တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ဆွေးနွေးပွဲ သဘောတူညီမှုမရ၍ မပြီးပြတ်သေး

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ဆွေးနွေးပွဲ သဘောတူညီမှုမရ၍ မပြီးပြတ်သေး

ချင်းမိုင် (မဇ္ဈိမ) ။ ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA)တွင် တိုင်းရင်းသား လက်နက်ကိုင်များ အားလုံး ပါဝင် လက်မှတ်ရေးထိုးရေး၊ မထိုးရေးကို တစ်ဖွဲ့ချင်းအလိုက် တူညီသောအမြင်များ မရသဖြင့် သြဂုတ် ၂၃ရက်တွင် အစည်းအဝေးမပြီးပြတ်ဘဲ ရက်ထပ်တိုးလိုက်ရသည်။

လက်နက်ကိုင် အဖွဲ့အစည်းတစ်ချို့ အားလုံး မပါဝင်ပါက လက်မှတ်မထိုးသင့်ကြောင်း အမြင်များ ပေးခြင်းနှင့် တစ်ချို့အဖွဲ့များက ပထမအဆင့် လက်မှတ်ရေးထိုးမှုတွင် ပါဝင်ခြင်း မရှိသော်လည်း အစိုးရစစ်တပ်ဘက်က စစ်ရေးအရ ထိုးစစ်မဆင်ရန်နှင့် နိုင်ငံရေးဆွေးနွေးမှုတွင် ပါဝင်နိုင်ရန်ဟူသော အမြင်များ တင်ပြမှုများ ရှိနေသဖြင့် ဆုံးဖြတ်ချက် မချနိုင်သေးကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။

“လက်တွေ့ကျတဲ့ နည်းနာကိုရှာတဲ့အပေါ်မှာ အမြင်ချင်းမတူဘူး။ တကယ်လို့ကျနော်တို့ တင်ပြတဲ့ အပေါ်မှာ နိုင်ငံတော်ဘက်က လက်ခံနိုင်ပါ့မလား။ လက်မခံနိုင်ဘူးဆိုရင် သူတို့ ၂၁ ဖွဲ့လုံး ပါဝင်စေချင်တယ်။ ဒါပေမဲ့ အဲဒီထဲမှာ တချို့က ကျနော်တို့နဲ့အတူ ဆွေနွေးနေတာ မဟုတ်တော့ ကျနော်တို့ ဆွေးနွေးချက်ကို သူတို့သဘောမတူတာမျိုးဖြစ်နေတယ်။ ဒါမှမဟုတ် သူတို့ အခြေအနေအရ ထိုးဖို့မလိုဘူးလို့ သူတို့ ခံယူတာပဲဖြစ်ဖြစ် မပါရင်နေပေါ့။ လက်မှတ်ထိုး ခါနီးကျတော့မှ သူတို့အဖွဲ့ကို ချန်လိုက်မယ်ဆိုရင် ကျနော်တို့ကတော့ လက်ခံဖို့ခက်တယ်”ဟု နိုင်ဟံသာက ပြေသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၂၁ ဖွဲ့လုံး ပါဝင် လက်မှတ်ရေးထိုးစေချင်သော်လည်း အားလုံးပါဝင်ရေး အစိုးရဘက်မှ လက်မခံပါက NCCT အဖွဲ့တွင် ပါဝင်သော အဖွဲ့ ၁၇ ဖွဲ့ကိုမူ ပါဝင် လက်မှတ်ရေးထိုးရန် လက်ခံစေလိုကြောင်းသူက ပြောသည်။

“အားလုံးက အမြင်မတူလို့ ဆုံးဖြတ်ချက်မချနိုင်ဘူး။ တစ်ချို့က အားလုံးမပါရင် လက်မှတ်မထိုးသင့်ဘူးဆိုတဲ့အမြင်။ တစ်ချို့တော့ လက်မှတ်ထိုးတဲ့ ပထမအဆင့်မှာ မပါပေမဲ့ မပါတဲ့ အဖွဲ့တွေကို စစ်ရေးအရ အစိုးရစစ်တပ်က ထိုးစစ်မဆင်ဖို့၊ နိုင်ငံရေး ဆွေးနွေးပွဲမှာ သူတို့ပါဝင်နိုင်ဖို့ အဲလိုနည်းနဲ့လုပ်သွားရင် ကောင်းမလားဆိုပြီးတော့ ပြောနေကြတာပေါ့လေ။ အဲဒီလို အမြင်တွေ တူညီမှုမရှိသေးလို့၊ ဒီနေ့အထိ သမ္မတ ဦးသိန်းစိန်နဲ့ သွားတွေ့ဖို့ဆိုတဲ့ အစီအစဉ်ကလည်း ဆုံးဖြတ်ချက် မကျနိုင်သေးဘူး”ဟု သူက သတင်းထောက်များကို ပြောဆိုခဲ့သည်။

ယခုရက်ပိုင်းမှာပဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NCA လက်မှတ်ရေးထိုးပြီးနောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ DDR ၊ SSR ဆွေးနွေးရန်နှင့် လက်နက် ဖျက်သိမ်းရမည်ဟူ၍ ပြောဆိုမှုများ ရှိနေသဖြင့် ယုံကြည်မှုလျော့ကျသွားသဖြင့် ဆုံးဖြတ်ချက် ချနိုင်ရန် ခက်ခဲနေခြင်း ဖြစ်သည်ဟု သူက ပြောဆိုသွားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သြရုတ် ၁၉ရက်က ဗြိတိန်သံအမတ်ကြီး နှင့် နေပြည်တော်တွင် တွေ့ဆုံစဉ် NCA လက်မှတ်ရေးထိုးပြီးပါက DDR၊ SSR လုပ်ငန်းစဉ်များကို မဖြစ်မနေ ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း နှင့် ဒီမိုကရေစီလမ်းကြောင်းကို လက်ခံသည်ဆိုပြီး လက်နက်မစွန့်၍ မရနိုင်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

NCA ဆုံးဖြတ်မှုချရန်အတွက် အားလုံးပါဝင်ရေးမူကို မူအရ လက်ခံသော်လည်း အမြင်တူညီမှုမရှိသေးခြင်းကြောင့် တိုင်းရင်းသားထိပ်သီးခေါင်းဆောင်များ နေပြည်တော် သွားရောက်၍ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးနိုင်ရေးလည်း ဆုံးဖြတ်ချက်ချနိုင်ခြင်း မရှိသေးကြောင်း NCCT ဒုတိယအခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ပြောသည်။

“နေပြည်တော်သွားမယ့် ခရီးစဉ်အတွက် အစီအစဉ်ဆွဲနေတော့ အကုန်လုံးပါဝင်ရေးကို မူအရလက်ခံတယ်။ ဒါပေမဲ့ နည်းလမ်းရှာတဲ့နေရာမှာ အမြင်နည်းနည်းကွာတယ်။ တချို့အဖွဲ့က သူတို့တင်တဲ့ စာတမ်းနဲ့ သူတို့ဆွေးနွေးမှုက နည်းနည်းကွာတယ်။ ဒါကို ပြန်လိုက်ညှိရမဲ့ပုံဖြစ်နေတာ။ ဒါကြောင့် ဒီနေ့လည်း မပြီးနိုင်သေးဘူး”ဟု သူက သတင်းထောက်များကို ပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပနေသော အစည်းအဝေးကို မူလက သြဂုတ်လ ၂၁ ရက်မှ ၂၃ ရက်ထိ ကျင်းပရန် သတ်မှတ်ခဲ့သော်လည်း အဆုံးအဖြတ်မချနိုင်သဖြင့် သြဂုတ်လ ၂၄ ရက်ကို ထပ်မံတိုးမြှင့်လိုက်ခြင်း ဖြစ်သည်။ ယခုကျင်းပနေသော အစည်းအဝေးကို လိုင်ဇာနှင့် လော်ခီးလာညီခံများကဲ့သို့ ဆုံးဖြတ်နိုင်သည့် အစည်းအဝေးအဖြစ် ယမန်နေ့က သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required