ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လာမည့်သူများ နောက်ကျပြီးမှ ပြန်လာမည်

ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လာမည့်သူများ နောက်ကျပြီးမှ ပြန်လာမည်
ဘင်္ဂလားဒေ့ရှ်ဘက် cox's bazar ဒုက္ခသည် စခန်းအား တွေ့ရစဉ်။ ဓာတ်ပုံ-AFP

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ။           ။ ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လာမည့်သူများ နောက်ကျပြီးမှ ပြန်လာမည်ဟု ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောဆိုထားပြီးနောက် ဘင်္ဂလားဒေ့ရှ်ဘက်ကလူစာရင်းရမှ လုပ်ငန်းစနိုင်မည်ဟု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က မဇ္ဈိမသို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ARSA အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသူများ ကို ဇန်နဝါရီ ၂၂၊ ၂၃ ရက် မှ စတင်ခေါ်ယူမည်ဖြစ်ကြောင်း မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီထား ခဲ့ခြင်းလည်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လာမည့်လူစာရင်းအား မြန်မာနိုင်ငံဘက်သို့ အချိန်မှီမပို့ပါက သတ်မှတ်ရက်တွင် လုပ်ငန်းစတင်နိုင်ဦးမည်မဟုတ်ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ပြောသည်။

“ ကျွန်တော်တို့ကတော့ အသင့်ပြင်ထားတယ်ပေါ့နော်။ ဒါပေမယ့် စာရင်းမရောက်လာတာတော့ ဒီအချိန်ပို့မယ် ဆို စာရင်းတွေရောက်လာမှလေ။ ဒီနေ့ မရောက်ဘူးလို့တော့ သိထားတယ်။ မရောက်ဘူးဆိုရင်တော့ မလာနိုင်ဘူး။  မိသားစုတစ်ခုကို တစ်ခုဖြည့်ရမှာ။ နိုင်ငံသားစီစစ်ရေးလုပ်ငန်းစဉ်ကို ဝင်ရမှာလေ။ ပြီးရင် ပြီးသလောက် ပို့ ပို့နေမှာပေါ့ ” ဟု ၎င်းက ဆိုသည်။

စီစဉ်ဆောင်ရွက်ထားမှုများ ပြည့်စုံမှု မရှိသေးခြင်းကြောင့် ဘင်္ဂါလီများအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေး ကို ဇန်နဝါရီ ၂၃ ရက်တွင် စတင်ရန် စီစဉ်ထားမှုကို အကောင်အထည် ဖော်နိုင်ဦးမည် မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များ ပြန်လည်ထူထောင်ရေးနှင့် နေရပ်ပြန်လည်ချထားရေး ကော်မရှင်နာမင်းကြီး အဘူကယ်လမ်းက ဇန်နဝါရီ ၂၂ ရက်တွင် ရိုက်တာသို့ ဖုန်းမှတစ်ဆင့် ပြောကြားထားသည်။

လတ်တလောတွင် မည်သည့်ရက်မှ စတင်လက်ခံသွားမည်ကို နှစ်ဖက်စလုံးမှ အသေးစိတ်ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ဘင်္ဂလားဒေ့ရှ်မှ နေရပ်ပြန်မည့် ဘင်္ဂါလီများကို  ဖြစ်နိုင်ပါက မြန်မာဘက်သို့ ၂ နှစ်အတွင်းအပြီး ပြန်ပို့ရေး ကြိုးစားသွားကြရန်  မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတာဝန်ရှိသူများပါဝင်သည့် အစည်းအဝေးတွင် ဇန်နဝါရီ ၁၇ ရက်က သဘောတူညီထားသည်။

အဆိုပါအစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ ဘင်္ဂါလီ ၆ သိန်းခန့်ကိုပြန်ပို့မည်ဟုပြောဆိုခဲ့သော်လည်း မြန်မာဘက်မှ ပြန်လည်စီစစ်ရဦးမည်ဖြစ်ပြီး နေရပ်ပြန်ရန် အမှန်တကယ် ဆန္ဒရှိသူများကိုသာ လက်ခံသွားမည် ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required