နှစ်ဦးနှစ်ဘက် ချစ်တဲ့သူလည်း ရှိနေပြီဆိုတဲ့ ကောင်းမြတ်စံ

.

မဇ္ဈိမ ပရိသတ်များ အားလုံး မင်္ဂလာပါ။ ဒီတစ်ပတ် Yope Redchair မေးခွန်းတွေကို ဖြေပေးမယ့် သူကတော့ ဇာတ်လမ်းတွဲတွေမှာ အရမ်းကို အောင်မြင်ပြီးတော့ ပရိသတ်တွေရဲ့ အသဲစွဲ ညီလေး ကောင်းမြတ်စံ ဖြစ်ပါတယ်။

ပထမဆုံး မေးခွန်းလေးကတော့ The Sign Of Love ထဲက ကောင်းမြတ်စံနဲ့ အမုန်းမှသည် ဆိုတဲ့ ကောင်းမြတ်စံက ပိုအောင်မြင်လာတာ ဘာကြောင့်လဲ။

The Sign Of Love မှာလည်း အောင်မြင်သင့်သလောက် အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် အခု အမုန်းမှသည်ဆိုတာမှာတော့ ပရိသတ်တွေက ကောင်းမြတ်စံ ကိုး လေးဆိုပြီးတော့ လက်ခံလာတာပေါ့နော်။ ကျွန်တော်ထင်တာကတော့ ဘာကြောင့်လဲဆိုလို့ ရှိရင် ကျွန်တော်တို့ The Sign Of Love စရိုက်တုန်းကဆိုရင် ကျွန်တော့်ရဲ့ အနုပညာသက်တမ်းက လပိုင်းပဲ ရှိသေးတယ်။ သရုပ်ဆောင်ဆိုတာ ဘယ်လို သရုပ်ဆောင်ရတယ်ဆိုတာ ကျွန်တော့်ရဲ့ အနုပညာက လပိုင်းပဲ ရှိသေးတာလေ။ အဲဒါကလည်း တစ်ကြောင်း ပြီးတော့ ကင်မရာပိုင်း အယူဆတွေ နည်းပညာပိုင်း အယူဆပေါ့နော်။ ကျွန်တော်တို့က ပထမဆုံး မြန်မာဇာတ်လမ်းတွဲ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အစစ အရာရာမှာ လိုအပ်ချက်လေးတွေ အများကြီး ရှိခဲ့ကြတယ်။ ကျွန်တော်တို့ သရုပ်ဆောင်ပိုင်းရော ကင်မရာပိုင်းရော အစစပေါ့ ၊ အကုန်လုံး ကြိုးစားခဲ့တယ် ဆိုပေမယ့်လည်း အသစ်တစ်ယောက်အနေနဲ့က အများကြီး လိုအပ်ချက် ရှိတဲ့အတွက်ကြောင့်မို့လို့ ပရိသတ်တွေဟာ ချစ်ပေမယ့်လည်း ကျွန်တော်တို့က တကယ့်ကို ဝါရင့်တွေလောက်တော့ မကောင်းခဲ့ဘူးပေါ့နော်။ ဒါပေမယ့် အခုချိန်မှာ ဒီ အမုန်းမှသည် မှာတော့ ကျွန်တော်တို့က သက်တမ်းအရလည်း တော်တော်လေးကြာခဲ့ပြီ ။ ကျွန်တော်တို့ လေ့လာခဲ့ သင့်ယူခဲ့တာလေးတွေလည်း တော်တော်ရှိခဲ့တယ်။ အဘက်ဘက် နည်းပညာပိုင်းကလည်း The Sign Of Love မှာထက်စာရင် အများကြီးသာလာတာ လက်ခံရမယ်။ ကျွန်တော်ထင်ပါတယ်။ သရုပ်ဆောင်ပိုင်းလေးရယ် ဇာတ်လမ်းလေးကြောင့်ရယ် ပြီးတော့ နည်းပညာပိုင်းဆိုင်ရာမှာရယ် ပြီးတော့ နောက်ပိုင်းမှာက ပရိသတ်တွေက မြန်မာဇာတ်လမ်းတွဲတွေကို လက်ခံလာတာ ကျွန်တော်တို့ တွေ့ရပါတယ်။ အသစ်တွေကိုလည်း ကြိုဆိုတာ ကျွန်တော်တို့ တွေ့ရတယ်။ သရုပ်ဆောင်အသစ်လေး တော်လိုက်တာ ဒါမျိုးလေးတွေပေါ့နော်။ အဲဒါတွေကြောင့်လို့ ကျွန်တော်ထင်ပါတယ်ခင်ဗျ။

ဒီဘက်ခေတ်မှာ ကောလဟာလ ဆိုရင် နာမည်ကျော်ဖို့ အသုံးချစရာ ဖြစ်လာတယ်လို့ ယုံလား။

ကောလဟာလက နာမည်ကျော်ဖို့အတွက် အဲဒီလိုမျိုးလည်း လက်ခံလို့ ရမယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံခြား Celebrity တွေဆို သူရဲ့ အောင်မြင်ကျော်ကြားမှု ရဖို့အတွက်ကို သူတို့ တမင်သက်သက် မဟုတ်တဲ့ သတင်းတွေ လွှင့်တယ်။ သူတို့ တမင်သက်သက် လုပ်ပြတာမျိုးလေးတွေလည်း ဖြစ်တယ် ခင်ဗျ။ အဲဒီတော့ ကျွန်တော်ကတော့ ကောင်းတဲ့ ကောလဟာလလေးတွေပဲ ဖြစ်စေချင်တယ်။ မကောင်းတဲ့ ကောလဟာလတွေနဲ့ အောင်မြင်မှု လုပ်တာကတော့ ကျွန်တော် လက်မခံဘူးခင်ဗျ။

ကိုယ်က ချစ်တဲ့သူနဲ့ ကိုယ့်ကိုယ် ချစ်တဲ့သူ အဲဒီလို ထပ်တူကျတဲ့ အချစ်မျိုးကို ကြုံခဲ့ဖူးပြီးလား။

ရှိနေပြီခင်ဗျ။ ရှိခဲ့တာထက် လက်ရှိမှာလည်း ရှိနေပြီ။ အဲဒါဘာလဲဆိုတော့ အခု ကျွန်တော်ပရိသတ်တွေကို အရမ်းချစ်တယ်။ ပရိသတ်တွေကလည်း ကျွန်တော့်ကိုအရမ်းချစ်တယ်။ ကျွန်တော်ထင်တယ် နှစ်ဦးနှစ်ဘက် ချစ်တဲ့ အချစ်က ထပ်တူကျတယ်လို့ ထင်တယ်။

ကောင်းမြတ်စံရဲ့ အဆိုးဝါးဆုံး အကျင့်တစ်ခုကို ပြောပါဆိုရင် (မညာကြေးပေါ့နော်) ဘာဖြစ်မလဲ။

အဲဒါဆိုရင်တော့ ကျွန်တော်ကိုယ်တိုင်လည်းပြုပြင်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် ဘယ်လိုကြိုးစား ကြိုးစားမရဘူး။ အဆိုးဝါးဆုံးလို့လဲ ထင်တယ်။ ကျွန်တော် အလုပ်လုပ်ရင်ပဲ ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ တွေ့ရင်ပဲ ဖြစ်ဖြစ် သူတို့မခံနိုင်လောက်အောင် စတယ်။ အခုဆိုရင် အရင်းနှီးဆုံး သူငယ်ချင်း ယောက်ျားလေးတွေထဲမှာ ကျော်ထက်ဇော်နဲ့ ကျွန်တော်ဆိုရင် တလျှောက်တည့်တည့်လာတယ်။ အမုန်းမှသည် ရိုက်တော့လည်း တည့်လာတယ်။ ဒါပေမယ့် ကျွန်တော့ ချင်းပြည်နယ်မှာ သွားရိုက်ခဲ့တယ်ပေါ့နော်။ လွန်ခဲ့တဲ့ အပတ်လောက် ဖြစ်မယ်။ အဲဒီမှာ ကျွန်တော် သူ့ကို အရမ်းစတော့ သူရဲ့မျက်နှာပေါ်တယ်။ သူပြုံးနေပေမယ့် ဒေါသတွေ ထွက်တယ်။ မင်းက ငါ့ကို စတယ်။ ဘာဖြစ်တယ်။ ညာဖြစ်တယ်နဲ့ ပြုံးပြုံးလေးတော့ သူလည်း ဒေါသတွေ ကျိတ်ထွက်နေမှာပေါ့နော်။ အဲဒါကတော့ ကျွန်တော့်ရဲ့ မကောင်းတဲ့ အကျင့်ပေါ့ ကျွန်တော်လည်း ပြင်ချင်တယ်။ ဒါပေမယ့် ဘယ်လိုမှ ပြုပြင်လို့ မရဘူး။ သူများကို အရမ်းစတယ်။

အနုပညာလောကထဲမှာ ကောင်းမြတ်စံ အောင်မြင်လာတာ ရုပ်ရည်ကြောင့်လား အရည်အချင်းကြောင့်လား။

ကျွန်ကတော့ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကျွန်တော့်ကို ကျွန်တော် ခံယူထားတာ ကျွန်တော့်ရဲ့ ရုပ်က အချောကြီးထဲမှာ မပါဘူးခင်ဗျ။ အရည်အချင်းကြောင့်လည်း ဆိုတော့ အရည်အချင်းကို တတ်နိုင်ဆုံးတော့ ကျွန်တော် အမြဲတမ်း သွေးနေတယ် ခင်ဗျ။ အကောင်းဆုံး ဖြစ်အောင် ကျွန်တော်ကြိုးစားနေတယ်။ ကျွန်တော် ထင်တယ်။ ရုပ်ရည်ကြောင့်ဆိုရင် အောင်မြင်တာ ခဏပါပဲ။ အရည်အချင်းကြောင့် အောင်မြင်တာမျိုးပဲ ဖြစ်ချင်ပါတယ် ခင်ဗျ။ အဲဒီတော့ ကျွန်တော့်အရည်အချင်းကိုလည်း အကောင်းဆုံး ကြိုးစားနေတာ ဖြစ်တဲ့အတွက် ပရိသတ်ကြီးကလည်း ကျွန်တော့်ကို အားပေးပါ ချစ်ခင်ပါလို့ အဲဒါ ပြောချင်ပါတယ်။ ကျွန်တော် ထင်တာတော့ အခုလက်ရှိမှာ အမုန်းမှသည်လေး အောင်မြင်သွားတာ ရုပ်ရည်ကြောင့်လို့လည်း ကျွန်တော် မပြောလိုပါဘူး။ ဒါပေမယ့် အရည်အချင်းကြောင့်လားလို့ မပြောလိုပါဘူး။ ကျွန်တော့်ရဲ့ ဆန်းလေးရယ် ပရိသတ်ရဲ့ ချစ်တတ်တဲ့ စိတ်လေးရယ်ကြောင့် အမုန်းမှသည်မှာ ဒီ ကိုး ဆိုတဲ့ ကာရိုက်တာလေးကို ပရိသတ် ချစ်တယ်လို့ ထင်ပါတယ်။   ။