ဘီလ်ရစ်ချက်ဆန် နှုတ်ထွက်မှုအပေါ်မှာ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးရဲ့ သုံးသပ်မှု

ဘီလ်ရစ်ချက်ဆန် နှုတ်ထွက်မှုအပေါ်မှာ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးရဲ့ သုံးသပ်မှု

 

“ သူက အစိုးရအဖွဲ့ရဲ့ အကြံပေးမဟုတ်ဘူး” ဟု ဦးဇော်ဌေးပြောဆို

ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်ပြီး ဒေါက်တာဝင်းမြတ်အေးဦးဆောင်တဲ့ ကော်မတီကို အကြံပေးဖို့ ဖွဲ့စည်းထားတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးအဖဲ့ွမှ အမေရိကန်ဝန်ကြီးဟောင်း ဘီလ် ရစ်ချက်ဆန် ဇန်နဝါရီလ ၂၄ ရက်က နှုတ်ထွက်သွားခဲ့ပါတယ်။ ဒီ နှုတ်ထွက်မှုအပေါ် နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး နှင့် မဇ္ဈိမသတင်းထောက် ဇေယျာမော်က ဇန်နဝါရီလ ၂၅ ရက် မနက်ပိုင်းမှာ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ အမေရိကန်ဝန်ကြီးဟောင်း ဘီလ် ရစ်ချက်ဆန်ရဲ့ နှုတ်ထွက်မှုအပေါ် ဘာပြောချင်တာရှိမလဲ။

ဖြေ။ ဘီလ် ရစ်ချက်ဆန်ကို တစ်ဦးချင်း ပုဂ္ဂိုလ်တစ်ဦးချင်းအနေနဲ့ ကမ်းလှမ်းတာပေါ့နော်။ ကမ်းလှမ်းတဲ့အခါမှာ သူကိုယ်တိုင်ပဲ လိုလိုလားလားနဲ့ ဆန္ဒပြုတယ်။ အဲ့ဒီအတွက် အကြံပေးအဖွဲ့မှာ ပါလာတယ်ပေါ့။ အကြံပေးအဖွဲ့ လာတဲ့အချိန်မှာ ဒီလိုမျိုးကိစ္စဖြစ်ပြီး နှုတ်ထွက်သွားတဲ့အပေါ်မှာ ကျွန်တော်တို့က စိတ်မကောင်းဖြစ်ရတယ်။

မေး။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့ အကြောင်း ပြောပါဦး။

ဖြေ။ ဒီအကြံပေးအဖွဲ့ဖြစ်ပေါ်လာရတဲ့အကြောင်းရင်းပေါ့နော်။ ဒုတိယသမ္မတဦးမြင့်ဆွေဦးဆောင်တဲ့ ကော်မရှင် နဲ့ မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်ရှိတယ်။ အဲ့ကော်မရှင်နှစ်ခုရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ဆိုပြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်တဲ့ ကော်မတီဖွဲ့ထားတယ်။ ဒေါက်တာ ဝင်းမြတ်အေးကော်မတီကို အကြံပေးဖို့ ဒီ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးအဖဲ့ွကို ဖွဲ့စည်းတာ ဖြစ်တယ်။ ဒီအကြံပေးအဖွဲ့ဘာတွေလုပ်ရမယ်ဆိုတာကို လုပ်ငန်းလမ်းညွှန်၊ အဖွဲ့ရဲ့ လုပ်ဆောင်ရမယ့်တာဝန်တွေက ဘယ်လို၊ အကြံပေးရမယ့်ဟာက ဘာ ဆိုပြီး ရေးထားပြီးတော့ သူတို့ကို ပေးထားပြီးသားပါ။ ဒီ လုပ်ငန်း လမ်းညွှန် TOR ကို ကောင်းကောင်းဖတ်ရှုလေ့လာထားမယ်လို့လည်း ကျွန်တော်တို့ဘက်က ယူဆထားတယ်။ ဒီအကြံပေးအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်က အကန့်အသတ်ရှိတယ်။ ဘောင်ရှိတယ်။ ရခိုင်ပြည်နယ်ဆိုင်ရာကိစ္စရပ်တွေ အကောင်အထည်ဖော်တဲ့အခါမှာ လုပ်သင့်လုပ်ထိုက်တာတွေအကြံပြုတယ်။ ဆိုလိုတာက ကျွန်တော်တို့ဘက်က လုပ်ပိုင်ခွင့်ကို ရခိုင်ကိစ္စမှာ အကြံပြုဖို့ ပေးထားတယ်။ ဒီအကြံပေးအဖွ့ဲရဲ့ လုပ်ပိုင်ခွင့်က ဘာလဲ။ အဲ့ဒီမှာ ပါတဲ့ အကြံပေးအဖွဲ့ဝင်တစ်ဦးချင်းလုပ်ကိုင်ဆောင်ရွက်ရမယ့်လုပ်ငန်းတာဝန်တွေကဘာလဲဆိုတာ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ထားဖို့လိုလိမ့်မယ်။ ဘီလ်ရစ်ချက်ဆန်အနေနဲ့ အဲ့ဒီလိုနားလည် သဘောပေါက် ထားမှု အားနည်းတယ်လို့ ယူဆတယ်။ လုပ်ပိုင်ခွင့်အပေါ်မှာ ရှင်းရှင်းလင်းလင်းနားလည်သဘောပေါက်ထားမှု အားနည်းတဲ့အခါမှာ အခုလို မဆိုင်တဲ့ကိစ္စတွေ ဆွေးနွေးတဲ့အခါမှာ အခုလို ပြောစရာတွေရှိပြီးတော့ ဖြစ်လာခဲ့တယ်ပေါ့နော်။ ဘီလ်ရစ်ချက်ဆန်အနေနဲ့ လုပ်ပိုင်ခွင့်ကို ကောင်းကောင်းနားလည်ရဲ့လား။ TOR လုပ်ငန်းလမ်းညွှန် ဖတ်ရဲ့လား၊ အကြံပေးအဖွဲ့ရဲ့ လုပ်ပိုင်ခွင့် ၊ အကြံပေးအဖွဲ့မှာ ပါဝင်တဲ့ အဖွဲ့ဝင်တွေရဲ့ လုပ်ပိုင်ခွင့် ဘာလဲဆိုတာ ကောင်းကောင်းနားလည်တဲ့ပုံမပေါ်ဘူးလို့ ယူဆတယ်။ အားနည်းတယ်ပေါ့ဗျာ။ ကိုယ်လုပ်ရမယ့် လုပ်ငန်းတာဝန်ကို လေ့လာမှုအားနည်းတယ်လို့ ယူဆတယ်။

မေး။ ဘာကြောင့် နှုတ်ထွက်သွားတာလဲ။

ဖြေ။ အစည်းအဝေးတွေရဲ့ သဘောသဘာဝနဲ့ အစည်းအဝေးအာဂျင်ဒါ ပေါ့။ အစည်းအဝေးလုပ်တဲ့အခါမှာ ဆွေးနွေးတဲ့ အကြောင်းအရာကို ဦးတည်တယ်။ ဦးတည်ပြီးတော့ ဆွေးနွေးကြရတာ။အဲ့ဒီလိုဆွေးနွေးတဲ့အခါမှာ ဟိုရောက်ဒီရောက် မဖြစ်အောင် မသက်ဆိုင်တဲ့ကိစ္စတွေမဆွေးနွေးအောင် အစည်းအဝေးအစီအစဉ် အာဂျင်ဒါတွေချမှတ်တယ်။ အစည်းအဝေးအာဂျင်ဒါကလည်း ရခိုင်ကိစ္စနဲ့ပတ်သက်လို့ ရခိုင်အကြံပေးအဖွဲ့နဲ့တွေ့တဲ့အချိန်မှာ ရခိုင်ကိစ္စတွေပဲ ဆွေးနွေးဖို့ လိုတာပေါ့နော်။ အဲ့ဒီလိုမဟုတ်ဘဲ မြန်မာတစ်နိုင်ငံလုံးရေးရာကိစ္စတွေချည်း ပြောနေရင် ဘယ်တော့မှ ပြီးမှာမဟုတ်ဘူး။အစည်းအဝေးကလည်း ပြီးမှာမဟုတ်ဘူး။အစည်းအဝေးမှာ ကောင်းမွန်တဲ့ ရလဒ်တွေထွက်မှာ မဟုတ်ဘူး။ ဒီလိုညှိနှိုင်းဆွေးနွေးပွဲက အာဂျင်ဒါနဲ့ သွားရတာပေါ့နော်။ ဒီအစည်းအဝေးကိုက အကြံပေးအဖွဲ့နဲ့ နိုင်ငံတော်အစိုးရတာဝန်ရှိသူတွေတွေ့ဆုံတဲ့ အစည်းအဝေးဖြစ်တယ်။ ဒီပွဲမှာ သူရဲ့ လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီး ဆွေးနွေးတဲ့အခါမှာ ဒီအစည်းအဝေးအစီအစဉ်နဲ့ မသက်ဆိုင်တဲ့ ကိစ္စတွေ ဆွေးနွေးတဲ့အခါမှာ အခုလိုဖြစ်တယ်လို့ ယူဆတယ်။

မေး။ နှုတ်ထွက်သွားတဲ့အခါ နိုင်ငံတော်အတိုင်ပင်ခံအပေါ် ပြောဆိုမှုတွေ ကြားသိရပါတယ်။ အဲဒီအပေါ်မှာ ဘာများ ပြောချင်တာရှိမလဲ။

ဖြေ။  ရခိုင်ကိစ္စဆွေးနွေးတဲ့အခါမှာ သတင်းလွတ်လပ်ခွင့်တွေ၊ သတင်းထောက်ကိစ္စတွေဆွေးနွေးတဲ့အခါမှာ မှန်ရဲ့လားဆိုတာ ရစ်ချက်ဆန်အနေနဲ့ ပြန်သုံးသပ်သင့်တယ်။ သူတို့ဖြတ်သန်းလာတဲ့အတွေ့အကြုံတွေ အသိဉာဏ်တွေကို လေးစားတယ်။ တန်ဖိုးထားတယ်။ အဲ့ဒါကြောင့် ရခိုင်ပြည်နယ်အရေးအကြံပေးတဲ့အဖွဲ့မှာ ထည့်တယ်။သူဘက်ကလည်း လိုလိုလားလား ပါတယ်။ အကြံပေးဆိုရင် တစ်နိုင်ငံလုံးဆိုင်ရာကိစ္စတွေ အကြံပေးဖို့ မဟုတ်ဘူးဆိုတာ သူရှင်းရှင်းလင်းလင်း နားလည်ဖို့လိုတယ်။ ရခိုင်ပြည်နယ်ကိစ္စတွေ အကြံပေးရမယ့်ဟာ မဆိုင်တဲ့ဟာတွေပြောတော့ ဒီလိုမျိုး အစည်းအဝေးမျိုးမှာ အချိန်ကုန်တယ်။ ဖြစ်တဲ့အခါကျတော့ အစည်းအဝေး Chair Person က ထိန်းတာမျိုးတွေရှိတာပေါ့နော်။ အဲ့လိုမျိုး ဖြစ်တဲ့အခါကျ တော့ ဒီလို အကြောင်းအရာမျိုးတွေ ဖြစ်လာခဲ့တယ်ပေါ့နော်။ မြန်မာနိုင်ငံအစိုးရက ပြည်တွင်းပြည်ပက ပုဂ္ဂိုလ်တွေရဲ့ အကြံဉာဏ်ကို ယူတယ်။ လုပ်သင့်လုပ်ထိုက်တာကို အစိုးရက လုပ်နေတဲ့ဟာတွေကို ဆက်လက်ပြီးတော့ အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ ရခိုင်ကိစ္စကို ကြိုးကြိုးစားစားဆောင်ရွက်နေတဲ့ အချိန်မှာ အထောက်အကူဖြစ်စေဖို့ ကျွန်တော်တို့ ကမ်းလှမ်းခဲ့တာပါ။ အဲ့ဒီလို အခြေအနေမှာ ဒီလိုမျိုး ပုဂ္ဂိုလ်ရေး ခံစားချက်တွေနဲ့ အယူအဆတွေနဲ့ ဖြစ်တဲ့အခါမှာ ဒီလိုမျိုး ကတောက်ကဆတွေဖြစ်ပြီးတော့ ရစ်ချက်ဆန် ထွက်သွားတယ်ပေါ့။ ထွက်သွားတဲ့အချိန်ကျတော့ ကျွန်တော်တို့လည်း စိတ်မကောင်းဘူး။ အထူးသဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ်မှာ Person attack ပေါ့နော်၊ ပုဂ္ဂိုလ်ရေးအရ ထိုးနှက်တာတွေကို မီဒီယာတွေအပေါ်မှာ အင်တာဗျူးတွေပေးတယ်။ ဒီလိုမျိုး ပြောဆိုနေတာတွေက သူ့ရဲ့ အတွင်းသဘော ရည်ရွယ်ချက်အမှန်က ဘာလဲဆိုတာ သိနိုင်ပါလိမ့်မယ်။ ပြန်သွားပြီးတော့ သတင်းစာရှင်းတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပုဂ္ဂိုလ်ရေးအရ ထိုးနှက်ချက်တွေကို ဆက်တိုက်လုပ်နေတယ်။ ဒီလိုပြောကြားချက်တွေက သူရဲ့ တစ်ဦးချင်းရဲ့ စိတ်ဓါတ်နဲ့ ခံယူချက် စိတ်ရင်းစေတနာအမှန်ကို ဖော်ပြနေတယ်လို့ ထင်ပါတယ်။ နောက်ထပ်တစ်ခါ ထပ်ပြီး စိတ်မကောင်းဘူး။ သူ နှုတ်ထွက်သွားတယ်။ နှုတ်ထွက်သွားတာက ကာယကံရှင်ရဲ့ ရွေးချယ်ပိုင်ခွင့်ဆိုတော့ မတားဘူး။ မူလတုန်းက ပါမယ်ဆိုတာလည်း သူသဘောထားနဲ့ပါတယ်။ ထွက်မယ်ဆိုတာလည်း သူသဘောထားနဲ့ ထွက်တာပဲ။ သို့သော် ထွက်ပြီးတဲ့နောက်ပိုင်းမှာ ကိုယ်ရဲ့လုပ်ငန်းလမ်းညွှန်က ဘာလဲဆိုတာက သေသေချာချာရှင်းရှင်းလင်းလင်းမရှိဘူး။ ပြောချင်တာပြောတယ်၊ ဒီဘက်က လက်မခံတဲ့အခါကျတော့ သူပြောသမျှ ကျွန်တော်တို့က နာခံရအောင် သူက အစိုးရအဖွဲ့ရဲ့ အကြံပေးမဟုတ်ဘူး။ ဒေါက်တာဝင်းမြတ်အေး ဦးဆောင်တဲ့ ကော်မတီရဲ့ အကြံပေးပဲ။ အကြံပေးရမယ်ဆိုတာကလည်း ရခိုင်ကိစ္စတွေပဲ အကြံပေးရမှာ။ ဒီလိုအနေအထားကို နားလည်ဖို့လိုမယ်။ ကိုယ်လုပ်ဆောင်ရမယ့်ဟာကို နားမလည်ဘဲနဲ့ လုပ်တဲ့အခါ ပြီးလည်းပြီးရော အတိုင်ပင်ခံပုဂ္ဂိုလ်ရော မြန်မာနိုင်ငံအစိုးရရော ဒီလိုမျိုး ပြောကြားနေတာရောအတွက် ပိုပြီးတော့တောင်သနားတယ်။ စိတ်မကောင်းဖြစ်ရတယ်။    ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly