ငွေဆောင်ကမ်းခြေရှိ အဆောက်အဦသစ်ဆောက်သော ဟိုတယ် ၂ ခုအား စည်ပင်ဥပဒေနှင့်တရားစွဲမည်

ငွေဆောင်ကမ်းခြေရှိ အဆောက်အဦသစ်ဆောက်သော ဟိုတယ် ၂ ခုအား စည်ပင်ဥပဒေနှင့်တရားစွဲမည်

 

တိုင်းအစိုးရက ငွေဆောင်ကမ်းခြေတွင် မူလပိုင်ရှင်များနှင့် ဖြေရှင်းဆောင်ရွက်မှု မပြီးခင် အဆောက်အဦများ ဆောက်လုပ်ထားမှု တားမြစ်ထားပြီး အသစ်ဆောက်လုပ်သည့် ဟိုတယ် နှစ်ခုအား စည်ပင်ဥပဒေနှင့် တရားစွဲမည်ဟု သိရသည်။

“ဖြေရှင်းတာပြီးတဲ့အထိ မစောင့်နိုင်ပဲ ခွင့်ပြုချက်မရှိဘဲ အဆောက်အဦသစ်တွေ ဆောက်လုပ်တဲ့ ဟိုတယ်နှစ်လုံး ရှိပါတယ်။ ဆောက်လာတဲ့အပေါ်မှာ ဒေသခံပြည်သူတွေက မကျေနပ်သလို စည်ပင်သာယာရေးအဖွဲ့ အနေနဲ့ အရေးယူရမဲ့ တာဝန်ရှိပါတယ်။ ခွင့်ပြုချက်မရှိဘဲ ဆောက်ထားတယ်။ ဟိုတယ်အဆောက်အဦသစ် တွေကို စည်ပင်သာယာရေးဥပဒေနဲ့အရေးယူဖို့ စာထုတ်ထားပါတယ်”ဟု စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်က မဇ္ဈိမသို့ ပြောသည်။

အဆိုပါမြေနေရာများတွင် သိမ်းဆည်းခံထားသော မြေယာများ ပါဝင်နေပြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံမှု ပြန်လည်စိစစ်ရေးကော်မတီနှင့်ညှိနှိုင်းဆောင်ရွက်နေဆဲဖြစ်သောကြောင့် အဆိုပါမြေများပေါ်ရှိ ဟိုတယ်များတွင် အဆောက်အဦသစ် ဆောက်လုပ်ခွင့် တားမြစ်ထားခြင်း ဖြစ်သည်။

“လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံမှု ပြန်လည်စိစစ်ရေးကော်မတီက တင်ပြလာတဲ့တင်ပြချက်တွေ အပေါ်မှာ စိစစ်ဆောင်ရွက်ပေးရမဲ့ တာဝန်တွေ ရှိလာတယ်။ စိစစ်ရမဲ့အလုပ်တွေ၊   လျော်ကြေးပေးရမဲ့ အလုပ်တွေက လုပ်ထုံးလုပ်နည်းအရရော ညှိနှိုင်းဖို့ရှိတယ် ။ အခက်အခဲတွေအရရော တကယ် အကောင် အထည် ဖော်တဲ့နေရာမှာ ကြန့်ကြာမှုတွေရှိတာ တကယ်အမှန်ပါပဲ။ ကြန့်ကြာမှုတွေကြောင့် မူလပိုင်ရှင်တွေက ကျေနပ်မှုတွေမရှိတော့ဘဲ သိမ်းဆည်းခံထားရတဲ့မြေတွေပေါ်မှာရှိနေတဲ့ ဟိုတယ်တွေက အဆောက်အဦသစ် များ ဆောက်လုပ်လာလျှင် ခွင့်မပြုပါနဲ့ဆိုပြီး မူလပိုင်ရှင် သိမ်းဆည်းခံရသူများက တိုင်းဒေသကြီးအစိုးရသို့ တင်ပြထားပါတယ် ” ဟု စည်ပင်သာယာဝန်ကြီးက ပြောသည်။

လက်ရှိတွင် ဟိုတယ်များ၌ အဆောက်အဦသစ်များ ဆောက်လုပ်ခြင်းအား မြေသိမ်းခံရသူများနှင့် ညှိနှိုင်း ဖြေရှင်းပြီးမှ ဟိုတယ်ပိုင်မြေတွင် အဆောက်အဦအသစ် ဆောက်လုပ်ခွင့်ပြုမည်ဟု သိရကာ ဟိုတယ် အဆောက်အဦဟောင်းနွမ်းလာပါက ပြင်ဆင်ခွင့် ပြုထားကြောင်း စည်ပင်သာယာရေးဝန်ကြီးထံက သိရသည်။

“တချို့ဆို အဆောက်အဦတွေ မရှိသေးဘူး ၊တချို့ကန့်ကွက်ထားလည်း အဆောက်အဦတွေ ဆောက်နေ တယ် ၊ ကန့်ကွက်တာ ၂၀၁၃ ခုနှစ်က စကန့်ကွက်နေတာ ။ အဲဒါမို့ကျွန်တော်တို့ တောင်းဆို ဆန္ဒ ဖော်ထုတ်တာ ” ဟု ငွေဆောင်မြို့၌ ဇန်နဝါရီလ ၂၁ရက်နေ့တွင် ဆန္ဒဖော်ထုတ်သူ သိမ်းဆည်းခံပိုင်ရှင် ဦးလှမြင့်က ပြောသည်။

ကန့်ကွက်မှုတွင် မူလပိုင်ရှင် ၂၄၈ ဦး၊ မြေယာ ၃၀၀ ဧက ကျော်အား လျော်ကြေးပြန်ရရှိရန်နှင့် မြေယာများ ပြန်လည်ရရှိရေးအတွက် တောင်းဆိုမှုများအား တိုင်းဒေသကြီးအစိုးရသို့တင်ပြထားကြောင်းသိရှိရသည်။

“ ဟိုတယ်ဇုန်အဖြစ် သတ်မှတ်ပြီး သိမ်းယူခဲ့တဲ့ကိစ္စ အရင်က ပြဿနာမရှိပေမဲ့၂၀၁၂ ခုနှစ်မှာ သိမ်းဆည်းခံ လယ်ယာမြေများ စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းပြီးတဲ့အခါမှာ သတ်မှတ်တဲ့ မူဝါဒတွေအရ မူလပိုင်ရှင် တွေဟာ သိမ်းဆည်းခံရတယ်မြေတွေကို လက်ရှိပေါက်ဈေးတွေနဲ့နှိုင်းယှဉ်ပြီး လျော်ကြေးတွေ ရချင်လာ တယ်”ဟု စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ငွေဆောင်ကမ်းခြေ မြေယာကိစ္စများနှင့်ပတ်သက်ပြီး ပြောသည်။

ငွေဆောင် ဟိုတယ်ဇုန်အား ၂၀၀၀ ပြည့်နှစ်က စတင်အကောင်အထည်ဖော်ခဲ့ပြီး မူလပိုင်ရှင်များအား အုန်းခြံများအား အအပင်လျော်ကြေးပေးကာ ပေ၄၀ ပေ၆၀ မြေကွက်ပေးအပ်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required