အိုလံပစ်ပွဲ အကြိုနေ့တွင် မြောက်ကိုရီးယားက စစ်တပ် နှစ်ပတ်လည်အခမ်းအနား ပြုလုပ်မည်

အိုလံပစ်ပွဲ အကြိုနေ့တွင် မြောက်ကိုရီးယားက စစ်တပ် နှစ်ပတ်လည်အခမ်းအနား ပြုလုပ်မည်

ဆိုးလ်၊ ဇန်နဝါရီ ၂၃ ။          ။ တောင်ကိုရီးယားနိုင်ငံ ပြုံယွန်ချန်းမြို့တွင် ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပွဲ အကြိုနေ့ ဖေဖော်ဝါရီ ၈ ရက်တွင် မြောက်ကိုရီးယားနိုင်ငံက စစ်တပ်တည်ထောင်ခြင်း နှစ်ပတ်လည်အခမ်းအနားကို ကျင်းပမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၃ ရက်တွင် ကြေညာလိုက်သည်။

အိုလံပစ်အားကစားပွဲတော်တွင် နှစ်နိုင်ငံ ပူးပေါင်းအားကစားအဖွဲ့ ပါဝင်ခြင်း၊ ပေါင်းစည်းရေးအလံတော်အောက် အားကစားသမားများ ချီတက်ခြင်း စသည်တို့ လုပ်ဆောင်ရန် သဘောတူညီမှု ရရှိသည်အထိ တောင်နှင့် မြောက် ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်နေချိန် ယခုကြေညာချက် ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။

ဖေဖော်ဝါရီ ၈ ရက်တွင် ကိုရီးယားပြည်သူ့စစ်တပ် ဖွဲ့စည်းတည်ထောင်မှု နှစ် ၇၀ ပြည့်အခမ်းအနားကို ကျင်းပမည်ဖြစ်ကြောင်း မြောက်ကိုရီးယားအလုပ်သမားပါတီ ပေါလစ်ဗျူရိုက ကြေညာသည်။

မြောက်ကိုရီးယားနိုင်ငံအား တည်ထောင်သူ ကင်အီဆွန်းက ၁၉၄၈ ခုနှစ်တွင် ကိုရီးယားပြည်သူ့တော်လှန်ရေးတပ်ဖွဲ့အား ကိုရီးယားပြည်သူ့စစ်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းမှု နှစ် ၇၀ ပြည့်အထိမ်းအမှတ်ကို ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာန KCNA က ဖော်ပြသည်။

စစ်ရေးပြချီတက်ခြင်းအပါအဝင် အဆိုပါ အခမ်းအနားအား ကျင်းပရန် ပြုံယမ်းက ပြင်ဆင်နေကြောင်း ထွက်ပေါ်နေသည့် သတင်းများကို ယခုကြေညာချက်ကြောင့် အတည်ဖြစ်စေသည်။

ဒီဇင်ဘာနှင့် ဇန်နဝါရီအတွင်း ဖမ်းယူရရှိသော ဂြိုဟ်တုဓာတ်ပုံများအရ တင့်ကားများ၊ အခြားယာဉ်များ ပြုံယမ်းမြို့အနီးက လေဆိပ်တစ်ခုတွင် ဖြန့်ကြက်ထားရှိထားပုံကို မြင်တွေ့ရသဖြင့် အကြီးစားစစ်ရေးပြမှုအတွက် ကြိုတင်ပြင်ဆင်နေခြင်း ဖြစ်ဖွယ်ရှိသည်။

စစ်ရေးပြအခမ်းအနားအား မြောက်ကိုရီးယားက ပြုလုပ်မည်ကိစ္စရပ်ကို ကျိန်းသေအတည်မပြုနိုင်သေးကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူတစ်ဦးက ဆိုသည်။

သို့သော် မြောက်ကိုရီးယားနိုင်ငံအတွင်း စစ်ရေးလှုပ်ရှားဆောင်ရွက်မှုများကို ဆက်လက်စောင့်ကြည့်ရေး ကင်းထောက်ခြင်းလုပ်ငန်းများအး တောင်ကိုရီးယားနှင့် အမေရိကန်တို့က ဆက်လက်လုပ်ဆောင်သွားကြမည်ဖြစ်သည်။

ထိုကဲ့သို့သော ဆောင်းရာသီအိုလံပစ်အကြိုတွင် စစ်ရေးပြချီတက်ပွဲအား ပြုလုပ်လာခြင်းသည် နှစ်နိုင်ငံ ပူးပေါင်းအားကစားအဖွဲ့ ပါဝင်ယှဉ်ပြိုင်ရေး သဘောတူညီမှု ရရှိခြင်းကဲ့သို့သော ကိုရီးယားကျွန်းဆွယ်တွင် မကြာသေးမီက ဖြစ်တည်ရရှိထားသည့် တင်းမာမှု ပြေလျော့လာနေသော အခြေအနေကို ထိခိုက်လာစေနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly