အဋ္ဌမတန်းမှ စပြီး အင်္ဂလိပ်စာ 4 Skills ပြောင်းလဲသင်ကြားပေးရန်အဆို ရှုံးနိမ့်

အဋ္ဌမတန်းမှ စပြီး အင်္ဂလိပ်စာ 4 Skills ပြောင်းလဲသင်ကြားပေးရန်အဆို ရှုံးနိမ့်
ဓာတ်ပုံ-ဒေါ်ထုမေဖေ့ဘွတ်ခ်

နေပြည်တော်၊ ဇန်နဝါရီ ၂၂ ။           ။ အဋ္ဌမတန်းမှ စပြီး အထက်တန်းပညာရေးပြီးဆုံးချိန်ထိ အင်္ဂလိပ်စာ 4 Skills (အရေး၊အဖတ်၊ အပြော၊ နားထောင်ခြင်း ) ပြောင်းလဲသင်ကြားပေးရန် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ တင်သွင်းခဲ့သောအဆို ရှုံးနိမ့်ခဲ့သည်။

အထက်ပါအဆိုကို ယနေ့ ကျင်းပပြုလုပ်သော ဒုတိယအကြိမ် အမျိုးသားလွှတ်တော်သတ္တမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ဆန္ဒမဲပေးခွင့်ရှိသူ ၂၀၈ ဦးအနက် ထောက်ခံမဲ ၉၆ မဲ၊ ကန့်ကွက်မဲ ၁၀၂ မဲနှင့် ကြားနေမဲ ၁မဲ ရရှိကာ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

“ မှတ်တမ်းလည်းမဟုတ်ဘူး အတည်လည်းမပြုဘူးဆိုတော့ ကျွန်မကတော့ အမျိုးသားလွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ခံယူခဲ့တယ်။  ၆ မဲနဲ့ ကျွန်မရဲ့ အဆိုကို ရှုံးတာပေါ့နော်။ ဆိုတဲ့ဟာကျတော့ ကျွန်မတို့ လူငယ်တွေ ၁၀နှစ်လောက် အင်္ဂလိပ်စကားပြောတတ်ဖို့အတွက် ၁၀နှစ်လောက် ကြိုးပမ်းရဦးမယ်ဆိုတဲ့ အဖြစ်ပါပဲရှင့်။ဝန်ကြီးဌာနကတော့လုပ်နေတယ်လို့ပြောပါတယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက တင်သွင်းခဲ့သောအဆိုနှင့်ပတ်သက်ပြီး ပြောသည်။

မြန်မာနိုင်ငံတွင် သူငယ်တန်းမှစ၍ တက္ကသိုလ်ဝင်တန်း (အထက်တန်း)ပြီးဆုံးချိန်ထိ အင်္ဂလိပ်ဘာသာရပ်ကို ပြဋ္ဌာန်းသင်ကြားနေသော်လည်း အထက်တန်းပြီးဆုံးချိန်တွင် ကျောင်းသား၊ ကျောင်းသူများ၏ အင်္ဂလိပ်ဘာသာ ဖြင့် ရေးသား၊ ပြောဆိုနိုင်စွမ်းမှာ နိမ့်ကျသောကြောင့် အဋ္ဌမတန်းမှ စပြီး အင်္ဂလိပ်စာဘာသာ သင်ရိုးညွှန်းတမ်း များနှင့် သင်ကြားပုံစနစ်များ၊ အကဲဖြတ်စနစ်(စာမေးပွဲ) ကို ခေတ်နှင့်လျော်ညီသော 4 Skills(အရေး၊အဖတ်၊ အပြော၊ နားထောင်ခြင်း)တို့ပါဝင်သော စနစ်သို့ ပြောင်းလဲပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။

ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှ စတင်ကာ ၂၀၂၂-၂၀၂၃ အရောက် တွင် ဧကဒဿမတန်း(၁၁)တန်း အထိ သင်ရိုးညွှန်းတမ်းအသစ်များကို ဆက်လက်ရေးဆွဲသွားမည်ဖြစ်ပြီး အင်္ဂလိပ်စာ 4Skills ကို အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်နိုင်မည်ဟု ဆိုသည်။

“၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ ပထမတန်းမှ ဒွါဒဿမတန်း(၁၂တန်း)အထိ စွမ်းရည် ၄မျိုးကို အခြေခံသော သင်ရိုးညွှန်းတမ်းအသစ်များကို သင်ကြားသင်ယူမှု နည်းစနစ် အသစ်များဖြင့် သင်ကြားသွားနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီလိုသင်ကြားပေးသွားခြင်းကြောင့် အထက်တန်းအဆင့် ပြီးဆုံးသွားတဲ့ အခါမှာတော့ အင်္ဂလိပ်စာ ဘာသာရပ် ကို အတိုင်းအတာတစ်ခုအထိ ထိရောက်စွာ 4Skills နဲ့ အညီ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်” ဟု ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။

အကဲဖြတ်စစ်ဆေးခြင်းနှင့် စာမေးပွဲစနစ်များကို အလွတ်ကျက်မှတ်သည့် စနစ်မှ စဉ်းစားတွေးခေါ်သည့် စနစ်သို့ ပြောင်းလဲသွားမည်ဖြစ်ပြီး ဆရာ၊ဆရာမ များကို စစ်ဆေးခြင်း၊ အမှတ်ပေးစည်းမျဉ်းများအတွက် သင်တန်းများပေးသွားမည်ဖြစ်သည်ဟု ပညာရေးဝန်ကြီးက ပြောသည်။ ထို့ပြင် ကျောင်းသုံးဖတ်စာအုပ်သည် 4 Skills ကို ဦးတည်ပြီးတော့ ဆောင်ရွက်ထားကြောင်း ပြောသည်။

“ ကျွန်တော်တို့သင်ရိုးအသစ်မှာဆိုလို့ရှိရင် Listening and sing ဆိုပြီးတော့ နားထောင်မယ်ဆိုမယ်။ပြီးရင် Listening and Say နားထောင်မယ် ပြောမယ်။ ပြီးရင် ကျွန်တော်တို Practise ပါမယ်။ ပြီးရင် ကျွန်တော်တို့ Listening and Say နားထောင်မယ်ပြောမယ်၊ ပြီးရင်လေ့ကျင့်မယ်။ ပြီးရင်နားထောင်မယ်ပြောမယ်။ ကျွန်တော်တို့ 4Skillsကို ကျွန်တော်တို့ ဦးတည်ဆောင်ရွက်ထားပါတယ်။ ပြီးရင်ကျွန်တော်တို့ လေ့ကျင့်ခန်းတွေ ပါတယ်။ Writing Skill ကောင်းမွန်ဖို့လို့အတွက် လေ့ကျင့်မယ်။ Listen and Say နားထောင်မယ်ပြောမယ်။ ပြီးရင် Phrase and Say အဆက်ကလေးတွေကို ဆက်ပြီးတော့ရေးမယ်။ပြီးရင် ပြောမယ်။အပြောစွမ်းရည် လေ့ကျင့်မယ်။ပြီးရင်ကျွန်တော်တို့နားထောင်မယ်ပြောမယ်။ ဒါမျိုးလေးတွေကို ဖတ်စာအုပ်အသစ်မှာ ကျွန်တော်တို့ ဆောင်ရွက်ထားပါတယ်။ ပြီးရင် ကျွန်တော်တို့ သီချင်းဆိုမယ်။ ပြီးရင် တစ်ယောက်နဲ့တစ်ယောက် အပြောစွမ်းရည်တွေကို လေ့ကျင့်သွားမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁)မှ အဆိုရှင် ဒေါ်ထုမေကမူ ယခုကဲ့သို့ အဆိုရှုံးနိမ့်ခဲ့ခြင်းသည် မြန်မာနိုင်ငံက ကလေးငယ်များသည် အင်္ဂလိပ်စကားပြောတတ်ရန်အတွက် ၁၀နှစ် ထပ်မံကြိုးပမ်းရမည် ဖြစ်သည်ဟု လွှတ်တော် အစည်းအဝေးအပြီးတွင် မီဒီယာများကို ပြောသည်။

“ကျွန်မတို့ ဒီအင်္ဂလိပ်စာ 4 Skills တတ်ဖို့အတွက် ကျွန်မတို့ မြန်မာနိုင်ငံက လူငယ်တွေ ၁၀နှစ်နီးပါး စောင့်ရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အချိန်အတော့်ကိုကြာဦးမှာပေါ့။ နောက်ထပ် အစိုးသက်တမ်း ၂ခုအထိ မြန်မာနိုင်ငံက ကျောင်းသူ ကျောင်းသားတွေ အင်္ဂလိပ်စာ တတ်ဖို့အတွက် ကြိုးပမ်းရဦးမယ်ဆိုတဲ့ သဘောပေါ့။ မှတ်တမ်း မဟုတ်ပါဘူးရှင့်။ဝန်ကြီးဌာနကတော့ မှတ်တမ်းတင်ခိုင်းပါတယ်။ဒါပေမယ့် ကျွန်မကတော့ လွှတ်တော်ရဲ့ အဆုံးအဖြတ် ကိုခံယူပါတယ်ရှင့်”ဟု ၎င်းက ပြောသည်။

၎င်းအဆိုကို ပညာရေးဝန်ကြီးဌာနမှ ဒေါက်တာမျိုးသိမ်းကြီးက မှတ်တမ်းအဖြစ်သာ ထားရှိရန် လွှတ်တော်သို့ တင်သွင်းခဲ့သော်လည်း အဆိုရှင်က မဲခွဲ အတည်ပြုခိုင်းခဲ့ရာမှာ ၆ မဲဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly