မန်ယူနှင့်မော်ရင်ဟို ၂၀၂၀ ထိ စာချုပ်သက်တမ်းတိုး

မန်ယူနှင့်မော်ရင်ဟို ၂၀၂၀ ထိ စာချုပ်သက်တမ်းတိုး

 

ဇန်နဝါရီ ၂၆၊ မန်ချက်စတာ။               ။ မန်ချက်စတာယူနိုက်တက်နည်းပြမော်ရင်ဟိုသည် အသင်းနှင့် ၂၀၂၀ ထိ စာချုပ်သက်တမ်းတိုးလိုက်ပြီး တစ်နှစ်ထပ်မံသက်တမ်း တိုးခွင့်ရှိသည့်အချက်လည်း စာချုပ်သစ်တွင် ပါဝင်သည်။

အသက် ၅၄ နှစ်အရွယ်နည်းပြ၏စာချုပ်အဟောင်းမှာ ၂၀၁၉ တွင်ကုန်ဆုံးမည်ဖြစ်သည်။ စာချုပ်သက်တမ်းတိုးပြီးနောက် မော်ရင်ဟိုက “မန်ချက်စတာယူနိုက်တက်နည်းပြဖြစ်ခွင့်ရတာ တကယ်ပဲဂုဏ်ယူမိပါတယ်။ အခုလိုကျွန်တော့်ရဲ့ကြိုးစားမှုကို အသိအမှတ်ပြုပေးတဲ့ အသင်းပိုင်ရှင်တွေနဲ့ မစ္စတာဝုဒ်ဝါ့ဒ်ကိုလည်း ကျေးဇူးတင်ပါတယ်။

ဒီအသင်းနဲ့သင့်တော်တဲ့နည်းပြလို့ သူတို့ကမှတ်ယူကြတဲ့အတွက် ဝမ်းသာပါတယ်။ မူလစာချုပ်က သုံးနှစ်ပါ။ အခုတော့ သုံးနှစ်မကပဲ လေး၊ ငါးနှစ်ဖြစ်တယ်ဆိုတာကို လူတိုင်းကိုအသိပေးနိုင်ခဲ့တဲ့အပြင် ဒီထက်လည်းပိုသွားနိုင်တယ်ဆိုတာကို ဘယ်သူသိနိုင်မလဲ”ဟု ပြောသည်။

မော်ရင်ဟိုသည် ၂၀၁၆ မေတွင် ဗန်ဟားလ်နေရာဆက်ခံသူဖြစ်လာခဲ့ပြီး ပထမဆုံးရာသီတွင် EFL ဖလားနှင့် ယူရိုပါလိဂ်ဖလား ရယူနိုင်ခဲ့သည်။

လက်ရှိရာသီတွင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားကိုဦးဆောင်သူမန်စီးတီးအသင်း၏နောက် ဒုတိယနေရာ၌ရှိနေပြီး ချန်ပီယံလိဂ်နှင့် အက်ဖ်အေဖလားပြိုင်ပွဲတွင်လည်း ဆက်ရှိနေသေးသည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly