မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ NCA လက်မှတ်ထိုးတော့မည်

မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ NCA လက်မှတ်ထိုးတော့မည်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇန်နဝါရီ ၂၃ရက်၊ ၂၀၁၈ ခုနှစ်)။ ။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် မကြာခင် လက်မှတ်ရေးထိုးသွားမည်ဟု မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့က ယနေ့ ဇူလိုင် ၂၃ရက်တွင် ပူးတွဲသတင်းထုတ်ပြန်လိုက်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်တွင် ယနေ့နံနက်ပိုင်းက သီးခြားစီ တွေ့ဆုံပြီးနောက် ယခုကဲ့သို့ သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“တွေ့ဆုံမှုများအရ မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ အနေဖြင့် မကြာခင် (NCA) စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်” ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံမှုအပြီး သတင်းစာရှင်းလင်းပွဲတွင် NMSP မှ နိုင်အောင်မင်းက ပူးတွဲသတင်းထုတ်ပြန်ချက်ကို ဖတ်ကြားခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း “ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးအတွက် ပြည်ထောင်စုအတွင်းမှာ ငြိမ်းချမ်းရေးရရှိရေးအတွက် ငြိမ်းချမ်းမှုကို အခြေခံတဲ့ ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် ကူညီပေးတဲ့ ကျွန်မတို့ရဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမများ၊ မွန်တိုင်းရင်းသားများ၊ လားဟူ တိုင်းရင်းသားများအားလုံးကို အင်မတန်မှ ကျေးဇူးတင်ပါတယ်။ ဒါဟာ ကျွန်မတို့အတွက်တင် လုပ်နေတာ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ နောင်လာနောက်သားများ အားလုံးအတွက် ခြေလှမ်းနေတဲ့ ခြေလှမ်းတွေလို့လည်း ကျွန်မတို့ ယုံကြည်ပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

NCA လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ခဲ့သည့် မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့အတွက် ပြည်ထောင်စုသားအားလုံးက ဝမ်းမြောက်၊ ဂုဏ်ယူလိမ့်မည်ဟု ယုံကြည်ကြောင်းလည်း မေးခွန်းမေးမြန်းခွင့်မရှိသည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားသည်။

NCA လက်မှတ်ရေးထိုးမှုကို အမြန်ဆုံး ပြုလုပ်သွားမည်ဖြစ်ပြီး လက်မှတ်ထိုးပြီးပါက မွန်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမည့်ကိစ္စများကိုလည်း ယနေ့တွေ့ဆုံမှုတွင် ဆွေးနွေးခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

ထို့ပြင် “ကျန်တဲ့အဖွဲ့တွေနဲ့လည်း ဆက်ပြီး ဆွေးနွေးမှာပဲ။ KNPP နဲ့လည်း တွေ့ဆုံ ဆွေးနွေးဖို့ ကမ်းလှမ်းထားတယ်။ ကမ်းလှမ်းပြီးရင် တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်သွားမယ်။ နောက် KNPP နဲ့ ကျန်ခဲ့တာ ANC ရှိတယ်။ နောက်တချက်ကတော့ မြောက်ပိုင်းမှာ ရှိတဲ့ အဖွဲ့တွေပေါ့နော်။ မြောက်ပိုင်းမှာ ရှိတဲ့ အဖွဲ့တွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးမှုတွေ ဆက်လုပ်သွားမယ်” ဟု ၎င်းက ဆိုသည်။

မွန်ပြည်သစ်ပါတီ(NMSP)ဥက္ကဌ နိုင်ထောမွန် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး(LDU)ဥက္ကဌ ကြာခွန်ဆာ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့က နေပြည်တော်သို့ ယနေ့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

NMSP နဲ့ LDU သည် လက်ရှိအစိုးရလက်ထက်အတွင်း ပထမဆုံးအကြိမ်အဖြစ် NCA လက်မှတ် ရေးထိုးမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ဖြစ်လာမည် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ပြီးခဲ့သည့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၈)ဖွဲ့က NCA လက်မှတ် ရေးထိုးပြီးသည့်နောက် လက်မှတ်ရေးထိုးသည့် အဖွဲ့အစည်းများ နောက်ထပ် တိုးမလာသေးခြင်းကြောင့် ဖြစ်သည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags