အဆိုပြုချက် ၈ ချက် နိဂုံးချုပ်နိုင်ရေး UNFC အဖွဲ့အတွင်း အကျေအလည် ဆွေးနွေးသွားမည်ဟုဆို

အဆိုပြုချက် ၈ ချက် နိဂုံးချုပ်နိုင်ရေး UNFC အဖွဲ့အတွင်း အကျေအလည် ဆွေးနွေးသွားမည်ဟုဆို

 

ရန်ကုန်၊ ဇန်နဝါရီ ၂၅ ။             ။ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) မှ အပစ်ရပ်လက်မှတ်ရေးထိုးရေး အတွက်ဆိုပြုထားသည့် အချက် ၈ ချက်နှင့်ပက်သက်ပြီး အစိုးရ တပ်မတော်နှင့် မပြေလည်သေးသည့်အတွက် နိဂုံးချုပ်နိုင်ရေး UNFC အဖွဲ့အတွင်းအကျေအလည်ဆွေးနွေးသွားမည်ဟု သိရသည်။

UNFC အဖွဲ့ဝင်များဖြစ်ကြသည့် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ NCA  လက်မှတ် ရေးထိုးမည်ဟုပြောဆိုခဲ့ပြီးနောက် ဇန်နဝါရီ ၂၄ ရက်စွဲဖြင့် ထုတ်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

ထို့အပြင် အကျပ်ကိုင်အဖြေရှာသည့်နည်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲသောပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်မဟုတ်ဟုလည်း ဆိုသည်။

UNFC အဖွဲ့ဝင်များဖြစ်ကြသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊  ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမို ကရပ်တစ်အစည်းအရုံး (LDU) တို့သည် အပစ်ရပ်လက်မှတ် အတူရေးထိုးရန် သဘောတူခဲ့ကြခြင်းလည်း ဖြစ်သည်။

ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် တပ်မတော်မှတင်ပြသည့် “ ဒီမိုကရစီဖက်ဒရယ် “ ဆိုသည့်စကား ရပ်နှင့် UNFC မှတင်ပြသည့် “ ဖက်ဒရယ်ဒီမိုကရေစီ” ဟူသောစာကားရပ်တို့ အပေါ်သဘော တူညီချက်မရရှိသေးဘဲ NCA ရေးထိုးရန်ကြန့် ကြာနေခြင်း လည်းဖြစ်သည်။

သဘောတူညီမှုမရရှိသေးသည့် ဝေါဟာရနှစ်ခု နှင့်ပတ်သက်၍ UNFC ၏ နိုင်ငံရေးဆိုင်ရာဆွေးနွေးညှိနှိုင်းရေး အဖွဲ့ (DPN) နှင့်ငြိမ်းချမ်းရေးကော်မရှင် (PC) တို့အကြား ဆွေးနွေးပွဲများရပ်တန့်သွားခဲ့ပြီး နှစ်ဖက် ဆုံးဖြတ်ချက် ချမှတ်နိုင်သည့် ထိပ်သီးခေါင်းဆောင်များအဆင့်တွင် တွေ့ဆုံညှိ နှိုင်းအဖြေရှာရန် သဘောတူခဲ့ကြသော်လည်း လတ်တလောတွင် တွေ့ဆုံနိုင်ခြင်းမရှိေသေးပေ။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ညှိနှိုင်းအဖြေရှာရန် DPN နှင့် PC တို့အကြား နည်းလမ်း မျိုးစုံဖြင့် ကြိုးပမ်းနေချိန် အတွင်း အစိုးရတပ်မတော်ဘက်က ထိုကဲ့သို့ အကျပ်ကိုင် အဖြေရှာလာသောကြောင့်ဆွေးနွေးပွဲများ ရပ်ရခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက် တွင်ရေးသားထားသည်။

ထို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှုနှင့်ပတ်သက်၍ NCA လမ်းကြောင်းတစ်ခုတည်းကို အသေဆုပ်ကိုင်ရပ်တည်ပြီး နည်းလမ်း ဟောင်းများအတိုင်း ဖိအား ပေးလျှောက်လှမ်းနေမည်ဆိုပါ အဆင်ပြေနိုင်မည်မဟုတ်ဟုလည်း UNFC ကဆိုသည်။

သို့သော် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးမည်ဟု မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့က ဇန်နဝါရီ ၂၃ ရက်တွင်ကြေညာခဲ့သောကြောင့် UNFC  အဖွဲ့များထဲတွင် NCA ရေးထိုးရန် ကရင်နီအမျိုးသားတိုးတတ်ရေးပါတီနှင့် ရခိုင်အမျိုး သားကောင်စီ ၂ဖွဲ့သာကျန်ရှိတော့မည်ဖြစ်သည်။

NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး ကော်မရှင် (PC) နှင့် DPN တို့အကြား အဆိုပြုချက် (၈)ချက် သဘောတူညီမှု ရရှိစေရေး အတွက် ဆွေးနွေးညှိနှိုင်း ခဲ့သည်မှာ (၁၇) လကျော်လွန်၍ တရားဝင်ဆွေးနွေးပွဲ (၈)ကြိမ်မြောက်ထိတိုင်ပြုလုပ်ခဲ့ပြီး ပြေလည်မှုမရရှိသေးခြင်းလည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags