ရောင်းအားအကောင်းဆုံး အယ်လ်ဘမ်ဇယား၌ ဦးဆောင်နိုင်ခဲ့သည့် ကာမီလာ၏ ပွဲဦးထွက်အယ်လ်ဘမ်

ရောင်းအားအကောင်းဆုံး အယ်လ်ဘမ်ဇယား၌ ဦးဆောင်နိုင်ခဲ့သည့် ကာမီလာ၏ ပွဲဦးထွက်အယ်လ်ဘမ်

ကျူးဘား-အမေရိကန်အဆိုတော်မလေး ကာမီလာကာဘယ်လို၏ ပွဲဦးထွက်အယ်လ်ဘမ်ဖြစ်သော Camila သည် ပထမအပတ်အတွင်း အချပ်ရေ ၁၁၉၀၀၀ ခန့်ရောင်းချနိုင်ခဲ့ကာ Billboard မှ ထုတ်ပြန်သည့် ရောင်းအား အကောင်းဆုံးအယ်လ်ဘမ် ၂၀၀ ဇယားတွင် ထိပ်ဆုံးမှ ဦးဆောင်နိုင်ခဲ့သည်။

Camila ဟုအမည်ပေးထားသော အဆိုပါအယ်လ်ဘမ်အား SYCO/Epic Records တေးသံသွင်းမှ လွန်ခဲ့သော ဇန်နဝါရီလ ၁၂ရက်နေ့က စတင်ဖြန့်ချီခဲ့ပြီး အယ်လ်ဘမ်ရောင်းချရမှုအချက်အလက်များကို တစ်ပတ်ကြာမှ ထုတ်ပြန်ခြင်းဖြစ်သည်။

Billboard အကောင်းဆုံး အယ်လ်ဘမ် ၂၀၀ ဇယားအား ရေတွက်ပုံမှာ အယ်လ်ဘမ်အချပ်လိုက် ရောင်းချရမှု များ၊ သီချင်းရောင်းချရမှုအကြိမ်ရေ ( သီချင်းဆယ်ပုဒ်မှာ အယ်လ်ဘမ်တစ်ချပ်နှင့်ညီမျှ) ၊ အင်တာနက်မှ သီချင်းနားဆင်မှု အကြိမ်ရေ ( နားဆင်မှုအကြိမ် ၁၅၀၀ မှာ အယ်လ်ဘမ်တစ်ချပ်နှင့်ညီမျှ) တို့အား တွက်ချက်၍ အဆင့်သတ်မှတ်ခြင်း ဖြစ်သည်။

ကာမီလာ၏ အယ်လ်ဘမ်ရောင်းချမှုစုစုပေါင်းထဲမှ ၆၅၀၀၀ ခန့်သည် အယ်လ်ဘမ်အချပ်လိုက် ရောင်းချခဲ့ရခြင်း ဖြစ်သည်။ ကနဦးက ဂီတလောကအတွင်းမှ ကြိုတင်ခန့်မှန်းသူများက ကာမီလာ၏အယ်လ်ဘမ်ရောင်းချရမှု သည် စုစုပေါင်း ၉၀၀၀၀ ယူနစ်ဝန်းကျင်ခန့်သာရှိနိုင်မည်ဟု ခန့်မှန်းထားခဲ့ကြသော်လည်း ယခုအခါထိုထက်ပိုမို ၍ ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ကာမီလာသည် လွန်ခဲ့သော ၃ နှစ်အတွင်း ပွဲဦးထွက်အယ်လ်ဘမ်ဖြင့် ရောင်းအားအကောင်းဆုံး အယ်လ်ဘမ် ၂၀၀ ဇယား၌ ထိပ်ဆုံးမှဦးဆောင်နိုင်သော အမျိုးသမီးအဆိုတော်တစ်ဦးဖြစ်လာခဲ့သည်။

Ref: Billboard

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required