လူမှုကွန်ရက်ကို အန္တရာယ်ကင်းကင်းနဲ့ အကျိုးရှိအောင် အသုံးပြုကြမယ်

လူမှုကွန်ရက်ကို အန္တရာယ်ကင်းကင်းနဲ့ အကျိုးရှိအောင် အသုံးပြုကြမယ်

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အခုတလော ဆိုရှယ်မီဒီယာကြောင့်ဖြစ်ရတဲ့ပြဿနာတွေအတော်များနေပါတယ်။ ဖရဲသီးသည်လေးကိုယ့်ဘာသာ သတ်သေတယ်။ နာမည်ကြီး ဆယ်လီတွေ ပြဿနာတွေဖြစ်နေတယ်။ ဒါတွေက လူသိများတဲ့ပြဿနာတွေပေါ့။ လူသိပ်သိမများပေမယ့် ဆိုရှယ်မီဒီယာကြောင့် အရှက်တွေကွဲ၊ အလုပ်တွေပျက်၊ ပုံစံမျိုးစုံနဲ့ ပြဿနာတက်နေတာတွေလည်းအများကြီးပါ။ နည်းပညာကတော့ တားဆီးလို့မရနိုင်ဘူး။ မြန်မာနိုင်ငံမှာ ဆိုရှယ်မီဒီယာတွေ တအားကို ခေတ်စားလာတာကလည်း မျက်မြင်ကိုယ်တွေ့ပဲလေ။ ဒီတော့ ဆိုရှယ်မီဒီယာကို ဘယ်လိုအသုံးပြုရင် ဘေးကင်းမလဲ၊ ဘယ်လိုအကျိုးရှိအောင် အသုံးပြုမလဲဆိုတာလေး အကြံပေးပါရစေ။

ဆိုရှယ်မီဒီယာသုံးရတာ အဆိုးချည်းပဲတော့မဟုတ်ပါဘူး။ ကောင်းကျိုးတွေအများကြီးပါ။

၁။ သိချင်တာတွေကို မြန်မြန်ဆန်ဆန်နဲ့သိရှိလာနိုင်တယ်

သိချင်တဲ့ဘယ်အရာမဆို ချက်ခြင်းသိနိုင်ပါပြီ။ ကမ္ဘာရဲ့အနောက်ဘက်ခြမ်းမှာဖြစ်နေတာကို ထိုင်ရာမထ အရှေ့ဘက်ကလူတွေ သိနေနိုင်ပြီ။ နေရာတစ်ခုခုကိုရှာမလား၊ ဗဟုသုတဖြစ်စရာတစ်ခုခုကို ကြည့်မလား၊ စီးပွားရေးဈေးကွက်အနေအထားနဲ့ ပညာတစ်ခုခုကိုသင်မလား။ ဘာမဆိုရနိုင်နေပြီ။

၂။ စိတ်ဓာတ်ကျတာတွေကိုကျော်လွှားဖို့ စိတ်ခွန်အားကိုရရှိစေနိုင်ပါတယ်

စိတ်ညစ်နေတဲ့အချိန် ဖေ့ဘုတ်ခ်သုံးတဲ့အခါ စိတ်ခွန်အားဖြစ်စေနိုင်တဲ့ စာသားလေးကိုတွေ့မိတာကနေပဲဖြစ်ဖြစ် ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ယောက်က အားပေးနှစ်သိမ့်တာ၊ ချီးကျူးတာကို ခံလိုက်ရတဲ့အခါမှာ စိတ်ဓာတ်ကျနေတာက နည်းနည်းလောက်ဖြစ်ဖြစ် သက်သာရသွားနိုင်ပါတယ်။ တစ်ခါတလေမှာ ဖေ့ဘုတ်ခ်သုံးတာက အထီးကျန်ဆန်နေတာကိုပြေပျောက်စေနိုင်ပါတယ်။

၃။ နေ့စဉ်ဘဝအဖြစ်အပျက်တွေအတွက် တစ်ဖက်တစ်လမ်းက အကျိုးပြုနေတယ်

ပစ္စည်းတစ်ခုခုပျောက်သွားတဲ့အခါမျိုး၊ ကိုယ်ချစ်ရတဲ့ ခွေးလေးတွေ၊ကြောင်လေးတွေပျောက်သွားတဲ့အခါမျိုးမှာ ဖေ့ဘုတ်ခ်ပေါ်ကို ပို့စ်လေးတစ်ခုတင်လိုက်ရုံနဲ့ တဆင့်စကားတဆင့်ရောက်သွားပြီး ရှာတွေ့တာမျိုးလည်းရှိပါတယ်။ အခုနောက်ပိုင်း လူတွေကြားမှာ ရေပန်းစားလာတာတစ်ခုက အွန်လိုင်းကနေဈေးဝယ်တာပါ။ အချိန်ကုန်သက်သာစေပြီး ကားပိတ်တဲ့ဒဏ်ကိုရှောင်ပြီးသားဖြစ်သွားပါတယ်။

၄။ အသိဉာဏ်ဗဟုသုတတွေတိုးလာစေပါတယ်

ကိုယ်မရောက်ဖူးသေးတဲ့နေရာတွေအကြောင်း၊ ကိုယ်မသိသေးတဲ့ ပညာရပ်တွေအကြောင်းနဲ့ အမျိုးမျိုးသောဗဟုသုတရစရာတွေကိုလည်း လူမှုမီဒီယာတွေပေါ်ကနေတဆင့် သင်ယူလို့ရပါသေးတယ်။ အကြောင်းတိုက်ဆိုင်လို့ သိချင်တာတွေရှိလာခဲ့ရင်လည်း လူမှုမီဒီယာတွေပေါ်မှာ လွယ်လင့်တကူဖတ်ရှု့နိုင်နေပြီဖြစ်ပါတယ်။ ချက်ပြုတ်နည်းသင်ချင်လား၊ ဖုန်းပြင်တတ်ချင်လားအစရှိသဖြင့် အတတ်ပညာနယ်ပယ်အသီးသီးကို ဝင်ရောက်လေ့လာဖို့လည်း  အသုံးပြုလို့ရနေပြီပဲဖြစ်ပါတယ်။

၅။ စီးပွားရေးလုပ်ရတာလွယ်ကူလာတယ်

အရင်က စီးပွားရေးတစ်ခုလုပ်ဖို့ဆိုတာ အရင်းအနှီးအများကြီးလိုတယ်။ အခုလူမှုကွန်ရက်တွေပေါ်မှာတင် စီးပွားရေးလုပ်လို့ရနေပြီ။ ကုန်ကျစရိတ်သက်သာတယ်။ အိမ်ကနေမခွါဘဲ လုပ်လို့ရတယ်။ အကျိုးအမြတ်ရှိနိုင်တယ်။

ဒါပေမယ့် မကောင်းကျိုးတွေလည်းရှိပါတယ်။ အဲဒါတွေကတော့

၁။ ကွန်ရက်ပေါ်က အနေအထားကို ဘဝထင်လာတယ်

လက်တွေ့မကျတဲ့ ကွန်ရက်ပေါ်က အနေအထားကို ဘဝတစ်ခုအဖြစ် သတ်မှတ်ယူဆလာတဲ့အခါ ပေါ်ပြူလာဖြစ်ဖို့၊ လူစိတ်ဝင်စားဖို့ နည်းလမ်းအမျိုးမျိုးသုံးလာကြတယ်။ ကိုယ့်ကိုကိုယ်ထိခိုက်နာကျင်စေတာတွေထိပါလုပ်ပြီး လူစိတ်ဝင်စားအောင်လုပ်လာတယ်။

၂။ ဆိုက်ဘာအနိုင်ကျင့်မှု (Cyber bullying)

ဖရဲသီးသည်လေး ကိုယ့်ကိုကိုယ်သတ်သေသွားတာက ဆိုက်ဘာအနိုင်ကျင့်မှုကြောင့်ဖြစ်သလို မထင်မှတ်ဘဲဖြစ်သွားတဲ့အဖြစ်အပျက်တစ်ခုအပေါ် အပြင်းအထန် ဆက်လက်တိုက်ခိုက်ကြတာကလည်း ဆိုက်ဘာအနိုင်ကျင့်မှုပါ။ ရုပ်ပိုင်းဆိုင်ရာမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်နာကျင်စေတာပါ။ ကိုယ့်ပုံတင်ပြီး အရှက်ခွဲခံရတာ၊ အုပ်စုဖွဲ့ နာမည်သေအောင်တိုက်ခိုက်ကြတာ။ ဒါတွေကိုလျစ်လျူရှုနိုင်ရင် အကောင်းဆုံးပေမယ့် ခံနိုင်ရည်မရှိတဲ့အခါ တချို့က လူမှုကွန်ရက်ကိုစွန့်ခွာသွားကြတယ်။ တချို့ကျတော့ ကိုယ့်ကိုကိုယ် နာကျင်အောင်လုပ်တဲ့နည်းကို ရွေးချယ်ကြတယ်။

၃။ အချိန်ကုန်အကျိုးမရှိဖြစ်တယ်

တန်ဆေးလွန်ဘေးဆိုသလိုပဲ သုံးတတ်ရင်ကောင်းကျိုးများပေမယ့် အလွန်အကျွံလူမှုကွန်ရက်ကို စွဲနေတာက အချိန်ကုန်အကျိုးမရှိဖြစ်စေပါတယ်။ အလုပ်လုပ်ရမှာတွေမပြီးတာ၊ လေ့ကျင့်သင်ကြားမှုတွေ မလုပ်နိုင်တာတွေပေါ့။

၄။ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ လုံခြုံမှုမရှိတော့ဘူး

လူမှုကွန်ရက်တွေက ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေနဲ့ပတ်သက်လို့ များများတင်ဖြစ်အောင် တွန်းအားပေးပါတယ်။ ကိုယ်ဘယ်မှာနေတာ ဘယ်ခရီးသွားတာ၊ ဘာအလုပ်တွေလုပ်နေတာ စသဖြင့်ပေါ့။ ဒါတွေက ကိုယ့်ကိုအသုံးချချင်တဲ့သူတွေအတွက်တော့ အလွယ်တကူ သတင်းရနိုင်တဲ့အကြောင်းခံတွေဖြစ်လာပါတယ်။

လူမှုကွန်ရက်ကို အန္တရာယ်ကင်းကင်းအသုံးပြုချင်တယ်ဆိုရင်တော့ ဒါတွေကို သတိထားပြီးကာကွယ်နိုင်မှဖြစ်ပါလိမ့်မယ်။ လူမှုကွန်ရက်ကို အလွန်အကျွံအသုံးပြုတာကိုရှောင်ကျဉ်တာ၊ ဆိုက်ဘာအနိုင်ကျင့်မှုတွေကို သက်ဆိုင်ရာနဲ့ တိုင်ကြားအသိပေးတာ၊ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို အလွန်အမင်းတင်တာကို ရှောင်တာနဲ့ အလုပ်ပြီးမြောက်ဖို့ အကျိုးရှိအောင်အသုံးပြုဖို့ကို အာရုံထားမယ်ဆိုရင် လူမှုကွန်ရက်အသုံးပြုတာက ကောင်းကျိုးတွေအများကြီးရှိလာစေမှာပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required