ပျိုပျိုမေတို့ရဲ့ ခေါင်းအစခြေအဆုံးအလှကို သံပုရာသီးနဲ့ ပြင်ကြမယ်

ပျိုပျိုမေတို့ရဲ့ ခေါင်းအစခြေအဆုံးအလှကို သံပုရာသီးနဲ့ ပြင်ကြမယ်

ရေးသားသူ Phyo Pyae Pyae
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

သံပုရာသီးက ကျန်းမာရေးအတွက်လည်း အစွမ်းထက်တယ်ဆိုတာတော့ သိထားပြီး ဖြစ်မှာပါ။ တကယ်တော့ သံပုရာသီးက ကျန်းမာရေးအပြင် အလှအပ ရေးရာမှာလည်း တော်တော်လေး အသုံးဝင်တဲ့ အစွမ်းထက် အသီးတစ်မျိုးပါပဲ။ ပျိုမဒီလေးတို့ရဲ့ ဆံပင်၊ မျက်နှာက ဝက်ခြံတွေနဲ့ ချိုင်း(ဂျိုင်း) က အမည်းတွေကို ဖယ်ရှားချင်တယ်တော့ ဆိုရင်တော့ သံပုရာသီးကို ချက်ချင်း သတိရလိုက်နော်။

သံပုရာသီး တစ်အောင်စမှာ ဗီတာမင်စီဓါတ် (၉.၂) မီလီဂရမ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင်အေ၊ ဗီတာမင်E၊ ဗီတာမင်ကေ၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်တွေလည်း ပါဝင်ပါသေးတယ်။ သံပုရာသီးက အမည်းစက်တွေကို ကင်းစေပြီး အသက်အရွယ်ကြီးရင့်ခြင်းကြောင့် ဖြစ်ပေါ်တဲ့ လက္ခဏာ အရေးအကြောင်းတွေ ဖြစ်တာကိုလည်း လျှော့ချပေးပါတယ်။ UV တွေကြောင့် အသားအရေ မညီတာကိုလည်း ထိန်းညှိပေးပါတယ်။ မျက်နှာပေါ်မှာ ကြွက်သားတွေ တင်းမာမှုကြောင့် ကျုံ့ရခက်တာမျိုးတွေ ရှိနိုင်ပါတယ်။ ဒါတွေကို ဖြေရှင်းပေးနိုင်တဲ့ အလှကုန်တွေထဲမှာ သံပုရာသီးအဆီ ပါဝင်ပါတယ်။ သံပုရာသီးအဆီလေး လိမ်းပေးရင် ချွေးပေါက်ကျယ်တာတွေ သက်သာစေပြီး မျက်နှာ တင်းတင်းရင်းရင်း မဖြစ်နိုင်တော့ပါဘူး။

ချိုင်း(ဂျိုင်း) က အမည်းတွေ ဖယ်ရှားနည်း

မိန်းကလေးတွေအတွက်တော့ ချိုင်း(ဂျိုင်း) မှာ အမည်းရှိတာက စိတ်ညစ်စရာပါ။ သံပုရာသီးမှာ ပါဝင်တဲ့ Citric acid ဟာ ဘက်တီးရီးယားတွေကို (၉၉%) သေစေနိုင်ပါတယ်။ ဘက်တီးရီးယားတွေ ကင်းစင်သွားရင် ဖြူသွားမှာနော်။ သံပုရာသီးကို ထက်ခြမ်းခြမ်းပြီး ချိုင်းမှာ ပွတ်လိမ်းပေးပါ။ ခြောက်သွားအောင်တော့ ထားပေးလိုက်ပါ။ ပြီးမှ ရေနဲ့ဆေးပြီးဖယ်ရှားပါ။ ချိုင်းလေး ဖြူလာမှာ ဖြစ်သလို ချွေးနံ့ ရတာတွေပါ ပျောက်သွားမှာပါ။

ဦးရေပြားခြောက်တာနဲ့ ဘောက်တွေ ဖယ်ရှားနည်း

အုန်းဆီ လက်ဖက်စားဇွန်း (၄) ဇွန်းကို မီးအပူလေး နည်းနည်း ပေးလိုက်ပါ။ ပြီးရင်တော့ သံပုရာရည် လက်ဖက်စားဇွန်း(၂) ဇွန်းနဲ့ နှံ့သွားအောင် ရောမွှေလိုက်ပါ။ ဆံပင်နဲ့ ဦးရေပြားမှာ လိမ်းပြီး (၁၅) မိနစ်လောက်ထားပါ။ နောက်မှ ခေါင်းလျှော်ရည်လေးနဲ့ လျှော်ပါနော်။ တပတ်ကို (၃) ကြိမ်လောက်လုပ်မယ်ဆိုရင် ဦးရေပြားခြောက်သွေ့တာတွေ ကင်းပြီး ဘောက်လည်း ရှင်းမှာပါ။

မျက်နှာအသားအရေကြည်လင်ပြီး ဆားဝက်ခြံ ကင်းစေမယ့်နည်းလမ်း

သံပုရည်ရည်နဲ့ နွားနို့ အရောအနှောက မျက်နှာက တင်းတိပ်၊ ဆားဝက်ခြံနဲ့ အသားအရေ မညီတာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ကျိုချက်ပြီးသား နွားနို့ထဲကို သံပရာရည်လေး ညှစ်လိုက်ပါ။ နွားနို့က ပူနေတယ်ဆိုရင် အအေးခံဖို့ မမေ့ပါနဲ့။ ဂွမ်းစလေးနဲ့ ယူပြီး လိမ်းပါ။ ပြီးရင်တော့ ရေနွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ပါ။ နှစ်ရက် သုံးရက်လောက်ဆိုရင် သိသာလာမှာပါ။

ချွေးပေါက်ကျယ်တာတွေ ကျဉ်းစေမယ့် နည်းလမ်း

ချွေးပေါက်တွေ ကျယ်တာက အရမ်းစိတ်ညစ်ဖို့ ကောင်းတယ်ဆိုတာ မိတ်ကပ်လိမ်းတဲ့ မိန်းကလေးတိုင်း သိကြမှာပါ။ ချွေးပေါက်တွေ ရှိနေရင် မိတ်ကပ်၊ သနပ်ခါးတွေ မျက်နှာမှာ ကြာကြာရှိမနေတော့ဘဲ ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့ ပျက်ကုန်တော့တာပါပဲ။ ဒါတွေ မဖြစ်ဖို့တာ့ သံပုရာသီးကို အသုံးပြုနိုင်ပါတယ်နော်။ သံပုရာသီးက သဘာဝအတိုင်း ချွေးပေါက်တွေကို ကျဉ်းစေမှာပါ။ သံပုရာရည်လေးကို ညှစ်ပြီး ချွေးပေါက်ရှိတဲ့နေရာလေးတွေမှာ ပွတ်လိမ်းပေးပါ။ တစ်လလောက်ဆိုရင် ချွေးပေါက်လေးတွေ ကျဉ်းသွားတာကို မျက်ဝါးထင်ထင် တွေ့မြင်ရမှာပါ။

အရေးအကြောင်းတွေ ဖယ်ရှားနိုင်မယ့် နည်းလမ်း

မျက်နှာမှာ အရေးအကြောင်းတွေ ပေါ်လာတာက ကိုယ့်ကို အိုမင်းသယောင် ဖြစ်စေပါတယ်။ ဒါတွေကို အလွယ်ဆုံး၊  အသက်သာဆုံးနည်းလမ်းတွေနဲ့ ပြုပြင်လို့ ရနေပါပြီ။ သံပုရာသီးကို လက်ဖက်စားဇွန်း (၄) ဇွန်းစာ အရည်ရအောင် ညှစ်လိုက်ပါ။ ဂျုံမှုန့် လက်ဖက်စားဇွန်း(၁) ဇွန်းနဲ့ ဒိန်ချဉ် လက်ဖက်စားဇွန်း (၁) ဇွန်းတို့ကို ယူပါ။ နောက်တော့ (၃) မျိုးပေါင်းပြီး ရောမွှေးပါ။ မျက်နှာအရေးအကြောင်း ရှိတဲ့ နေရာတွေမှာ လိမ်းပေးပါ။ ခြောက်အောင်ထားပြီး ရေဆေးချပါ။ ပြီးရင် အစိုဓါတ်ထိန်းခရင်မ်လေး တစ်ခုခု လိမ်းထားပါ။ တစ်ပတ်ကို (၂) လောက်ပြုလုပ်နိုင်ပြီး စိတ်ကျေနပ်စရာကောင်းတဲ့ မျက်နှာလေး ပိုင်ဆိုင်ရမှာ အသေအချာပဲနော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly