ရဲတိုက် ဆေးလွန်၍ ဆေးရုံရောက်ခြင်း မဟုတ်ဘဲ အစာအဆိပ်သင့်ခြင်းဖြစ်ဟုဆို

ရဲတိုက် ဆေးလွန်၍ ဆေးရုံရောက်ခြင်း မဟုတ်ဘဲ အစာအဆိပ်သင့်ခြင်းဖြစ်ဟုဆို

 

ရန်ကုန်   ဇန်နဝါရီ   ၂၃ ။               ။ သရုပ်ဆောင်ရဲတိုက် ဒိုင်ယာဇီပင်သောက်ဆေးပြားများ အလွန်အကျွံသောက်ပြီး ဆေးရုံရောက်ဆိုသည့် သတင်းများမှာ ကောလာဟလဖြစ်ပြီး၊ ဆေးရုံတက် ရခြင်းမှာ သာမန်အစာအဆိပ်သင့်ခြင်းသာ ဖြစ်သည်ဟု ဆာတိုရီထုတ်လုပ်ရေးမှ ဒါရိုက်တာရီဇော် က ပြောသည်။

ရဲတိုက်သည် ဇန်နဝါရီ ၂၁ ရက်နေ့က သိန်းငှက်သုံးကောင်စိန်ရွှေရတနာဆိုင်အတွက် ဝတ်မှုန်ရွှေရည်နှင့် ကြော်ငြာရိုက်ပြီး နေပြည်တော်မှ ပြန်အလာ အရက်သောက်ရာမှ အစာအဆိပ်သင့်ခဲ့ခြင်းဖြစ်ကြောင်း ဒါရိုက်တာရီဇော်က မဇ္ဈိမသို့ ပြောသည်။

"ဒိုင်ယာဇီပင် အလုံး ၄၀ သောက်လိုက်တယ် ဆို တာ မဟုတ်ဘူး၊ ကျွန်တော်လည်း ဆေးရုံကိုရောက် နေလို့ အဲဒီသတင်းတွေ တက်နေတာကို လုံးဝမသိလိုက်ဘူး၊ အစာအဆိပ်သင့်တာ၊ သူက အစာအိမ် ရောင်နေတာ ၁ ပတ်လောက်ရှိပြီး၊ ကြော်ငြာရိုက် ကွင်းကအပြန် အရက်သောက်လိုက်တာလည်း များသွားတယ်၊ ပြီးတော့ သူ့အတွက် စိတ်ကျန်းမာရေး ဆရာဝန်ပေးထားတဲ့   ဆေးတွေလည်း သောက်လိုက်တော့ Food poison သဘောမျိုး ဖြစ်သွား တာ" ဟု ဆာတိုရီထုတ်လုပ်ရေးမှ ဒါရိုက်တာရီဇော် က ပြောသည်။

ဇန် နဝါရီလ ၂၂ရက် ည ၁၁ နာရီအချိန်တွင် ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ပြီးဆေးကုသမှု လက်ရှိအနေ အထားတွင် သရုပ်ဆောင်ရဲတိုက်သည် ရန်ကုန် အထွေထွေရောဂါကုဆေးရုံကြီး၊ ပထမထပ်အသည်းအသန်နှင့် အစာ အဆိပ်သင့်လူနာ အထူးကြပ်မတ်ကုသခန်းတွင် တက်ရောက်၍ ဆေးဝါးကုသမှုခံယူနေပြီး စိုးရိမ်စရာမရှိကြောင်း သိရသည်။

" ဆေးတွေ အများကြီးသောက်လိုက်တာ မဟုတ်ဘူး။ အရက်ရယ်၊ အပြန်လမ်းမှာစားလာတဲ့ အစားစုံသွားတာရယ်၊ ဆေးရယ်ကြောင့် ဖြစ်သွားတာ၊ အခုအခြေအနေက အေးဆေးဖြစ်သွားပါပြီ၊ စိုးရိမ် စရာ မရှိတော့ပါဘူး" ဟု ဆာတိုရီထုတ်လုပ် ရေးမှ ဒါရိုက်တာရီဇော်က ပြောသည်။

သရုပ်ဆောင်ရဲတိုက်ကလည်း အင်တာနက်ပေါ် တွင် ပျံ့နှံနေသကဲ့သို ဒိုင်ယာစီဗင် အလုံး ၄၀ သောက်ခဲ့ခြင်းမဟုတ်ကြောင်း အရက်သောက်ပြီး ဆရာဝန်ညွှန်ကြားထားသည့်ဆေးများ သောက်သုံး မိရ၍ အစာအဆိပ်သင့်ခြင်းသာဖြစ်ကြောင်း Palae Si အကောင့်မှ တစ်ဆင့် Live လွှင့်၍ ယနေ့ နံနက် ပိုင်းက ပြန်လည်ဖြေရှင်းခဲ့သည်။

ယမန်နေ့က ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသော ဆေးစာတွင် ဒိုင်ယာဇီပင် အပြား ၄၀ သောက်သုံးခြင်းဟု ဖော်ပြထားသည်။

သရုပ်ဆောင်ရဲတိုက်အား ဇန်နဝါရီလ ၂၂ ရက် ည က ဆေးရုံတင်သည့်အခါ ရဲတပ်ဖွဲ့၏ ရန်ကုန်ဆေးရုံကြီးသို့ " ရာဇဝတ်မှု နှင့်ပတ်သက်သည့် ဆေးစစ်ဆေးပေးပါရန် မေတ္တာရပ်ခံချက်စာ" တွင် ဒိုင်ယာဇီပင်ဆေး ၄၀ ခန့် သောက် ရောက်ရှိဟု ဖော်ပြထားသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဆေးစစ်ဆေးပေးရန် ဆေးရုံကြီးသို့ စာပေးပို့ ခဲ့သည့် လမ်းမတော်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ "သင်္ဃန်းကျွန်းဆေးရုံကနေ လွှဲတယ်၊ ရန်ကုန်ဆေးရုံကြီး ရဲ့ဘေးက ဂျပန်ဆေးရုံကြီးကို လာတက်တာဗျာ၊ လာတက်တာကို ကျွန်တော်တို့က သတင်းအနေနဲ့ပဲ တင်ပေးရ တာ" ဟု တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြန်လည်ဖြေကြားသည်။

သရုပ်ဆောင်ရဲတိုက်သည့် တောင်ငူအကျဉ်းထောင် မှ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ က ပြန်လည်လွတ်မြောက်ခဲ့ပြီးနောက် ဇာတ်ကား များအပြင် ကြော်ငြာများကိုလည်း ဆက်တိုက်ရိုက် ကူးနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly