ဆွမ်ပရာဘွမ်မြို့နယ်ရှိ စစ်ရှောင် ၁၀၀၀ ခန့် ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရ

ဆွမ်ပရာဘွမ်မြို့နယ်ရှိ စစ်ရှောင် ၁၀၀၀ ခန့် ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရ
လတ်တလော ထွက်ပြေးနေရသည့် ဒုက္ခသည်များ။ ဓာတ်ပုံ - Nang Pu FB

 

ဇန်နဝါရီလ ၂၃ ရက်၊၂၀၁၈ ခုနှစ်။ ချင်းမိုင်(မဇ္ဈိမ)။                        ။ ကချင်ပြည်နယ်မြောက်ပိုင်း ဆွမ်ပရာဘွမ်မြို့နယ် အင်ဒွပ်ယန် စစ်ရှောင်စခန်းသို့ လက်နက်ကြီး ကျရောက်လာသဖြင့် စစ်ရှောင်များနှင့် ဒေသခံရွာသား ၁၀၀၀ ခန့်သည် တောတောင်များဘက်သို့ ထပ်မံ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု အင်ဒွပ်ယန် စစ်ရှောင် စခန်းတာဝန်ခံက ပြောသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့က အင်ဒွပ်ယန် စစ်ရှောင် စခန်းအတွင်း လက်နက်ကြီး ကျရောက်လာသဖြင့် စခန်းမှ စစ်ရှောင် ၄၀၀ ကျော်နှင့် စခန်းအနီးအနားရှိ လောဒ်မိုင်ယန်၊ အင်ထန်းဇွပ်၊ ဇွပ်ရာ၊ စမာဘွမ် စသည့် ကျေးရွာသားများ စုစုပေါင်း ၁၀၀၀ ခန့် ထွက်ပြေး တိမ်းရှောင်နေရသည်ဟု အင်ဒွပ်ယန် စစ်ရှောင်စခန်း တာဝန်ခံ သိက္ခာတော်ရဆရာ ဘန်ဆိုင်းက ဇန်နဝါရီလ ၂၃ ရက်ညပိုင်းက ပြောဆိုခဲ့သည်။

“ကျနော်တို့ စခန်းက လူတွေရော၊ ရွာကလူတွေရော တစ်ထောင် လောက်ရှိတယ်။ ရွာက ၅ ရွာလောက် စုထားတယ်။ မနေ့က စခန်းအလယ်မှာ လက်နက်ကြီး ကျလာလို့ ထွက်ပြေးကြတာ။ အရင်ရက်တွေက အင်ထန်းဇွပ်နဲ့ ဇွပ်ရာယန်ရွာ နားမှာတွေ လာကျတယ်။ အဲဒီ ရွာသားတွေ ထွက်ပြေးတာက တစ်ပတ်လောက်ရှိပြီ။ အခုတော့ တစ်နေရာမှာဘဲ စုနေကြတယ်။ ခုတောင် ကျနော်တို့ နေတဲ့နေရာနားမှာ လက်နက်ကြီးတွေ ကျတယ်”ဟု ဆရာဘန်ဆိုင်းက ပြောသည်။

ထွက်ပြေးလာစဉ်က တချို့ စစ်ရှောင်များသည် မည်သည့် ပစ္စည်းများ မယူခဲ့ရသလို၊ တချို့မှာလည်း သေနတ်သံ ငြိမ်နေချိန်တွင် သွားယူရသူများလည်း ရှိကြောင်း၊ ယခင်က ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)၊ SI နှင့် KIOတို့ ထောက်ပံ့ပေးသည့် ရိက္ခာများလည်း မရှိတော့သဖြင့် လက်ရှိ အစားအသောက်အတွက် ဆန်နှင့် ဆေးဝါးများ အရေးတကြီး လိုအပ်နေသည်ဟု သူက ပြောသည်။

“အခု ဆန်အိတ် ၆၀ ဘဲ ကျန်တော့တယ်။ အဲဒါကို ပေါင်းပြီး ချက်စားနေကြတယ်။ ရေလမ်းလည်း အစိုးရ ပိတ်တာ ၂ ပတ်ရှိပြီ ပူတာအိုဘက်ကလည်း မရောက်ဘူး။ ဟင်းအတွက်လည်း စခန်းမှာဆို မုန်ညှင်းတွေ စိုက်ထားကြတာ ခုက မုန်ညှင်းလည်း မခူးစားနိုင်တော့ဘူး။ အဲဒီ မုန်ညှင်းခြံထဲထိ လက်နက်ကြီးကျတာတွေ ရှိတယ်။ ခု အခက်အခဲဆုံးက ဆန်နဲ့ ဆေးအရေးတကြီး လိုအပ်နေတယ်။ ကျနော်တို့ ခုနေတဲ့နေရာက ချောင်းနားမှာဆိုတော့ အရမ်းအေးတယ်။ အခု ကလေးတွေ ချောင်းဆိုးတာတွေ ရှိလာပြီ။ စောင်လည်း လိုနေတယ်”ဟု ဆရာဘန်ဆိုင်းက ဆက်ပြောသည်။

ထိုအင်ဒွပ်ယန် စစ်ရှောင် စခန်းနှင့် ကျေးရွာများသို့ အဓိက ရေလမ်းကြောင်းဖြင့် သွားလာရသော်လည်း ရေလမ်း ကြောင်းဖြင့်သွားရသည့် စက်လှေများ ပိတ်ထားခြင်းကြောင့် စားနပ်ရိက္ခာများ ပေးပို့ရန်လည်း ခက်ခဲနေသည်ဟု သိရသည်။

ထိုဒေသတွင် မူကြိုကျောင်းမှ ၇ တန်းထိ အလယ်တန်းကျောင်းရှိသေ်ာလည်း ထွက်ပြေး တိမ်းရှောင်နေရသဖြင့် စာသင် ကျောင်းများလည်း ရက်သတ္တပတ်ကြာ ပိတ်ထားခဲ့ရပြီ ဖြစ်ကြောင်း အင်ဒွပ်ယန် စစ်ရှောင်တာဝန်ခံက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်မှစတင်၍ အင်ဒွပ်ယန် စစ်ရှောင်စခန်းတွင် ခိုလှုံနေကြခြင်း ဖြစ်ပြီး အဆိုပါ စခန်းတွင် အိမ်ထောင် စုပေါင်း ၇၁စု နှင့် ဒုက္ခသည် ၄၃၉ ဦး ခိုလှုံနေသည်ဟု သိရသည်။ ထွက်ပြေးနေရသည့် ကျေးရွာများသည်လည်း ၂၀၁၂ ခုနှစ်က နေရပ်စွန့်ခွာခဲ့ရပြီးနောက် ၂၀၁၆ ခုနှစ်တွင် မိမိတို့ကျေးရွာများသို့ ပြန်လည် နေထိုင်နေသူများ ဖြစ်သည်ဟု သိရသည်။

ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်နေ့မှစတင်၍ ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) နှင့် တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားလာခြင်း ဖြစ်သည်ဟု ဆရာဘန်ဆိုင်းက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly