ရေခဲတောင်များအရည်ပျော်ကာ ကချင်ပြည်နယ်တွင် နယ်စပ်ဖြတ်ကျော် ရေကြီးမှုဖြစ်ပွားနိုင်ဟု သတိပေး

23 August 2015
ရေခဲတောင်များအရည်ပျော်ကာ ကချင်ပြည်နယ်တွင် နယ်စပ်ဖြတ်ကျော် ရေကြီးမှုဖြစ်ပွားနိုင်ဟု သတိပေး

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဟိမဝန္တတောင်တန်းမှ ရေခဲများ အရည်ပျော်မှုကြောင့် ကချင်ပြည်နယ်တွင် နယ်စပ်ကျော်ဖြတ်ရေကြီးမှု ဖြစ်ပွားရန် နီးနေပြီဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သြဂုတ်လ ၂၃ ရက်က သတိပေးလိုက်သည်။

သဘာဝ မဟုတ်သည့် ရေကန်များ ဟိမဝန္တာတောင်များပေါ်တွင် အများအပြားပေါ်လာပြီး ထိုရေကန်များသည် မြေသားခိုင်မာမှု မရှိသည့် အောက်ခံမြေပြင်ပေါ်သို့ သဘာဝ မဟုတ်ဘဲ မိုးသည်းထန်လာပါက မြေပြိုကျတတ်သဖြင့် မြစ်ကြီးနားမြို့တွင် ရေကြီးနိုင်သည်ဟု သူက ပြောဆိုထားသည်။

“ကမ္ဘာကြီးပူနွေးမှုကြောင့် ဟိမဝန္တာကရေခဲတွေက အများကြီး အရည်ပျော်ကြကုန်တော့ ပျော်ကြတဲ့ရေခဲရေတွေဟာ အနိမ့်ပိုင်းတွေများ စုဆောင်းမိကြပြီး သဘာဝမဟုတ်တဲ့ ရေကန်တွေ (Artificial Lakes)တွေ ဟိမဝန္တာတောင်တွေပေါ်မျာ အများကြီးပေါ်လာတယ်။ အဲဒီရေကန်တွေဟာ မြေသားခိုင်မာမှု မရှိတဲ့ အောက်ခံမြေပြင်ပေါ်မှာ သဘာဝမဟုတ်ဘဲ တည်ရှိလာနေကြတာဖြစ်တဲ့အတွက် အခုနှစ်လို ဟိမဝန္တာတောင်တွေပေါ်မှာ မိုးသည်းထန်လာရင် ကန်အောက်ခံမြေတွေဟာ ပြိုကျတတ်ပါတယ်။ ဒီအခါ ကန်တွေထဲက စုဆောင်းထားတဲ့ များပြားလှတဲ့ ရေတွေဟာ တောင်ဆင်ခြေလျော တလျှောက် အရှိန်အဟုန်နဲ့ စီးဆင်းလာတတ်ကြပါတယ်။ ရေစီးနှုန်းပြင်းထန်လွန်းလို့ တောင်ပေါ်ဆူနာမီ (Mountain Tsunami) လို့တောင်ခေါ်ကြပါတယ်” ဟု ဦထွန်းလွင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ကချင်ပြည်နယ်တွင် သတိရှိကြရန် ပညာရှင်များ သတိပေးနေပြီး၂၀၀၄ ခုနှစ် ဇူလိုင်လက မြစ်ကြီးနားမြို့တွင် တစ်နေ့ထဲနှင့် ရေ ၂၄ ပေ ကျော်တက်သွားသဖြင့် မြစ်ကြီးနားမြို့ ရေမြှုပ်သွားခဲ့ဖူးသည်ဟု သူ၏ လူမှုကွန်ယက်တွင် ဖော်ပြထားသည်။

ကချင်ပြည်နယ်တွင် ရေဖုံးလွမ်းခံရမှု (ရေကြီးမှု) ၆ မျိုးရှိပြီး ၎င်းတို့သည် (၁)ကျယ်ပြန့်ရေကြီးမှု၊ (၂)လျပ်တပြတ်ရေကြီးမှု၊ (၃)ဆူနာမီရေကြီးမှု၊ (၄)မုန်တိုင်းဒီနေရ ရေကြီးမှု၊ (၅)လူလုပ်ရေကြီးမှုနှင့် (၆)နယ်စပ်ကျော် ဖြတ်ရေကြီးမှုဟူ၍ ခွဲနိုင်ပြီး ထိုအထဲမှ ကျယ်ပြန်ရေကြီးမှု၊ လျှပ်တပြတ်ရေကြီးမှုနှင့် လူလုပ်ရေကြီးမှုတို့သည် ဖြစ်ပြီးနေပြီ ဖြစ်ပြီး နယ်စပ်ကျော်ဖြ တ်ရေကြီးမှု ဖြစ်ပွားရန် နီးနေပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။

မြစ်ကြီးနားမြို့တွင် ရေကြီးမည်ဟူသော သတင်းမှာ အင်တာနက် လူမှုကွန်ယက်ပေါ်မှ သိရသော်လည်း ယခုထိ အစိုးရဘက်မှ တစ်စုံတစ်ရာ သတိပေးမှု မရှိသေးသလို၊ စိုးရိမ်မှုများလည်း မရှိသေးကြောင်း စီတာပူရပ်ကွက်မှ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း မှ ဒု-ဥ-က္ကဋ္ဌ ဦးလခရိလအောင်က ပြောသည်။

“ဖေ့ဘုတ်မှာတော့ တွေ့တယ်။ တခြားလူတွေ ဘယ်သူမှ ဘာမှသတိပေးတာ မရှိသေးဘူး။ စီတာပူမှာက မနောကွင်းတွေ လူ ၂ ရပ် ၃ ရပ်လောက် မြှုပ်သွားတယ်။ ၃ ရက်လောက်ကြာ ရေတွေ မြှုပ်သွားတယ်။ ကုန်းဘက် တာရိုးတွေကျော်ခဲ့တယ်။ အခုချိန်ထိ ရေလည်း မကြီးတော့ စိုးရိမ်တာ မရှိသေးဘူး။ မေခမြစ်တော့ နည်းနည်းကြီးလို့ ဧရာဝတီမြစ် နည်းနည်းကြီးတာဘဲရှိတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ကချင်ပြည်နယ် မိုးကောင်းမြို့တွင် မိုးဆက်တိုက် ရွာသွန်းသဖြင့် ရေကြီးမှုဖြစ်ပွားခဲ့သဖြင့် ၅ ရက်ခန့်ကြာ ရေဘေးနှင့် ရင်ဆိုင်ခဲ့ရကာ မြစ်ကြီးနားနှင့် မန္တလေး တံလမ်းများ ပျက်ဆီးကာ မီးရထားခရီးစဉ်များကို ရပ်ဆိုင်းခဲ့ရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်မှ သြဂုတ် ၂၂ ရက်ထိ မြန်မာနိုင်ငံတဝှမ်း ရေကြီးမှု ဖြစ်ပွားခဲ့သဖြင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ကာ ရေဘေးဒုက္ခသည် ၁ သန်းခွဲကျော်ရှိခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required