ဆင်းရဲမှုကြောင့် အရွယ်မရောက်သေးသူများ ပြည့်တန်ဆာဖြစ်ရ

ဆင်းရဲမှုကြောင့် အရွယ်မရောက်သေးသူများ ပြည့်တန်ဆာဖြစ်ရ

Myanmar Now

မောင်လေးဖြစ်သူနဲ့ သူ့အတွက် ကိုယ့်ဝမ်းကိုယ်ကျောင်း ကိုယ့်ဖာသာ ဖြေရှင်းနေရတဲ့ ၁၆ နှစ်သမီး ဝတ်ရည်အတွက် သူ့အမေ တပတ်လောက်ပျောက်သွားပြီးပြန်ပေါ် လာတော့ အတော်ပျော်သွားသည်။ သို့သော်ထိုအပျော်ကခဏသာခံသည်။

အလွန်ထိခိုက်ကြေကွဲဖွယ်သတင်းစကားနှစ်ခုကို သူ့အမေကသူ့ကိုပြောသည်။ ခင်ပွန်းသည် နောက် အိမ်ထောင်ပြုကတည်းက  မိသားစုစရိတ်အတွက် လိင်လုပ်သားအဖြစ် လုပ်ကိုင်နေခဲ့ရကြောင်းနှင့် ယခုလည်း သမီးဖြစ်သူ၏ အပျိုစင်ဘဝကို စီးပွါးရေးသမားတဦးထံ အမေရိကန်ဒေါ်လာ ၃၀၀၀ နှင့်ရောင်း ချရန်သဘောတူခဲ့ပြီးဖြစ်ကြောင်းသမီးဖြစ်သူကိုပြောပြသည်။

ဤသတင်းဆောင်းပါးတွင်သူ့အမည်ကိုလွှဲထားပေးပါရန် တောင်းပန်ခဲ့သည့် ဝတ်ရည်က သူ့တွင် အခြားဝင်ငွေလည်းမရှိကြောင်း၊ အိမ်မှုကိစ္စများလုပ်ရန်နှင့် မောင်လေးကိုထိန်းရန်အတွက်ကျောင်းမှ လည်းထွက်ထားရကြောင်းပြောပြသည်။ အိမ်တွင်ငွေလည်းပြတ်နေပြီ။ မိုးကျတော့မည်ဖြစ်၍ လှိုင် သာယာရှိသူတို့အိမ်ကလေး၏ဓနိမိုးကိုလည်းအမြန်လဲမှရတော့မည်။ မောင်လေး၏ကျောင်းလခ များလည်းပေးရဦးမည်၊ ကြွေးဟောင်းများလည်းဆပ်ရဦးမည်။

`အမေကပြောတယ်၊ ငါကငွေလက်ခံခဲ့ပြီးပြီတဲ့။ နင်ကဒီအလုပ်တခါမှမလုပ်ဖူးသေးတော့ နင်နာကျင် မှာ တော့ငါစိတ်ပူတယ်။ ဒါကြောင့်လမ်းထိပ်ကဆေးခန်းမှာ ထုံဆေးထိုးပေးဖို့ငွေလဲကြိုပေး ခဲ့ပြီလို့ပြော တယ်။ ကျွန်မလည်းတညလုံးငိုတာဘဲ´ ဟု ဝတ်ရည်က လွန်ခဲ့သော ၂ နှစ်ခန့်ကသူ့အဖြစ်အပျက် ကိုပြန်ပြောပြ ရင်း ငိုသည်။

`နောက်နေ့မနက်ကျတော့ ထုံဆေးထိုးအပြီး အဲဒီလူခေါ်တဲ့နောက်လိုက်ရတာဘဲ။ သူကရန်ကုန်ဆင် ခြေဖုံးမှာရှိတဲ့အိမ်တအိမ်ကိုသူ့ကားနဲ့ခေါ်သွားတယ်။ တနေ့လုံးသူနဲ့နေပေးရတယ်။ ညနေပိုင်းကျတော့ ကျမကိုအိမ်ပြန်ပို့တယ်။ ဆေးကြောင့်နာတော့မနာဘူး။ ဒါပေမဲ့လမ်းကောင်းကောင်းလျှောက်လို့မရ ဘူး´ ဟု ထိုသွယ်သွယ်လျလျကျစ်ကျစ်လျစ်လျစ်ခန္ဓာကိုယ်လေးနှင့် ဝတ်ရည်က Myanmar Now ကိုပြော သည်။

သိပ်မကြာလိုက်ပါ။ ဝတ်ရည်လည်း ဘုရင့်နောင်ကုန်စည်ဒိုင်အနီးရှိ အနှိပ်ခန်းတခုသို့ရောက်ပြီး အလုပ်လုပ်နေရသည်။ အနှိပ်ခန်းဆိုသည်မှာ တကယ်တော့ပြည့်တန်ဆာခန်းတခုလည်းဖြစ်ပြီး ရန်ကုန်မြို့ ရှိအစည်ကားဆုံးနေရာတခုတွင်တည်ရှိနေခြင်းဖြစ်သည်။ ၂ လခန့်ကြာအပြီး လုပ်ဖော် ကိုင်ဖက်များနှင့်လည်းအဆင်မပြေ၊ ပိုင်ရှင်ကလည်းခေါင်းပုံဖြတ်လွန်းသည်ကြောင့် အလုပ်မှ ထွက် လာခဲ့ပြီး တကိုယ်တော် လမ်းပေါ်တွင်လုပ်စားရန်ဆုံးဖြတ်ခဲ့သည်။ သူ့အသက်ထက် နှစ်ဆခန့်ကြီး သောလူများခေါ်ရာသို့လိုက်ရပြီး ရန်ကုန်မြို့ရှိကျဉ်းမြောင်းမှောင်မဲစုတ်ပြတ်နေသော ဟိုတယ် အခန်း ကျဉ်းလေး များထဲသူရောက်ခဲ့ရသည်။

လိင်လုပ်ငန်းသည်မြန်မာပြည်တွင်လျှို့ဝှက်လုပ်ကိုင်ရခြင်းဖြစ်ခြင်းကြောင့် ဝတ်ရည်လိုအသက်မပြည့် သေးသောမိန်းကလေးငယ်များ လိင်လုပ်ငန်းထဲရောက်နေသည်ကို အတိအကျသိရှိရန်မဖြစ်နိုင်။ စုစု ပေါင်းလူဦးရေ ၅ သန်းကျော်ရှိသောရန်ကုန်မြို့ကြီးတွင် ဝတ်ရည်လိုမိန်းကလေးမည်မျှရှိကြောင်း သိ နိုင်ရန် ခဲ့ယဉ်းသည်။ လိင်လုပ်သား ၁၂ ယောက်ကိုတွေ့ဆုံမေးမြန်းမှုလုပ်လျှင် ဝတ်ရည်ကဲ့သို့ အရွယ် မရောက်သေးသူ တဦးတော့ပါလာတတ်ကြောင်း Myanmar Now ကတွေ့ရှိခဲ့သည်။ ဝတ်ရည်လို အသက်မပြည့်သေးသူများထိုလောကထဲရောက်လာရသည်မှာ မဆန်းလှကြောင်းလည်း သိခဲ့ရ သည်။

အာဏာပိုင်များက ဤပြဿနာကိုလျစ်လျူရှုထားပါက ပိုမိုဆိုးရွားလာနိုင်ကြောင်းလည်း အကူအညီ ပေးရေးအဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်နေသူများကသတိပေးကြသည်။ အထူးသဖြင့် မြန်မာနိုင် ငံလို ရာစုနှစ်တဝက်ကျော်စစ်အုပ်ချုပ်ရေးအောက်တွင်ကျရောက်ခဲ့ရပြီး အထီးကျန်ဖြစ်နေခဲ့သော နိုင်ငံ များတွင်ပိုဆိုးသည်။ ပြင်းပြင်းထန်ထန်အရေးယူသည်ထက် သူတို့ကို ပြန်လည်ထူထောင်ပေးရန်နှင့် ကူညီ ကယ်ဆယ်ပေးရန်က ပိုအရေးကြီးကြောင်းလည်း ၎င်းတို့ကပြောကြသည်။

Marie Stopes International Myanmar ၏ မြန်မာပြည်ဒါရိုက်တာ ဒေါက်တာစစ်နိုင်က `ဒီပြဿနာ က ဆင်းရဲမွဲတေမှုနဲ့တိုက်ရိုက်ဆက်စပ်နေတယ်´ ဟု ပြောသည်။ ထိုအဖွဲ့သည် ကျန်းမာရေး ပညာပေးရေးနှင့် အကူအညီအထောက်အပံ့ပေးရေးအစီအစဉ်များဆောင်ရွက်နေသည့်အဖွဲ့အစည်းဖြစ်သည်။

`ဒီအရွယ်မရောက်သေးတဲ့မိန်းကလေးတွေလိင်လုပ်ငန်းမှာဝင်လုပ်နေတာကာလတခုကြာခဲ့ပြီ၊ ဒါကြောင့်အာဏာပိုင်တွေအနေနဲ့ သူတို့တကယ်ရှိနေတာကိုလက်ခံဘို့ကအရေးကြီးတယ်။ ဒီလိုမှမ ဟုတ်ရင်သူတို့အရေအတွက်ကတိုးလာမှာဘဲ။ ဒီလိုဘဲ လူ့အဖွဲ့အစည်းအနေနဲ့လည်း သူတို့ကို ဝေဖန် ပြစ်တင်မနေဘို့အရေးကြီးတယ်။ ဘာလို့ဖြစ်ရတာလဲဆိုတာကိုနားလည်ပြီး လမ်းမှန်ပေါ်ပြန်ရောက်အောင်ကူညီပေးတာဘဲလုပ်သင့်တယ်´ ဟု  ၎င်းက ပြောသည်။

`ကလေးအလုပ်သမားဆိုတာတောင်လက်မခံနိုင်ဘူးလို့ တကမ္ဘာလုံးလက်ခံလာကြတဲ့အချိန်မှာ ကလေးတွေကိုလိင်လုပ်ငန်းမှာသုံးတာလုံးဝလက်ခံနိုင်စရာမရှိပါဘူး´ ဟုလည်း ၎င်းက ဆက်ပြော သည်။

အပျိုစင်ဈေးကွက်

အရွယ်မရောက်သေးသူများလိင်လုပ်ငန်းထဲရောက်ရှိလာရခြင်း၏အကြောင်းတခုမှာ အပျိုစင်နှင့် ကာမဆက်ဆံလျှင် ကျန်းမာရေးအရကောင်းသည်၊ အသက်ရှည်သည်၊ HIV ရောဂါပျောက်ကင်း နိုင် သည်ဆိုသည့် အယူသည်းမှုကြောင့်လည်းဖြစ်သည် ဟု ဒေါက်တာစစ်နိုင်ကပြောသည်။

Sex Worker in Myanmar Network မှ ဒေါ်သူဇာဝင်းက အရွယ်မရောက်သေးသူအများစု မြို့ကြီး များရှိ လိင်လောကထဲရောက်လာရခြင်းမှာ ကျေးလက်တွင်ဝင်ငွေကောင်းသည့် အလုပ်အကိုင် အခွင့် အလမ်းမရနိုင်ခြင်းနှင့် မိသားစုအခက်အခဲများကြောင့်ဖြစ်သည်ဟု ပြောသည်။

`ကလေးသူငယ်လိင်လုပ်သားအများစုဒီလောကထဲရောက်လာတာ အများအားဖြင့် သူတို့မိဘတွေ အုပ်ထိန်းသူတွေက သူတို့အပျိုစင်ဘဝကိုရောင်းစားတာခံလိုက်ရလို့ရောက်လာကြတာ။ အတော် များများက သူတို့ကိုယ်တိုင် ဒီငွေကိုမြင်တောင်မြင်လိုက်ကြတာမဟုတ်ဘူး။ .. ခေါင်းနဲ့ပွဲစားက အများ စုကိုယူသွားတာ´ ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံရှိ အသက် ၁၅ နှစ်မှ ၄၉ အကြားအမျိုးသမီးများ၏ ဝ.၄၅ ရာခိုင်နှုန်း ဖြစ်သော မိန်းမဦးရေ ခန့်မှန်း ခြေ ၄ သောင်းမှ ၈ သောင်းခန့်အထိသည် ကြေးစားများဖြစ်နေကြသည်ဟု အစိုးရနှင့် ကုလသမဂ္ဂက ၂၀၁၃ ခုနှစ်ကထုတ်ပြန်သော ကိန်းဂဏန်းများအရသိရသည်။

ပိုပို ဟုအမည်လွှဲထားသူ ၂၁ နှစ်အရွယ်လိင်အလုပ်သမလေးက မိန်းကလေးငယ်အများစုမှာ အပျိုစင် ဈေးကွက်မှတဆင့်ပြည့်တန်ဆာဘဝရောက်လာရသူများဖြစ်ပြီး ဤလောကမှပြန်ထွက်ရန်ခဲယဉ်းသည် ဟုပြောသည်။ လမ်းပေါ်မှာတကိုယ်တော်လျှောက်သွားပြီးပိုက်ဆံရှာရတာထက်စာလျှင် အနှိပ်ခန်း နှင့် အလှပြင်ခန်းအယောင်ဆောင်ထားသည့် ပြည့်တန်ဆာခန်းများတွင် လုံခြုံမှုပိုရှိသည့်အတွက် ထိုနေရာ များတွင်သူတို့ပို၍အလုပ်လုပ်လိုကြသည် ဟု သူကပြောပြသည်။

ခင်ပွန်းဖြစ်သူနှင့်ကွဲပြီး လွန်ခဲ့သောတနှစ်ခန့်ကစပြီး လိင်အလုပ်သမဖြစ်လာခဲ့သည့် ကလေးအမေ ပိုပိုက  ကျွန်မက တော့လမ်းပေါ်ထွက်ဒီအလုပ်လုပ်ရမှာသိပ်ကြောက်တာဘဲ´ ဟု ပြောသည်။

လိင်လုပ်ငန်းနှင့်ဥပဒေ

Marie Stopes မှ ဒေါက်တာစစ်နိုင်ကလိင်လုပ်သားတွေကိုဖမ်းဆီးအပြစ်ပေးရုံနှင့်တော့ ပြည့်တန်ဆာ လုပ်ငန်းပပျောက်မသွားနိုင် ဟုပြောသည်။ `လိင်လုပ်ငန်းကိုတရားဝင်ခွင့်ပြုဖို့ မပြုဖို့  ကျွန်တော် ဘာမှ မပြောချင်ဘူး။ ကျွန်တော် တို့လုပ်နိုင်တာက သူတို့တကယ်တည်ရှိနေတဲ့အမှန်တရားကို လက်ခံဖို့နဲ့ ဒီအမျိုးသမီးတွေ ဘေးဒုက္ခမခံစားရအောင် အကူအညီပေးဖို့ဘဲ´ ဟု ၎င်းကပြောသည်။

လိင်လုပ်ငန်းနှင့်ပတ်သက်သည့် အစိုးရ၏လက်ရှိဥပဒေဖြစ်သော ၁၉၄၉ ခုနှစ်ပြည့်တန်ဆာနှိမ်နင်းရေး ဥပဒေသည် လိင်လုပ်သားများကို ကျန်းမာရေးစောင့်ရှောက်မှုမရစေရန်ကန့်သတ်ထားသလိုဖြစ်နေပြီး လုံခြုံရေးအရာရှိများ၏စော်ကားနှောင့်ယှက်မှုအန္တရယ်ကိုလည်းငုံ့ခံခိုင်းသလိုဖြစ်နေသည်ဟု လေ့လာ သူများကလည်းပြောသည်။

ထိုဥပဒေအရ ပြည့်တန်ဆာလုပ်ငန်းသည်ဥပဒေနှင့်ဆန့်ကျင်သည်။ အမျိုးသမီးတဦးကိုပြည့်တန်ဆာ လုပ်ရန်ဖြားယောင်းသွေးဆောင်လျှင်၊ အတင်းအကြပ်ခိုင်းစေလျှင်၊ ပြည့်တန်ဆာခန်းထောင်လျှင် ဥပဒေအရ အရေးယူ၍ရသည်။ ထိုဥပဒေကို ၁၉၉၈ ခုနှစ်က ပြင်ဆင်မှုပြုလုပ်ခဲ့ပြီး ပြစ်ဒဏ်ကို ထောင် ဒဏ် ၁ နှစ် မှ ၃ နှစ်အတွင်းတိုးမြှင့်သတ်မှတ်ခဲ့သည်။ ထို့ပြင် ပြည့်တန်ဆာခန်း၏အဓိပ္ပါယ်သတ်မှတ် ချက်ကိုလည်း `မည်သည့်အိမ်၊အဆောက်အဦ၊အခန်း မည်သည့်မော်တော်ယဉ်၊ ရေယဉ်၊ လေယဉ် အမျိုးအစားမဆို သို့တည်းမဟုတ် ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ရန်အလို့ငှါအသုံးပြုလေ့ရှိသော နေရာ သို့မဟုတ် ပြည့်တန်ဆာလုပ်ငန်းအလို့ငှါတည်ထောင်ထားသည့် မည်သည့်စီးပွါးရေးလုပ်ငန်း မဆို´ဟု ပြင်ဆင်သတ်မှတ်ပြဌာန်းခဲ့သည်။

မြန်မာနိုင်ငံတွင်နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းများစတင်ချိန်က အတိုက်အခံဥပဒေပြုအမတ် များနှင့် တက်ကြွလှုပ်ရှားသူများက အဆိုပါဥပဒေကိုပြင်ဆင်ပေးရန်တောင်းဆိုလှုပ်ရှားခဲ့ကြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥပဒေပြုအမတ် ဒေါ်စန္ဒာမင်းက ပြည့်တန်ဆာလုပ်ငန်းတရားဝင် လုပ် ကိုင်ခွင့်ပေးရန် ၂၀၁၃ ခုနှစ်အတွင်း လွှတ်တော်တွင်အဆိုတင်ခဲ့သည်။ သို့သော်ထိုအဆိုမှာပယ်ချခံခဲ့ ရသည်။ လိင်လုပ်သားများကွန်ရက်မှ တော်ဝင်ခရေ ကလည်း ဥပဒေကိုပြန်လည်လေ့လာသုံးသပ်ပြီး အသစ်ပြန်လည်ရေးဆွဲရန်တောင်းဆိုခဲ့သည်။

အဆိုပါဥပဒေကိုပြင်ဆင်ရန် လွှတ်တော်ရေးရာကော်မတီတခုက ပြင်ဆင်ချက်များအဆိုပြုခဲ့သေး ကြောင်း ပြည်တွင်းမီဒီယာတခုက ဇူလိုင်လကသတင်းဖော်ပြခဲ့သည်။ အဆိုပါပြင်ဆင်ချက်အရ ပြည့် တန်ဆာနှင့်ပျော်ပါးသူအား အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁ နှစ်အထိနှင့် ဒဏ်ငွေချမှတ်နိုင်ရန်ပါဝင်ပြီး ပြည့်တန်ဆာများအားပညာပေးကာပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ကိုင်ပေးရန်လည်းပါဝင် သည်။

လက်ရှိ ၁၉၄၉ ပြည့်တန်ဆာနှိမ်နင်းရေးဥပဒေအရ အမျိုးသမီးပြည့်တန်ဆာများနှင့်ပျော်ပါးသူများ အား ဖမ်းဆီးထိန်းသိမ်းနိုင်ခွင့်မရှိဘဲ ရဲက ၎င်းတို့ကိုပညာပေးရုံသာတတ်နိုင်သည်ဟု ရန်ကုန်ရှိ ရဲမှုခင်းမှတ် တမ်းစာရင်းအင်းဌာနမှ ရဲမှူး ဒေါ်သီသီမြင့်ကပြောသည်။

၂၀၁၄ ခုနှစ်အတွင်းဖြစ်ပွါးခဲ့သော ပြည့်တန်ဆာလုပ်ငန်းနှင့်ဆက်စပ်သည့်မှုခင်းပေါင်း ၁,၇၇၂ တွင် အသက် ၁၈ နှစ်မပြည့်သေးသူလိင်လုပ်သားမှုခင်းကအလွန်နည်းသည်ဟု သူကပြောသည်။ `ဒီလို ကလေးလိင်လုပ်သားတွေကိုဖမ်းမိရင်လည်း အကျဉ်းထောင်ကိုမပို့ပါဘူး၊ သူတို့ကို လူငယ်ဂေဟာ တွေကိုပို့ပြီး သူတို့ဒီအလုပ်ကထွက်နိုင်အောင် အသက်မွေးဝမ်းကျောင်းသင်တန်းတွေပေးတယ်၊ အထွေထွေဗဟုသုတတွေရအောင်လုပ်ပေးတယ်´ ဟု  ၎င်းက ဆက်လက်ပြောဆိုသည်။

လိင်ပညာပေးရေး

အရွယ်မရောက်သေးသည့်လိင်လုပ်သားများကို စိတ်ဓါတ်အရပြန်လည်ပျိူးထောင်မပေးနိုင်သလို ရုပ်ခန္ဒာအရလည်းအလွန်အန္တရာယ်ကြီးမားသည်ဟု အကူအညီပေးရေးလုပ်ငန်းလုပ်ကိုင်နေသူများ ကပြောသည်။

ဖွံ့ဖြိုးမှုမရှိသေးသောလိင်အင်္ဂါများမှာ အလွယ်တကူ ဒဏ်ရာရစေနိုင်ပြီး လိင်မှတဆင့်ကူးစက် သောရောဂါများလည်းအလွယ်တကူရစေနိုင်သည် ဟု ဒေါက်တာစစ်နိုင်ကပြောသည်။ ထို့ပြင် ကလေး လိင်လုပ်သားများမှာ လိင်အကြောင်းအသိပညာနည်းပါးကြပြီး ဘယ်လိုကာကွယ်ရမည်ဆိုသည်ကို လည်းမသိကြဟု ၎င်းကပြောသည်။ ထို့ကြောင့် သူတို့တွင် HIV ဖြစ်ပွါးမှုနှုန်း ပိုမိုများပြားရသည်ဟု လည်း ၎င်းကဖြည့်စွက်ပြောပြသည်။

UNAIDS အဖွဲ့မှ ၂၀၁၄ ခုနှစ်ကထုတ်ပြန်သောအစီရင်ခံစာအရ မြန်မာနိုင်ငံတွင် HIV ကူးစက်ခံထား ရသူ ၁၈၉,၀၀၀ ဦးရှိပြီး အစိုးရ၏စာရင်းဇယားများအရ ရန်ကုန်နှင့်မန္တလေးရှိ HIV ပိုးကူးစက်ခံထားရ သူများအနက် ၂၃ ရာခိုင်နှုန်း  မှာလိင်အလုပ်သမများဖြစ်သည်ဟု ဆိုသည်။

Sex Worker in Myanmar Network မှ လိင်အလုပ်သမသူဇာဝင်း၏အပြောအရ လူငယ်များအတွင်း လိင်ပညာပေး မှုလုပ်ငန်းမှာ မရှိသလောက်ပင်ဖြစ်သည်ဟုဆိုသည်။

`လိင်ပညာဗဟုသုတမရှိတာ ကလေးလိင်အလုပ်သမတွေတင်မဟုတ်ဘူး၊ လူငယ်ယောက်ျားလေး တွေ လည်းဒီအကြောင်းတွေမသိကြဘူး။ HIV တခုတည်းမဟုတ်ဘူး၊ အခြားလိင်ကတဆင့်ကူးစက် နိုင်တဲ့ ရောဂါတွေအကြောင်းလည်း သိဘို့လိုတယ်´ ဟု ၎င်းက ပြောသည်။

`အကြောင်းအမျိုးမျိုးကြောင့်လိင်လုပ်ငန်းထဲရောက်လာတဲ့ ကလေးတွေကို မိဘတွေနဲ့ ပြည့်တန်ဆာ ခန်းပိုင်ရှင်တွေက အကာအကွယ်ပေးဘို့လိုတယ်။ သူတို့ကအနိုင်ကျင့်ခေါင်းပုံဖြတ်ခံရပြီးဒီလုပ်ငန်း ထဲ ရောက်လာကြတာ´ ဟု ၎င်းက ဆက်ပြောသည်။

ဝတ်ရည်သည်လည်း လိင်ပညာပေးလုပ်ငန်းတခါမှမကြုံခဲ့ရ။ သူသည်ယခုတော့ ကုလသမဂ္ဂအစီရင်ခံ စာအရ တနေ့ ၂ ဒေါ်လာအောက်သာဝင်ငွေရှိသူအလုပ်သမား ၄၃ ရာခိုင်နှုန်း ရှိသောမြန်မာပြည်၌ တရက်လျှင် ဝင်ငွေ ဒေါ်လာ ၃၀ ရနေပြီဖြစ်သည်။

`ဒီလောက်ဝင်နေတော့ ကျွန်မလဲပျော်ပါတယ်။ ဒါပေမဲ့အမေ့ကျန်းမာရေးအခြေအနေကဆိုးလာတော့ ကျွန်မလဲကြောက်လာတယ်။ အမေ့မှာ HIV ပိုးရှိနေပြီဆိုတာ မနှစ်ကနှစ်ကုန်ကသိရတယ်။ ဒီအလုပ် လုပ်နေရင်တနေ့ဒီရောဂါရမယ်ဆိုတာ အမေလဲကောင်းကောင်းသိပါတယ်။ ဒါပေမဲ့တကယ်ဖြစ်လာ တော့ အတော့်ကိုတုန်လှုပ်မိတယ်´ ဟု ၎င်းက ပြောသည်။

ရုန်းကန်ရတဲ့ဘဝ

၁၀ တန်းပင်မအောင်သည့်ဝတ်ရည်အတွက် အလုပ်အကိုင်အခွင့်အလမ်းကအတော့်ကိုရှားပါးသည်။ သို့သော်ပြည့်တန်ဆာအလုပ်မှရုန်းထွက်ရန်သူဆုံးဖြတ်ခဲ့သည်။ ငွေအရနည်းသော်လည်း သူ့ဘဝအ တွက်လုံခြုံမှုရှိသည့် အရောင်းဈေးသည်ဘဝကိုသူရွေးချယ်ခဲ့သည်။ ရန်ကုန်ရှိရာပေါင်းများစွာသော မို ဘိုင်းဖုံးအရောင်းဆိုင်များထဲမှ တဆိုင်တွင်သူအလုပ်ဝင်လုပ်ခဲ့သည်။

အမျိုးမျိုးသောဖုံးတံဆိပ်များ၊ မိုဒယ်များ၊ ဈေးနှုန်းများကို ဈေးဝယ်များကိုရှင်းပြရန်သူအတော်ကြိုးစား နေရသည်။ နည်းပညာဆိုင်ရာအခေါ်အဝေါ်အချက်အလက်များနှင့် ဖုံးနှင့်ပတ်သက်သည့်စံချိန်စံညွှန်း များကို ဆုပ်ဆုပ်ကိုင်ကိုင်ရှိရန် လုပ်သက် ၂ လအတွင်း ခက်ခက်ခဲခဲကြိုးပမ်းနေရဆဲဖြစ်သည်။

သို့သော်ဒီအလုပ်တွင်သာဆက်လက်လုပ်ကိုင်ရန်သူစိတ်ပိုင်းဖြတ်ထားပါသည်ဟု သူကပြောသည်။ `ဒီအလုပ်ကတလမှ ဒေါ်လာ ၈၀ (ရှစ်သောင်းခန့်) ဘဲရတယ်။ ဒါပေမဲ့ကိုယ့်စိတ်ထဲမှာ ပိုပြီးလုံခြုံတယ် လို့ခံစားရပါ တယ်´ ဟု ၎င်းကပြောသည်။

အိမ်တွင်ငွေကြေးအခက်အခဲရှိနေသောကြောင့် ပြည့်တန်ဆာအလုပ်ကိုခဏဘဲဖြစ်ဖြစ် ပြန်လုပ်ရ ကောင်းမလားဟု သူအခါခါစဉ်းစားဖြစ်သည်။ သူ့အမေကတော့ယခုလမ်းဘေးဈေးသည်ဖြစ်နေပြီး အကူအညီပေးရေးအေဂျင်စီတခုမှ ကျန်းမာရေးစောင့်ရှောက်မှုကိုလက်ခံရရှိနေပြီဖြစ်သည်။ ထိုအလုပ် ကိုသူပြန်လုပ်ရန် သူ့အမေကလက်မခံဟု ဝတ်ရည်ကပြောသည်။

ယခုတော့ထိုဝင်ငွေလေးမဖြစ်စ လောက်နှင့်ပင် သူတို့ကြိုးစားရပ်တည်နေကြသည်။ ဝတ်ရည်၏မောင်ငယ်လည်း ကျောင်းဆက်တက် နေသည်။

တနေ့တွင်ယောက်ျားတယောက်တော့သူ့အတွက်ရှာတွေ့လိမ့်မည်ဟု ဝတ်ရည်ကမျှော်လင့်နေသည်။ ထိုအခါကျလျှင် သူ့အတိတ်ဘဝအကြောင်းမချွင်းမချန်ရိုးရိုးသားသားပြန်ပြောပြမည်ဟုလည်းဆိုသည်။ ယခုလောလောဆယ်တော့ လိင်အလုပ်သမများအပေါ် နှိမ်ချင်လွန်းသည့် ရှေးရိုးစွဲလူ့အဖွဲ့အစည်း အ ကြောင်းနက်နက်ရှိုင်းရှိုင်းသူကောင်းကောင်းသိထားသည်။ ဒါကြောင့်ဒီအတွက်မစွန့်စားလို။

သူနှင့်ယခုအတူအလုပ်လုပ်နေသူများကလည်း သူ့အတိတ်ဘဝဇာတ်ကြောင်းကိုမည်သူမျှမသိကြပါ။

`ခုလိုဖြစ်ခဲ့ရတာအတွက်အမေ့ကိုလည်းအပြစ်မတင်ချင်ဘူး။ တနေ့ကျရင် ကျွန်မလည်းအိမ်ထောင်ပြု မှာဘဲ။ ကျွန်မ သမီးတွေကျရင်ကျမလိုအဖြစ်ဆိုးမျိုးမကြုံပါရစေနဲ့လို့ဘဲစဉ်းစားတယ်´ ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags