ပဋိပက္ခဖြစ်စဉ်များတွင် တာဝန်ယူဆောင်ရွက်မှု ပျက်ကွက်ပါက အရေးယူခံရန်အဆင်သင့်ဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

ပဋိပက္ခဖြစ်စဉ်များတွင် တာဝန်ယူဆောင်ရွက်မှု ပျက်ကွက်ပါက အရေးယူခံရန်အဆင်သင့်ဟု ပြည်နယ်ဝန်ကြီးချုပ်ပြော
(ပြည်နယ်ဝန်ကြီးချုပ်ကို ဇန်နဝါရီလ ၂၂ ရက်နေ့က ပြည်နယ်အစိုးရတွေ့ဆုံပွဲတွင် တွေ့ရစဉ်)ဓာတ်ပုံ - RiA

 

စစ်တွေ၊ ဇန်နဝါရီ ၂၃ ရက်။                     ။ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သတ်၍ ဖြစ်ပျက် သမျှ အဆိုးအကောင်း အရာများသည် သူ့ အပေါ်တွင် မူတည်နေပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ဆောင်နေကာ တာဝန် မကျေပွန်မှုများနှင့် တာဝန်ယူမှုမှာ မှားယွင်းမှု တစ်စုံတစ်ရာရှိခဲ့ပါက အရေးယူခံဖို့ အဆင်သင့်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောသည်။

ဇန်ဝါရီလ ၂၂ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်သည့် မြောက်ဦး ပဋိပက္ခဖြစ်စဉ်အပါအဝင် ဒေါက်တာ ဦးအေးမောင်နှင့် ပရဟိတ စာရေးဆရာ ဝေဟင်အောင်တို့ကို ဖမ်းဆီးအရေးယူမှုနှင့် ပတ်သတ်ပြီး မြို့မိ၊မြို့ဖ၊ ဌာနဆိုင်ရာ၊ မီဒီများ တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်က ယင်းသို့ပြောကြားလိုက်ခြင်းဖြစ်သည်။

“တာဝန်ရှိတယ်။ တာဝန်ခံတယ်။ တာဝန်ယူတယ်။ တာဝန်ကျေအောင် လည်း အတတ်နိုင်ဆုံး ကျနော်ကြိုးစားပြီး တော့ လုပ်သွားဖို့ရှိပါတယ်။ အဲဒီအတွက်လည်းပဲ ကျွန်တော် ကတိပြုပြီးတော့   ဆောင်ရွက်သွားပါ့မယ်။ ဒီလိုဆောင် ရွက်ခဲ့တဲ့အပေါ်မှာ တာဝန်မကျေတာတွေ၊ ပျက်ကွက်မှုတွေ၊ မှားယွင်းမှုတွေ ရှိခဲ့ရင်လည်းပဲ။ ကျွန်တော် အရေးယူခံဖို့  အဆင်သင့်ပါ။"ဟု ပြောသည်။

ယင်းအပြင် ဇန်နဝါရီလ ၁၆ ရက်နေ့က မြောက်ဦး ပဋိပက္ခဖြစ်စဉ်တွင် ပါဝင်သူများနှင့် ဟောပြောပွဲကို ဦးဆောင်ကျင်းပသူများကိုပါ နိုင်ငံတော် ပုန်ကန်မှု ဥပဒေပုဒ်မနှင့် ဖမ်းဆီးပြီး အရေးယူသွားမည်ဖြစ်ကြောင်းလည်း ပြည်နယ်ဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့သည်။

“တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို စီစစ်ဖို့။ ကျွန်တော်တို့ကို ပြန်လည်စိစစ်ဖို့ ဒါတွေကို ဆောင်ရွက်ပြီးဖြစ်ပါတယ်။ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ဖို့ဆိုတာတော့ ကျွန်တော်တို့ပြည်နယ်အဆင့်ရဲ့ လုပ်ပိုင်ခွင့်ထက် ပြည်ထောင်စုရဲ့ လုပ်ပိုင်ခွင့်ထဲမှာ သက်ရောက်တဲ့အတွက် ဒီနေ့တင်ပြထားတဲ့အချက်တွေ အပါအဝင် ပြည့်ပြည့်စုံစုံနဲ့ အလေးနက်ထားပြီး တင်ပြသွားမယ်လို့ ကျွန်တော့အနေနဲ့ မှာကြားလိုပါတယ်။”ဟု ဆိုသည်။

ရသေ့တောင်မြို့နယ်မှာ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျင်းပသည့် ရခိုင်ဘုရင်အချုပ်အခြာ အာဏာကျဆုံးခြင်း အခမ်းအနားမှာ ဟောပြော ခဲ့သည့် စာရေးဆရာဝေဟင်အောင်နှင့် ဒေါက်တာအေးမောင်တို့ကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မနှင့် အာဏာပိုင်များက ဖမ်းဆီးပြီး စစ်တွေအကျဉ်းထောင်မှာ ထိန်းသိမ်းထားသည်။

မကြာခင်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင် စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို နိုင်ငံတော်မှ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခြင်း မရှိဟုဆိုကာ တာဝန်က ရပ်စဲရန် ရခိုင်ပြည်နယ် လွှတ်တော်က ဇန်နဝါရီလ ၂ ရက်နေ့ မဲခွဲဆုံးဖြတ်ခဲ့သည်။

ယင်းနောက် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ပြဌာန်းချက်များအရ စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို တာဝန်က ရပ်စဲ လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဇန်နဝါရီ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required