Barbie ဇာတ်ကား ဖြန့်ချီမည့်အချိန်ကို ၂၀၂၀ ခုနှစ်အထိရွှေ့ဆိုင်း

Barbie ဇာတ်ကား ဖြန့်ချီမည့်အချိန်ကို ၂၀၂၀ ခုနှစ်အထိရွှေ့ဆိုင်း

 

ဆိုနီကုမ္ပဏီမှထုတ်လုပ်ပြီး ဘာဘီအရုပ်မလေးများအကြောင်း ရိုက်ကူးမည့် Barbie ဇာတ်ကား ထွက်ရှိမည့် အချိန်ကို ၂၀၂၀ ခုနှစ်အထိ ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

Deadline ၏အဆိုအရ ယင်းရုပ်ရှင်သည် နဂိုထွက်ရှိရန်စီစဉ်ထားသည့် အချိန်ထက် ၂ နှစ်ခန့်နောက်ကျသွား မည်ဖြစ်ပြီး ကနဦးက ယခုနှစ်သြဂုတ်လတွင် ဖြန့်ချီရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

Barbie ဇာတ်ကားတွင် မင်းသမီးအေမီရှုးမားက ခေါင်းဆောင်ဇာတ်ကောင်နေရာမှ ပါဝင်သရုပ်ဆောင်သွားရန် စီစဉ်ထားသော်လည်း ယခုအခါတွင် သူမအစား အန်နီဟတ်သ်ဝေးက သရုပ်ဆောင်ရန် ထုတ်လုပ်သူများနှင့် ဆွေးနွေးနေပြီဖြစ်သည်။

အေမီရှုးမားသည် အချိန်ဇယားပြသနာများကြောင့် ယင်းဇာတ်ကားရိုက်ကူးရေးမှ လွန်ခဲ့သောမတ်လက နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က သူမက “ဒီရုပ်ရှင်ဟာ အလားအလာကောင်းတွေ အများကြီးရှိပါတယ်။ Sony နဲ့ Mattel ကုမ္ပဏီတို့ဟာ ကောင်းမွန်တဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်ပါတယ်။ ဒါပေမယ့် ကျမအနေနဲ့က တော့ ဒီဇာတ်ကားကို ရုပ်ရှင်ရုံမှာပဲ သွားကြည့်ပါတော့မယ်” ဟု ပြောဆိုခဲ့သည်။

Barbie ဇာတ်ကားသည် ဘာဘီမိန်းကလေးဖြစ်ရန် ပြည့်စုံလုံလောက်သော အရည်အချင်းမရှိသည့်အတွက် ဘာဘီကမ္ဘာမှ ထုတ်ပယ်ခံရသည့် ဘာဘီမလေးအကြောင်းကို ဇာတ်အိမ်တည်ထားခြင်းဖြစ်ပြီး ဒါရိုက်တာ အလီသီယာဂျုံးစ်က ရိုက်ကူးသွားမည်ဖြစ်သည်။

လက်ရှိအချိန်တွင် ရိုက်ကူးရေးများ မစတင်ရသေးသည့် ယင်းဇာတ်ကားကို ၂၀၂၀ ခုနှစ် မေလ ၈ ရက်နေ့မှသာ ရုံတင်ပြသသွားရန် စီစဉ်ထားကြောင်း သိရသည်။

Ref: BBC

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required