ပညာရေးစရိတ်တိုးပေးရန်တောင်းဆိုမှု တက္ကသိုလ် ဆရာ၊ ဆရာမများအဖွဲ့အစည်းများမှ ကန့်ကွက်ကြောင်းကြေညာချက်ထုတ်

ပညာရေးစရိတ်တိုးပေးရန်တောင်းဆိုမှု တက္ကသိုလ် ဆရာ၊ ဆရာမများအဖွဲ့အစည်းများမှ ကန့်ကွက်ကြောင်းကြေညာချက်ထုတ်

မန္တလေး၊ဇန်နဝါရီ ၂၃ ။           ။ မန္တလေးရတနာပုံတက္ကသိုလ်အတွင်း ကျောင်းသားအချို့ ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးရေး တောင်းဆို ဆန္ဒပြနေမှုကို မန္တလေးတက္က္တသိုလ် ဆရာ၊ ဆရာများ သမဂ္ဂနှင့်ရတနာပုံတက္က္တသိုလ် ဆရာ၊ဆရာများ အစည်းအရုံးတို့က ပြင်းထန်စွာကန့်ကွက်ကြောင်း ယနေ့ ဇန်နဝါရီလ ၂၃ ရက်၊ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

အဆိုပါကြေညာချက်ထဲတွင် ရတနာပုံတက္ကသိုလ်ပင်မဆောင်ရှေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဟု အမည်ခံထားသော ကျောင်းသားတစ်စုမှ ဦးဆောင်၍ ဇန်နဝါရီ ၂၂ ရက်မှစ၍ စုရုံးဆန္ဒပြလျှက်ရှိပါသည်။

ထိုစုရုံးဆန္ဒပြမှုကိစ္စနှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာနတို့မှ ပုဂ္ဂိုလ်များက ဆန္ဒပြအဖွဲ့ ခေါင်းဆောင် ၇ ဦးတို့နှင့် ရတနာပုံတက္ကသိုလ်ခန်းမ (၁)တွင် ဇန်နဝါရီ ၂၂ ရက်၊ ည ၇ နာရီအချိန်၌ တွေ့ဆုံညှိုနှိုင်းမှုများ ပြုလုပ်ခဲ့ကြသည်။

ဆွေးနွေးညှိုနှိုင်းမှုတွင် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအဖွဲ့က နှစ်အဆင်ပြေစေရန် နည်းလမ်းများဖြင့် ညှိုနှိုင်းခဲ့သော်လည်း ဆန္ဒပြကျောင်းသားများဘက်မှ လက်ခံခြင်းမရှိခဲ့ပါ။ ၎င်းဆန္ဒပြပွဲတွင် အသံချဲ့စက်များ အသုံးပြု၍ သီချင်းများဖွင့်ခြင်း ဟောပြောမှုများပြုလုပ်ခြင်း၊ တက္ကသိုလ် ပရဝဏ်အတွင်း လှည့်လည်ကြွေးကြော်ခြင်းတို့ကြောင့် ကျောင်းသား၊ ကျောင်းသူများ၏ စာသင်ယူမှု၊ တက္ကသိုလ်ပရဝဏ်အတွင်း သွားလာမှုတို့ကို အနှောက်အယှက်ဖြစ်စေပါသည်။

ဆန္ဒပြကျောင်းသားများ၏ တောင်းဆိုချက်များသည် ရတနာပုံတက္ကသိုလ်စီမံခန့်ခွဲမှုအဖွဲ့က စီမံအကောင်အထည်ဖော်ပေးနိုင်သည့် အချက်များ မဟုတ်ဘဲ ပြည်ထောင်စုအစိုးရအဖွဲ့နှင့်   ပြည်ထောင်စုလွှတ်တော်တို့ကသာ စီမံဆောင်ရွက်နိုင်သည့် အချက်များဖြစ်ပါသည်။ ယနေ့ မြန်မာနိုင်ငံ၏ အခြေအနေသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်တရားဥပဒေစိုးမိုးရေးတို့ကို အရေးတကြီး ဖော်ဆောင်နေရသည့် အချိန်တွင် ဥပဒေနှင့်မညီသော စုရုံးဆန္ဒပြမှုကို ရတနာပုံတက္ကသိုလ် ဆရာ၊ ဆရာမများအစည်းအရုံးနှင့် မန္တလေးတက္ကသိုလ် ဆရာ၊ ဆရာမများသမဂ္ဂတို့က ပြင်းထန်စွာကန့်ကွက်ရှုံ့ချပါသည်။

၎င်းစုရုံးဆန္ဒပြမှုကြောင့် ဖြစ်ပေါ်လာသော အကျိုးအဆက်များကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဟု အမည်ခံထားသော စုရုံးဆန္ဒပြသည့် ကျောင်းသားတစ်စု၏ တာဝန်သာဖြစ်ကြောင်း ဤကြေညာချက်ဖြင့် ထုတ်ပြန်လိုက်သည်ဟုပါရှိသည်။

"ဆရာမတို့အနေနဲ့က ပညာရေးအသုံးစရိတ်တိုးတောင်းတာကိုတော့ လက်ခံတယ်။ဒါပေမယ့် တောင်းဆိုတဲ့ နည်းလမ်းလွဲနေတယ်။ လွှတ်တော်ကနေတစ်ဆင့်သွားမှ အဆင်ပြေမယ်။"ဟု   မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများ သမဂ္ဂ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်ပပစိန် ကပြောသည်။

ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်က"အားလုံးမြင်တဲ့အတိုင်းပဲ ကျောင်းထဲမှာလုပ်တာ နှစ်ရက်ရှိသွားပြီ။ လော်စပီကာတွေ အကျယ်ကြီးဖွင့်တယ်။ နောက်တစ်ခါကျတော့ သင်ကြားရေးကို အနှောက်အယှက်ဖြစ်တယ်။ သူတို့ရဲ့ တောင်းဆိုမှုတွေ အတွက် သက်ဆိုင်ရာလူကြီးတွေကို ခေါ်ပေးတယ်။ ညှိုနှိုင်းတယ်။ သူတို့ကျောင်းမှာ ဒီလိုလုပ်တာ စာသင်ပျက်တယ်။ သူတို့တောင်းဆိုတာက ဘတ်ဂျက် ၁၅ရာခိုင်နှုန်း တိုးပေးဖို့တောင်းဆိုတာ ကျွန်တော်တို့ လုပ်မပေးနိုင်တဲ့အတွက်ကြောင့် သက်ဆိုင်ရာကို တင်ပြပေးတယ်။ သက်ဆိုင်ရာကလည်း လွှတ်တော်ကို ဆက်ပေးတယ်။ အဲဒီတာဝန်ရှိတဲ့သူတွေနဲ့ သူတို့တွေ့ဆုံဖို့လုပ်ပေးတယ်။"ဟုပြောသည်။

ဆန္ဒပြတောင်းဆိုရာတွင်ပါဝင်သည့် ကျောင်းသားခေါင်းဆောင်တစ်ဦးက "ပညာရေးအသုံးစရိတ် တိုးတောင်းတယ်ဆိုတာ အားလုံးအတွက်ပါ။ ကျွန်တော်တို့ကတော့ မရမချင်းဆက်ပြီး တောင်းဆိုသွားပါမယ်။"ဟုပြောသည်။

ပညာရေးအသုံးစရိတ်တိုးမြင့်ပေးရေးကို လိုက်လျောဆောင်ရွက်ပေးခြင်းမရှိပါက ကျောင်းသားသမဂ္ဂအဖွဲ့များ ပူးပေါင်း၍ ဆန္ဒပြတောင်းဆိုမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required