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေအား ဇန်နဝါရီ ၂၂ ရက်နေ့က စစ်တွေမြို့တွင် ပြုလုပ်သည့် မြောက်ဦးပစ်ခတ်မှုနှင့် ဖမ်းဆီးမှုများတို့အပေါ် သတင်းစာရှင်းလင်းပွဲ အခမ်းအနားတွင် တွေ့မြင်ရစဉ် (ဓာတ်ပုံ - RiA)

 

မြောက်ဦး၊ ဇန်နဝါရီလ ၂၆ ရက်။                 ။  မြောက်ဦးပစ်ခတ်မှုဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သော အရပ်သား ၃ ဦးကို ဆေးကုသနေစဉ် ထွက်ပြေးသွားမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦးအား ဖမ်းဆီး အရေးယူထားကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြောသည်။

“ အဲဒါက ဆေးကုနေတဲ့ လူနာ သုံးယောက် ထွက်ပြေးသွားလို့ တာဝန်ရှိတဲ့သူတွေကို တာဝန်ပေါ့လျှော့မှုနဲ့ အရေးယူ ထားတာပါ။ ရဲအရာရှိတစ်ယောက်နဲ့ ရဲတပ်သား တစ်ယောက်ကို အရေးယူထားပါတယ်။ အသေးစိတ် ကိုတော့ ရဲတပ်ဖွဲ့ကပဲ သိမှာပါ။” ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အထွေထွေအုပ်ချူပ်ရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်မောင်ဆွေက ပြောသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ညက မြောက်ဦးမြို့နယ်တွင် ဖြစ်ပေါ်ခဲ့သည့် ဆူပူမှုအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်၍ နှိမ်နင်းခဲ့ရာ အရပ်သား ၇ ဦး သေဆုံးပြီး၊ ၁၂ ဦး ဒဏ်ရာ ရရှိခဲ့သည်။

ဒဏ်ရာ ရရှိသူ ၁၂ ဦးအနက် ၄ ဦးမှာ မြောက်ဦးပြည်သူ့ဆေးရုံ၊ ကျန် ၈ ဦးမှာ စစ်တွေပြည်သူ့ဆေးရုံတွင် ကုသလျက်ရှိပြီး အဆိုပါ ၁၂ ဦးအား နိုင်ငံတော်ပိုင်ပစ္စည်းဖျက်ဆီးမှု ဥပဒေပုဒ်မ ၆ (၁) ဖြင့် အမှုဖွင့်ထားသည်။

ထို ၁၂ ဦးအနက် မြောက်ဦးဆေးရုံမှ ၃ ဦးမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့ခြင်းဖြစ်ပြီး ယင်းကိစ္စအတွက် တာဝန် ပေါ့လျော့သည်ဟု ဆိုကာ တာဝန်ရှိသူများကို ယခုလို ဖမ်းဆီးအရေးယူထားခြင်းလည်း ဖြစ်သည်။

ဖမ်းဆီးခံထားရသည့် ရဲတပ်ဖွဲ့ဝင် ၂ ဦး၏ အခြေအနေများနှင့် ပတ်သက်၍ မြောက်ဦးမြို့မ ရဲစခန်းသို့ ဆက်သွယ် မေးမြန်းခဲ့ရာတွင် “ကျွန်တော်တို့မှာ ပြောပိုင်ခွင့်မရှိပါဘူး။ အဲဒီကိစ္စကို စွက်ဖက်ပြီး မမေးပါနဲ့၊ မေတ္တာရပ်ခံပါတယ်” ဟု စခန်းမှူး ဦးသိန်းနိုင်အေးက ဖြေကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required