မျက်ခုံးမွှေး ထူထူနက်နက်ဖြစ်အောင် လုပ်လို့ရမယ့် နည်းလမ်းများ

မျက်ခုံးမွှေး ထူထူနက်နက်ဖြစ်အောင် လုပ်လို့ရမယ့် နည်းလမ်းများ

ရေးသားသူ Phyo Pyae Pyae
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

ယောကျ်ားလေးရော မိန်းကလေးရော မျက်ခုံးမွှေးလေးတွေ ထူပြီး နက်မှောင်နေရင် တော်တော်လေးကို ကြည့်ကောင်းပြီး လှတာကို သတိထားမိကြမှာပါ။ မိန်းကလေးတွေမှာဆိုရင် မျက်ခုံးမွှေးလေး ထူနေတဲ့ပုံစံပေါက်အောင် မျက်ခုံးမွှေးဆွဲခဲတံနဲ့ ဆွဲတာတွေ ရှိသလို တက်တူးလိုမျိုး ပုံဖော်ပြီးထိုးတာတွေလည်း ရှိလာပါပြီ။ ဒီတစ်ခါမှာတော့ ခဲတံမကူ၊ တက်တူးမလိုဘဲ သဘာဝအတိုင်းလေး ထူပြီး နက်မှောင်နေအောင် လုပ်လို့ရမယ့် သဘာဝနည်းလမ်းလေး မျှဝေချင်ပါတယ်။

အုန်းဆီ

အုန်းဆီက ဆံပင်တင်မဟုတ်ဘူး၊ မျက်ခုံးမွှေးအတွက်ပါ လိမ်းလို့ရတယ်နော်။ အုန်းဆီဟာ အစိုဓါတ်ပေးတဲ့ Moisturizer တွေလိုမျိုး ပေါင်းတင်ဆေးတစ်မျိုးဖြစ်ပြီး သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။ အုန်းဆီထဲမှာ ပါဝင်တဲ့ Fatty acid ဟာ ဆံပင်လိုမျိုး မျက်ခုံးမွှေးတွေ ကျိုးကြေပျက်စီးတာကို ကာကွယ်ပေးနိုင်တဲ့ ပရိုတင်းလိုမျိုး အထောက်အကူပေးပါတယ်။ အုန်းဆီက ပေးတဲ့ ပရိုတင်းဟာ ဗီတာမင် Eနဲ့သံဓါတ်လိုမျိုး မျက်ခုံးမွှေးကို ထူစေပါတယ်။ အုန်းဆီကို မျက်ခုံးမွှေးပေါ်မှာ နေ့တိုင်းလိမ်းနိုင်သလို တစ်ပတ်မှာ အကြိမ်အရေအတွက် နည်းနည်းေးလ လိမ်းပေးရင်တောင် သိသာတဲ့ မျက်ခုံးမွှေးအလှကို ပိုင်ဆိုင်ရနိုင်ပါတယ်။ အုန်းဆီကို ဂွမ်းစလေးနဲ့ ယူပြီး မျက်ခုံးမွှေးပေါ်မှာ လိမ်းပေးပါ။ တစ်ညလုံးထားလည်း ရပါတယ်။ မနက်ကျမှ မျက်နှာသစ်ပေးလိုက်ပါ။

ကြက်ဥအနှစ်

ကြက်ဥဟာ ပရိုတင်းဓါတ်တွေ ပြည့်ဝတဲ့ အစားအစာဖြစ်ပါတယ်။ ကြက်ဥမှာ ပါဝင်တဲ့ Keratin ပရိုတင်းဟာ မျက်ခုံးမွှေးတွေ သန်စေဖို့ အထောက်အကူပေးပါတယ်။ ကြက်ဥအနှစ်မှာ Biotinတွေ များများပါဝင်ပြီး မျက်ခုံးမွှေး အရှည်မြန်စေဖို့ အားပေးပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်လောက် လုပ်ပေးရင်တောင် သိသာမှာပါ။ ကြက်ဥတစ်လုံးကို ခွဲပါ။ အကာနဲ့ အနှစ် သက်သက်ဆီ လုပ်ပြီး အနှစ်ချည်းပဲ သီးသန့်ယူပါ။ ကျေနေအောင် အနှစ်ကို မွှေလိုက်ပါ။ ပြီးရင်တော့ ဘရက်ရှ်သေးသေးလေးနဲ့ အနှစ်ကို ယူပြီး မျက်ခုံးမွှေးမှာ လိမ်းပေးပါ။ မိနစ်(၂၀) လောက် ကြာအောင် ထားပြီးရင် ရေနွေးလေးနဲ့ ဆေးကြောလိုက်ပါ။

သံလွင်ဆီ

သံလွင်ဆီမှာ ကောင်းကျိုးတွေ များတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ သံလွင်ဆီမှာ ပါဝင်တဲ့ ဗီတာမင် E နဲ့ ဗီတာမင် Aတို့ဟာ မျက်ခုံးမွှေး မြန်မြန်ရှည်ပြီး ထူစေဖို့ အထောက်အကူပြုပါတယ်။ မျက်ခုံးမွှေးတွေ ထူပြီး နက်နေစေဖို့ အထောက်အကူပြုတဲ့ ခန္ဓာကိုယ်ရဲ့ အဆီတစ်မျိုးဖြစ်တဲ့ Sebum တွေ ထုတ်လုပ်ဖို့ ဗီတာမင်Aက လှုံဆော်နေစဉ်မှာ ဗီတာမင် Eက မျက်ခုံးမွှေးတစ်ချောင်းချင်းစီ အားပြည့်စေဖို့ လုပ်ဆောင်ပေးပါတယ်။ သံလွင်ဆီကို လက်ချောင်းထိပ်ဖျားလေးနဲ့ ယူပြီး မျက်ခုံးမွှေးမှာ လိမ်းပေးပါ။ နာရီတော်တော်ကြာလေး ထားပြီးတဲ့အခါမှာ ရေနဲ့ ဆေးကြောလိုက်ပါ။ တစ်နေ့ကို တစ်ကြိမ် တစ်ပတ်လောက် လုပ်ပေးပါ။

ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်မှာ Aloenin လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုး ပါဝင်ပြီးတော့ မျက်ခုံးမွှေးတွေ ကောင်းစွာ ရှည်လာဖို့ အထောက်အကူပြုပါတယ်။ ကျိုးကြေပျက်စီးတာတွေကို တားဆီးပေးနိုင်တဲ့အပြင် ဆွဲနိုင်ဆန့်နိုင်တဲ့ elasticity ကိုပါ ပေးစွမ်းနိုင်တဲ့ Keratin လည်း ပါဝင်ပါသေးတယ်။ ဒါကြောင့် မျက်ခုံးမွှေး နည်းနေမှာကို စိတ်ပူစရာ မလိုပါဘူးနော်။ ရှားစောင်းလက်ပပ်ကို ရေစင်အောင်ဆေးပြီး လှီးလိုက်ပါ။ ဂျယ်လ်ပုံစံလေးတွေ ထွက်လာပါလိမ့်မယ်။ မျက်ခုံးမွှေးနေရာမှာ လိမ်းပေးပါ။ ခြောက်မှ ရေဆေးကြောပါ။ နေ့တိုင်း လုပ်ပေးနိုင်ပြီး မျက်ခုံးထူထူလေးကို ပိုင်ဆိုင်ရမှာပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required