ဘင်္ဂလားဒေ့ရှ်မှ ပြန်ဝင်လာမည့်သူများအား မြန်မာအစိုးရဘက်မှ လက်ခံရန် အသင့်ဖြစ်နေပြီဟုဆို

ဘင်္ဂလားဒေ့ရှ်မှ ပြန်ဝင်လာမည့်သူများအား မြန်မာအစိုးရဘက်မှ လက်ခံရန် အသင့်ဖြစ်နေပြီဟုဆို

နေပြည်တော်၊ ဇန်နဝါရီ ၂၃ ။         ။ ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ သဘောတူ ချုပ်ဆိုထားသည့် ဒုက္ခသည်များ ပြန်လည်လက်ခံရေးရက်သည် ယနေ့ ဇန်နဝါရီ ၂၃ရက်နေ့တွင် ပြည့်ပြီဖြစ်သည့်အတွက် ယနေ့တွင် ပြန်လည် လက်ခံရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

“ကျွန်တော်တို့က ဒီနှစ်ဖက် နှစ်နိုင်ငံ သဘောတူစာချုပ် ဘင်္ဂလားဒေ့ရှ်- မြန်မာစာချုပ်ချုပ်ထားတဲ့အတိုင်းပဲ စာချုပ်ချုပ်ပြီး ၂လအတွင်းလက်ခံရမယ်ဆိုတဲ့ရက်က ဒီနေ့ဖြစ်ပါတယ်။၂၃ ဇန်နဝါရီ ဖြစ်ပါတယ်။ အဲ့တော့ ဇန်နဝါရီ ၂၃မှာ ကျွန်တော်တို့နိုင်ငံ အနေနဲ့ပြန်လည် လက်ခံဖို့အတွက် ကို ပြန်လည်လက်ခံရေးစခန်း ၂ ခု နဲ့ ကြားစခန်းတစ်ခု တည်ဆောက်ရတယ်။ လက်ခံဖို့အတွက် အစီအစဉ်တွေ ကျွန်တော်တို့ဆောင်ရွက်ရတယ်။ ကျွန်တော်တို့ ဝန်ထမ်းတွေလည်း အဆင်သင့် ပို့ပြီးပြီ။ စသဖြင့် ကျွန်တော်တို့ဆောင်ရွက်ထားတဲ့ ကိစ္စတွေက အဆင်သင့်ဖြစ်နေတယ်။ အဆင်သင့်ဖြစ်တယ်ဆိုတာ ပထမအသုတ်လာဖို့အတွက် ကျွန်တော်တို့ အဆင်သင့် ဖြစ်နေတယ်”ဟု ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

သို့ရာတွင် ဘင်္ဂလားဒေ့ရှ် အစိုးရဘက်မှ ဇန်နဝါရီ ၂၃ တွင် စတင်ပြန်ပို့ရန် အခက်အခဲ တစ်ချို့ရှိနေကြောင်း ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။

“နောက်တစ်ဖက်နိုင်ငံကိုလည်း အပြစ်မပြောဘူး ကျွန်တော်တို့။ သူတို့လည်း သူတို့ အခက်အခဲ ရှိမယ်။ အဲ့တော့ အခက်အခဲတွေကို ကျော်ဖြတ်ပြီး ပြီးသွားတဲ့ အခါမှာ ပို့လို့ရပြီဆိုတဲ့ အချိန် ကျွန်တော်တို့ လက်ခံမှာပဲ။ ဒါပေမယ့် ကျွန်တော်တို့က ဒီနေ့ကစပြီးတော့ စာချုပ်အရ အဆင်သင့် ဖြစ်ပါတယ်လို့ ပြောချင်တာ။ အဓိကက အဲဒါပဲ”ဟု ၎င်းကပြောသည်။

ပြန်လည်လက်ခံရေးရက်အား ယနေ့ ဇန်နဝါရီ ၂၃မှ စတင်ပြီး ၂ နှစ် အတွင်း လျာထားသတ်မှတ်ထားပြီး ၊ သတ်မှတ်ထားသည်ထက် လည်း စော၍ ပြီးနိုင်သလို နောက်ကျ၍လည်း ပြီးနိုင်ပြီး ပြန်လည်လက်ခံမည့် အရေအတွက်ကိုမူ မသတ်မှတ်ထားကြောင်းနှင့် ပြန်လာရန် သတ်မှတ်ထားချက်များနှင့် ပြည့်စုံပါက လက်ခံသွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ယနေ့ ဇန်နဝါရီ ၂၃ ရက်နေ့က နေပြည်တော်ရှိ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်သော နေရပ်စွန့်ခွာ ထွက်ပြေး ဒုက္ခသည်များ ပြန်လည်လက်ခံရေး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြန်လည်ဝင်ရောက်လာမယ့် ပုဂ္ဂိုလ်များသည် မည်သည့်ဘာသာဝင်လူမျိုးဖြစ်ပါစေ ကျွန်တော်တို့ ပြန်လည်လက်ခံရေး စိစစ်ရေး အဖွဲ့ကနေပြီးတော့မှ လက်ခံလာတဲ့ လူများရဲ့ လုံခြုံရေးကို ကျွန်တော်တို့က စနစ်တကျဆောင်ရွက်ပြီး သား ဖြစ်ပါတယ်” ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က ပြောသည်။

ထိုသို့ ပြန်လည်ဝင်ရောက်လာသူများထဲတွင် အကြမ်းဖက်သမားများ ပါမလာစေရန် သေချာစွာစိစစ်သွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က ပြောသည်။

“ကျွန်တော်တို့လက်ခံမယ့် အဖွဲ့တွေမှာ ကွန်ပြူတာ စနစ်တွေပါရောက်ရှိနေပြီ ။ အဲ့ထဲမှာ သူတို့ရဲ့ ဘိုင်အို ဒေတာတွေ ယူဖို့ ရှိတယ်။ အဲ့တော့ ဒီမှာနေသွားတဲ့လူတွေ ဟုတ်မဟုတ်ဆိုတာ စာရင်းနဲ့တိုက်ဖို့ရှိတယ်။ နောက်ဒီလူတွေဟာ ကျွန်တော်တို့ဆီမှာ ရှိတဲ့ စာရင်းတွေနဲ့ အကြမ်းဖက်သမားတွေ ပါ၊ မပါဆိုတာ အဲ့တာတွေလည်း စိစစ်ဖို့ရှိပါတယ်။ အဆင့် ၂ဆင့်ရှိတယ်။ နောက် အကြမ်းဖက် သမားတွေ ပါလာလို့ရှိရင် ဒါ ကျွန်တော်တို့ လိုအပ်တဲ့ အရေးယူမှု ပြင်ဆင်မှုတွေလည်း ပြုလုပ်ထားပါတယ်” ဟု ၎င်းက ပြောသည်။

ပြန်လည်လက်ခံရေးစခန်းများဖြစ်သည့် တောင်ပြိုလက်ဝဲနှင့် ငါးခူရစခန်း ၊ တို့တွင် လက်ခံသွားမည်ဖြစ်ပြီး လတ်တလောကာလတွင် လှဖိုးခေါင်ကြားစခန်းတွင် ထားရှိလက်ခံသွားမည် ဖြစ်သည်။

ဟိန္ဒူဘာသာဝင်များကို အိုးထိန်း၊ မြို့မအရှေ့၊ ကြိမ်ချောင်း၊ တောင်ပြို၊ မြို့မိချောင်း၊ ရွှေဇား၊ မြို့ဦးနှင့် လေးမိုင် တို့တွင် နေရာချထားပေးမည် ဖြစ်ပြီး ဒေသခံတိုင်းရင်းသားများ (မြို၊ သက်၊ မရမာကြီး၊ ခမီ၊ ဒိုင်းနက်) အတွက် သစ်တုံးနား ခွဆုံ (မြို)ရွာ၊ ခုံတိုင်(မြို)ရွာ၊ ဇော်မတက်အုပ်စု၊ ပဒကား ရွာသစ်၊ အောင်စစ်ပြင်အုပ်စု တောင်ပြို ကား လမ်းဘေး၊ ဖော်တီတောင်(မရမာ) မူလကျေးရွာ၊ နံသာတောင်(ရခိုင်) မူလကျေးရွာ၊ သက်တိုင်ညာ (သက်)မူလကျေးရွာ၊ အောင်သပြေရွာ၊ အောက်ပြူးမ နှင့် ခမောင်းဆိပ်မြို့အနီး လူနေအိမ်၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများ  ဆောက်လုပ်ပေးထားသည်ဟု သိရသည်။

ပြန်လည်ဝင်ရောက်လာမည့် ဘင်္ဂါလီများအတွက် ချထားပေးမည့်နေရာကို အစိုးရမှ အတိအကျ ထုတ်ပြန်ထား ခြင်း မရှိပေမယ့်လည်း ကျေးရွာများမှာ လူနေအိမ်များ ဆောက်လုပ်ပေးနေကြောင်း ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required