မြောက်ဦးဖြစ်စဉ်အတွက် လွတ်လပ်သည့် စီစစ်ရေးအဖွဲ့ဖွဲ့စည်းပေးရန် အစိုးရကိုတင်ပြသွားမည်

မြောက်ဦးဖြစ်စဉ်အတွက် လွတ်လပ်သည့် စီစစ်ရေးအဖွဲ့ဖွဲ့စည်းပေးရန် အစိုးရကိုတင်ပြသွားမည်
ဓာတ်ပုံ-သူရ/မဇ္ဈိမ
 

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ။          ။ မြောက်ဦး ပဋိပက္ခဖြစ်စဉ်အား သီးခြားလွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရန် ပြည်ထောင်စုအစိုးရထံတင်ပြသွားမည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ယနေ့ပြောဆိုလိုက်သည်။

မြောက်ဦးပစ်ခတ်မှုနှင့် ဒေါက်တာ ဦးအေးမောင်၊ ကိုဝေဟင်အောင်တို့ကို ဖမ်းဆီးထားခြင်းအပေါ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ပြည်သူများ၏ တင်ပြချက်များအပေါ် အခြေခံ၍ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဆွေးနွေးချက်တွေထဲမှာ အများဆုံးပြောသွားတာကတော့ လွတ်လပ်တဲ့စုံစမ်းရေးကော်မရှင်တစ်ရပ်ဖွဲ့စည်းပြီးတော့ ဆောင်ရွက်ပေးဖို့ကိုတွေ့ရပါတယ်။ ဒါကိုအလေးအနက်ထားပြီးတော့ ဆက်လက်ဆောင်ရွက်ပေးသွားပါ့မယ်။  လွတ်လပ်တဲ့ စီစစ်ရေးအဖွဲ့တစ်ခု ဖွဲ့စည်းပေးဖို့ဆိုတာလည်း ကျွန်တော်တို့ရဲ့ ပြည်နယ်အဆင့်လုပ်ပိုင်ခွင့်ထက် ပြည်ထောင်စုရဲ့လုပ်ပိုင်ခွင့်ထဲမှာ ကျရောက်နေတဲ့အတွက် ပြည်ထောင်စုအစိုးရကို ဒီနေ့တင်ပြချက်တွေအပါအဝင် ပြည့်ပြည့် စုံစုံနဲ့ အလေးအနက်ထားပြီးတော့ ဒီကော်မရှင်တစ်ရပ်ဖွဲ့ စည်းရေးကို တင်ပြသွားဖို့ ကျွန်တော့်အနေနဲ့ ပန်ကြားလိုပါတယ် “  ဟု ဦးညီပုကဆိုသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ဇန်နဝါရီ ၁၆ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀ ဦးဒဏ်ရာရရှိခဲ့သည့်အပြင် ဌာနဆိုင်ရာမော်တော်ယာဉ် ၄ စီးနှင့် ဝန်ထမ်းများ၏ မော်တော်ဆိုင်ကယ် ၅ စီးဖျက်ဆီးခံရကြောင်းသိရသည်။

မြောက်ဦးပဋိပက္ခဖြစ်စဉ်အား သတ်မှတ်ထားသည့်နည်းလမ်းများအတိုင်း လူစုခွဲရန်အဆင့်ဆင့်ဆောင်ရွက်ခ ဲ့သော်လည်း လူစုမကွဲဘဲ ဝန်ထမ်းများ၏ အသက်အန္တရာယ်ကို ထိခိုက်ဖွယ်ရာ လက်ရောက်ကျူးလွန်လာသောကြောင့်  လက်နက်ငယ်ဖြင့် ၁၀ ချက်ခန့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဟု ဦးညီပုက ဆိုသည်။

အဆိုပါဖြစ်စဉ်တွင် ဆန္ဒပြသူ ၇ ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာရရှိခဲ့သည့်အပြင် ဝန်ထမ်းများပါဒဏ်ရာရရှိခဲ့သောကြောင့် ဝမ်းနည်းမိကြောင်းလည်း ပြည်နယ်ဝန်ကြီးချုပ်ကပြောသည်။

အစိုးရဘက်မှ မြောက်ဦးပဋိပက္ခြ့ဖစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်များသည် လုပ်ထုံးလုပ်နည်း နှင့် ညီညွတ်မှု ရှိ/မရှိ စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းစစ်ဆေးသွားမည် ဖြစ်ကြောင်း ဇန်နဝါရီ ၁၇ ရက်နေ့တွင် အစိုးရဘက်မှသတင်းထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့ နန်းတော်ကုန်း ထက် တွင် ကျင်းပရန် စီစဉ်ထားသည့် ရခိုင့်ဘုရင် အချုပ်အခြာ အာဏာကျဆုံးခြင်း အောက်မေ့ဖွယ် အခမ်းအနားကို သက်ဆိုင်ရာက တားမြစ်လိုက်သည့်နောက် အခမ်းအနား ကျင်းပရန် စီစဉ်ထားသည့် နန်းတော်ကုန်း ထက်တွင် လူထုအုံကြွမှုဖြစ်ပွားခဲ့ပြီးနောက် မြောက်ဦးခရိုင်အထွေထွေအုပ်ချုပ်ရုံးအနီးတွင် ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly