လိပ်ကျွန်းသေဒဏ်အမှုအယူခံအတွက် ထိုင်းအစိုးရရှေ့နေဘက်မှ ခုခံချေပရန် တစ်လ ထပ်မံရွှေ့ဆိုင်း

လိပ်ကျွန်းသေဒဏ်အမှုအယူခံအတွက် ထိုင်းအစိုးရရှေ့နေဘက်မှ ခုခံချေပရန် တစ်လ ထပ်မံရွှေ့ဆိုင်း
ဓာတ်ပုံ - အီပီအေ

 

ဇန်နဝါရီလ ၂၅ ရက်၊၂၀၁၈ ခုနှစ်။ ချင်းမိုင်(မဇ္ဈိမ)။            ။ ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းတွင် ဗြိန်တိန်နိုင်ငံသားနှစ်ဦး အသတ်ခံမှုဖြင့် သေဒဏ်ကျခံနေရသူ မြန်မာနှစ်ဦး နောက်ဆုံး အယူခံအပေါ် ထိုင်းအစိုးရ ရှေ့နေဘက်မှ ချေပရန် လျှောက်လဲချက် မတင်နိုင်သေးသဖြင့် ဇန်နဝါရီလ ၂၄ ရက်နေ့က တစ်လ ထပ်မံ ရက်တိုးတောင်းဆိုကိုမှု ထိုင်းအဆင့်မြင့်တရားရုံးက ခွင့်ပြုလိုက်သည်။

လူသတ်မှုဖြင့် သေဒဏ်ကျခံနေရသည့် မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့နှစ်ဦး၏ အယူခံကို ထိုင်းအစိုးရ ရှေ့နေဘက်မှ အဆင့်မြင့် တရားရုံးတွင် ဇန်နဝါရီလ ၂၃ ရက်နေ့   လျှောက်လဲချက် တင်ရမည် ဖြစ်သော်လည်း အဆင်သင့် မဖြစ်သေးသဖြင့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နောက်ဆုံးထား လျှောက်လဲချက် တင်ရန် ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

“၂၂ ရက်၊၂ လ ၂၀၁၈ ရက်နေ့ထိ ထိုင်းအစိုးရရှေ့နေဘက်က ရက်ထပ်တိုးတောင်းတာပါ။ ဒါက တရားရုံးရဲ့ သဘောပါ။ ခိုင်လုံတဲ့ အကြောင်းပြချက်နဲ့ တင်ပြပြီးတော့ တောင်းရတာပါ။ သို့သော် ထိုင်းအစိုးရရှေ့ကနေ ဘက်ကလည်း နိုင်ငံတော် ဝန်ထမ်းပိုင်းလည်း ဖြစ်တယ်။ အဆင့်အမြင့်ဆုံး တရားရုံးတွေက အမိန့်ကို မှန်ကန်စွာ ချမှတ်ကြပါတယ်”ဟု အမှုအား ကူညီပေးနေသူ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့၏ နောက်ဆုံး ၃၁၉ မျက်နှာပါ အယူခံကို ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့က ကော့စမွေ တရားရုံးမှတဆင့် ထိုင်း ဗဟိုတရားရုံးချုပ်သို့ တင်သွင်းခဲ့ပြီး စက်တင်ဘာလ ၁၈ ရက်နေ့က ထိုင်းအဆင့်မြင့် တရားရုံးက လက်ခံခဲ့ပြီး ၎င်းအယူခံအပေါ် ထိုင်းအစိုးရ ရှေ့နေမျာဘက်မှ အောက်တိုဘာလ ၂၂ ရက်နေ့ ခုခံချေပချက် လျှောက်လဲရန် အမိန့်ချမှတ်ခဲ့သည်။

သို့သော် အယူခံအပေါ် ထိုင်းအစိုးရဘက်မှ ပြန်လည် ချေပလျှောက်လဲချက် တင်သွင်းရန် အဆင်သင့်မဖြစ်သဖြင့် အချိန် ၅ လကြာ ၅ ကြိမ်တိုင်တိုင် တစ်လစီ ရက်တိုးမြှင့်တောင်းဆိုနေခြင်း ဖြစ်သည်။

“အန်ကယ်တို့ဘက်က အယူခံ ၃၁၉ မျက်နှာရှိတဲ့ အယူခံ လျှောက်လွာ တင်ထားပြီး ဖြစ်ပေမဲ့လည်း အစိုးရရှေ့နေဘက်က ခုခံချေပလျှောက်လဲချက် မတင်ရသေတာကို စောင့်ပေးပြီးတော့အမှန်အတိုင်း ဆုံးဖြတ်ဖို့ ကြိုးစားနေတယ်လို့ဘဲ ထင်ပါတယ်”ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

လာမည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ခုခံချေပ လျှောက်လဲချက် တင်ပြပြီနောက် ၆ လခန့်အတွင်း အမိန့်ချနိုင်မည်ဟု သူက သုံးသပ်သည်။

၂၀၁၄ ခုနှစ် လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသား အသက် ၂၄ နှစ် ဒေးဗစ်မေလာနှင့် အသက် ၂၃ နှစ် ဟာနာဝစ်သာရစ်တို့ အသတ်ခံရပြီးနောက် ကိုဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အား ဖမ်းဆီးကာ လူသတ်မှု အပါအဝင် ၇ မှုဖြင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က သေဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required