ထူးချွန်သော နိုင်ငံ့ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ရေးအဆို လွှတ်တော် အတည်ပြု

ထူးချွန်သော နိုင်ငံ့ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ရေးအဆို လွှတ်တော် အတည်ပြု
ရန်ကုန်စာတိုက်ကြီးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ(ဓာတ်ပုံ- ဟောင်ဆာ(ရာမည)/မဇ္ဈိမ)

နေပြည်တော်(ဇန်နဝါရီ ၂၅ရက်၊ ၂၀၁၈ခုနှစ်)။ ။ နိုင်ငံ့ဝန်ထမ်းတို့၏ စိတ်ဓာတ်နှင့် လုပ်ငန်းစွမ်းဆောင်ရည်တို့ကို မြှင့်တင်ပေးရန် ထူးချွန်သော ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်းများ ပြုလုပ်ပေးရေး အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ဇန်နဝါရီ ၂၅ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အတည်ပြုလိုက်သည်။

ခရမ်းမဲဆန္ဒနယ်မှ ဒေါက်တာအေးမင်း တင်သွင်းသည့် “နိုင်ငံ့ဝန်ထမ်းများအတွင်း သတ်မှတ် အရည်အချင်းများနှင့် ကိုက်ညီပြီး ထူးချွန်စွာ တာဝန် ထမ်းဆောင်သူများမှ သင့်လျော်သော ဝန်ထမ်း အရေအတွက်ကို ဘွဲ့တံဆိပ်၊ အဆောင်အယောင်များ၊ အပန်းဖြေလေ့လာရေးခရီးများ၊ နိုင်ငံရပ်ခြား ပညာတော်သင် ခရီးစဉ်များနှင့် အခြားသော ဂုဏ်ပြုချီးမြှင့်၊ အသိအမှတ်ပြုမှုများ ပြုလုပ်ပေးခြင်းဖြင့် နိုင်ငံ့ဝန်ထမ်းတို့၏ စိတ်ဓာတ်နှင့်လုပ်ငန်း စွမ်းဆောင်ရည် တို့ကို မြှင့်တင်ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း” အဆိုကို လွှတ်တော်က အတည်ပြုလိုက်ခြင်း ဖြစ်သည်။

“ထူးချွန်ဝန်ထမ်းတွေကို ဆုတွေချီးမြှင့်ဖို့တွေ၊ အသိအမှတ်ပြုဖို့တွေကိစ္စက ဥပဒေထဲ၊ ညွှန်ကြားချက်တွေထဲမှာလည်း အတိအကျပါပြီး ဖြစ်ပါတယ်။ အဲ့ဒါကို တစ်ကယ် ထိထိရောက်ရောက် လုပ်ဖို့ပဲ လိုပါတယ်” ဟု အဆိုရှင် ဒေါက်တာအေးမင်းက လွှတ်တော်အစည်းအဝေးအပြီးတွင် မီဒီယာများကို ပြောသည်။

အဆိုနှင့်ပတ်သက်ပြီး လာရောက် ရှင်းပြသည့် ပြည်ထောင်စုရာထူးဝန်ဥက္ကဌ ဒေါက်တာဝင်းသိန်းက နိုင်ငံတော်မှ နိုင်ငံ့ဝန်ထမ်းများ၏ စိတ်ဓာတ်နှင့် လုပ်ငန်းစွမ်းဆောင်ရည်တို့ကို မြှင့်တင်ပေးရန် ရာထူးတိုးမြှင့်ပေးခြင်း၊ ကြိုတင်နှစ်တိုးလစာချီးမြှင့်ခြင်း၊ ဂုဏ်ပြုလွှာပေးအပ်ခြင်း၊ ဆုချီးမြှင့်ခြင်း၊ ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်းခြင်း၊ နိုင်ငံခြားပညာတော်သင်စေလွှတ်ခြင်း၊ အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ လေ့လာရေးခရီးစဉ်များ စေလွှတ်ခြင်း စသည်တို့ကို လုပ်ဆောင်လျက်ရှိကြောင်း လွှတ်တော်တွင် ပြောသည်။

နိုင်ငံတော်က ထိုသို့လုပ်ဆောင်နေခြင်းကြောင့် အဆိုအား အတည်ပြုသင့်ကြောင်း ပြည်ထောင်စုရာထူးဝန်ဥက္ကဌက လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ပြီး အဆိုကို ကန့်ကွက်သူမရှိ အတည်ပြုလိုက်ခြင်းလည်း ဖြစ်သည်။

အဆိုကို ဆွေးနွေးခဲ့သည့် လွှတ်တော်အမတ် ၁၆ဦးအနက် တပ်မတော်သားအမတ် ၂ဦးက အောက်ပါအတိုင်း အကြံပြု ဆွေးနွေးခဲ့သေးသည်။

တပ်မတော်သားအမတ် ဒုတိယဗိုလ်မှူးကြီး ကျော်သီဟက “ထူးချွန်ဝန်ထမ်းများအား ချီးမြှင့်ပေးသလို နိုင်ငံ့ဝန်ထမ်းများကိုလည်း ခေတ်ကာလနှင့်အညီ လစာစရိတ် တိုးမြှင့်ပေးနိုင်ပါက ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း အကြံပြု ဆွေးနွေးလိုပါတယ်” ဟု ဆိုသည်။

အဆိုကို ဝင်ရောက်ဆွေးနွေးခဲ့သူ နောက်ထပ် တပ်မတော်သားတစ်ဦးဖြစ်သည့် ဗိုလ်မှူး မင်းဇာနည်ထွေးကမူ လက်ရှိအခြေအနေတွင် အခြေခံစားသောက်ကုန်ဈေးနှုန်းနှင့် အသုံးအဆောင်ပစ္စည်းဈေးနှုန်းများ မြင့်တက်လာသော်လည်း နိုင်ငံ့ဝန်ထမ်းများ၏ လစာနှင့် အခြားပံ့ပိုးမှုများကို တိုးမြှင့်ပေးနိုင်သည့် အခြေအနေ မရှိသေးကြောင်း ဆွေးနွေးခဲ့သည်။

ထို့ပြင် ဌာနများတွင် ဝန်ထမ်းအင်အား ဖွဲ့စည်းပုံပြည့်မီအောင် ခန့်အပ်ထားနိုင်ခြင်း မရှိသည့်အတွက် အချို့ဝန်ထမ်းများမှာ အလုပ်တာဝန်ကို ပိုမိုထမ်းဆောင်နေကြရသည်ဟုလည်း ဗိုလ်မှူး မင်းဇာနည်ထွေးက ပြောသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ စာရင်းများအရ ၂၀၁၇ခုနှစ်အတွင်း နိုင်ငံ့ဝန်ထမ်း ၉၇၉၀၀ဦးကို ဂုဏ်ထူးဆောင်ဘွဲ့/တံဆိပ် ၁၃မျိုး ချီးမြှင့်အပ်နှင်းခဲ့သည်ဟု သိရသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly