လွှတ်တော်တွင်း မေးခွန်းနဲ့ အဖြေတွေ တိုင်ပတ်နေတယ်လို့ လွှတ်တော်ဥက္ကဋ္ဌ ပြော

လွှတ်တော်တွင်း မေးခွန်းနဲ့ အဖြေတွေ တိုင်ပတ်နေတယ်လို့ လွှတ်တော်ဥက္ကဋ္ဌ ပြော
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇန်နဝါရီ ၂၂ရက်၊ ၂၀၁၈ခုနှစ်)။ ။ မြို့ဝင်ကြေးကောက်ခံမှုနှင့်ပတ်သက်ပြီး လွှတ်တော်အမတ်တစ်ဦး၏ မေးခွန်းအား နေပြည်တော်ကောင်စီဝင်၏ ဖြေကြားမှုသည် သေချာ၊ ရေရာမှု မရှိဘဲ “တိုင်ပတ်နေတယ်” ဟု ဘန်းစကားဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ဦးဝင်းမြင့်က ပြောကြားလိုက်သည်။

ဥပဒေနဲ့မညီဘဲ မြို့ဝင်ကြေးကောက်ခံနေမှုများအား အဆင်ပြေမည့်နည်းလမ်းဖြင့်ဆောင်ရွက်ရန် သို့မဟုတ် လုံးဝဖျက်သိမ်းပေးရန်  လေးမျက်နှာမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးဇော်မင်းသိန်းက ဇန်နဝါရီ ၂၂ရက် လွှတ်တော်အစည်းအဝေးတွင် မေးခွန်းမေးမြန်းမှုအပေါ် နေပြည်တော်ကောင်စီဝင် ဦးအောင်မြင့်ထွန်းက ပြန်လည်ဖြေကြားပြီးနောက် လွှတ်တော်ဥက္ကဋ္ဌက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီလိုသာ ဖြေမယ်ဆိုရင် ကျွန်တော်တို့ ဘန်းစကား ပြောသလို တိုင်ပတ်နေတယ်။ မေးခွန်းနဲ့အဖြေက။ တိုင်ပတ်တဲ့ မေးခွန်းနဲ့ အဖြေမျိုးတော့ လွှတ်တော်မှာ မလိုလားပါဘူး” ဟု ဦးဝင်းမြင့်က ဆိုသည်။

မြို့ဝင်ကြေးမှရရှိသည့် အခွန်အခများသည် မြို့စည်ပင်သာယာဖွံ့ဖြိုးရေးအတွက် ပြန်လည်သုံးစွဲသည်ဆိုသော်လည်း ထိုအခြေအနေကို အခွင့်ကောင်းယူကာ မြို့ဝင်ကြေးများ ကောက်ခံလျက်ရှိသည်ဟု ဦးဇော်မင်းသိန်းက ၎င်း၏ ဧရာဝတီတိုင်းအတွင်းရှိ မြို့တချို့ကို ဥပမာပေးပြီး လွှတ်တော်တွင် ပြောသည်။

“ဖျာပုံမြို့မှာ တစ်မြို့ထဲကို မြို့ထဲဝင်တဲ့လမ်း ၄လမ်းရှိလို့ မြို့ဝင်ကြေးဂိတ် ၄ဂိတ်ရှိပါတယ်။ ဂိတ် ၁ကဝင်လည်း မြို့ဝင်ကြေးပေး၊ ဖြတ်ပိုင်းယူပြီး ဂိတ် ၂ဘက်ကို ထွက်သွားပါတယ်။ နာရီပိုင်းအတွင်း ဂိတ် ၂ကနေ ပြန်ပြီးဝင်လာရင် ဂိတ် ၂မှာ ထပ်ဆောင်ရပြန်ပါတယ်။ တစ်နေ့ထဲမှာ အကြောင်းရှိလို့ ဂိတ် ၄ဂိတ် အဝင်အထွက်လုပ်မိရင် တစ်မြို့ထဲမှာ မြို့ဝင်ကြေး ၄ခါ ဆောင်ရတဲ့သဘော ဖြစ်နေပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ရေကြည်မြို့တွင် မြို့ဝင်ဂိတ်ကြေးကောက်ခံနေမှုသည် ဥပဒေနှင့်မညီဟု ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ပြီးခဲ့သည့်နှစ်က လွှတ်တော်တွင် ဖြေကြားထားသော်လည်း ယနေ့အချိန်ထိ ကောက်ခံနေသည်ဟုလည်း ဦးဇော်မင်းသိန်းက ဆက်လက်ပြောကြားသည်။

ထို့ကြောင့် တိုင်းနှင့်ပြည်နယ်တချို့တွင်လည်း မြို့ဝင်ကြေးကောက်ခံမှုများကို ဖျက်သိမ်းလိုက်ပြီဖြစ်သည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအာဖြင့် တပြေးညီ ဖျက်သိမ်းပေးရန် လွှတ်တော်တွင် မေးမြန်းခဲ့သည်။

ထိုမေးခွန်းအပေါ် တိုင်းနှင့်ပြည်နယ်အစိုးရကိုယ်စား လာရောက်ဖြေကြားသည့် နေပြည်တော်ကောင်စီဝင် ဦးအောင်မြင့်ထွန်းက ဥပဒေနှင့်အညီ ကောက်ခံခြင်းဖြစ်သည့်အတွက် မြို့ဝင်ဘီးကောက်လိုင်စင်များကို ဖျက်သိမ်းပေးရန် အစီအစဉ် မရှိကြောင်း ပြန်လည် ဖြေကြားသည်။

လွှတ်တော်အမတ်ကမူ အဆင်ပြေမည့် နည်းလမ်းများဖြင့် ပြည်သူများအခက်မရှိအောင် ဆောင်ရွက်ပေးရန်နှင့် ဥပဒေနှင့်မညီသည့် ဂိတ်များကို လာမည့် ဘဏ္ဍာနှစ်ကစပြီး တိတိကျကျ ဖျက်သိမ်းပေးရန် အစီအစဉ် ရှိ၊ မရှိ ဆက်စပ်မေးခွန်း ထပ်မံ မေးမြန်းခဲ့သည်။

ဆက်စပ်မေးခွန်းအပေါ် နေပြည်တော်ကောင်စီဝင်က “ကျွန်တော်တို့က ဖြေကြားလို့မရဘဲနဲ့ ပြည်ထောင်စုအစိုးရကို အကြံပြုတင်ပြနိုင်မှ လွှတ်တော်ရဲ့သဘောထားကို အကြံပြုတင်ပြနိုင်မှာ ဖြစ်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါတယ်” ဟု ဆိုသည်။

ထိုသို့ မေးမြန်း၊ ဖြေကြားမှုများအပြီးတွင် လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က လွှတ်တော်အမတ်များအနေဖြင့် ဒေသဆိုင်ရာ မေးခွန်းများမေးမြန်းသည့်အခါ ထိထိမိမိ မေးမြန်းရန်လိုအပ်သလို လာရောက်ဖြေကြားသည့် အဖွဲ့အစည်းဝင်များကလည်း “လွှတ်တော်မှာ မရေရာ၊ မသေချာတာတော့ လာဖြေဖို့ မသင့်ပါဘူး” ဟု ပြောသည်။

“အခုက ပြည်နယ်တိုင်းကိုယ်စားဖြေတာ မှန်တယ်။ ဖြေရမယ့်တာဝန်ရှိလို့လည်း လာဖြေရတာ။ အဲ့ဒီတော့ တာဝန်ရှိလို့ လာဖြေမယ်ဆိုရင် ကိုယ့်ရဲ့အဖြေကိုတော့ ပြည့်ပြည့်စုံစုံ လွှတ်တော်မှာ လူကြားကောင်းအောင် ဖြစ်စေချင်တယ်” ဟု ဦးဝင်းမြင့်က ဆက်လက် ပြောဆိုသည်။

ကယားပြည်နယ်တွင် ၂၀၁၇ ဧပြီလနှင့် ကချင်ပြည်နယ်တွင် ၂၀၁၇ ဇူလိုင်လတို့တွင် မြို့ဝင်ဂိတ်ကြေးကောက်ခံမှုများကို အသီးသီး ဖျက်သိမ်းထားပြီးဖြစ်ကာ တနင်္သာရီနှင့်ရခိုင်ပြည်နယ်တို့တွင်လည်း လာမည့် ဧပြီလတွင် မြို့ဝင်ဂိတ်ကြေးကောက်ခံမှုများ ထားရှိတော့မည် မဟုတ်ပေ။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly