ပြင်သစ် ရထားပေါ်မှ သေနတ်သမားမှာ အစ္စလာမ်စစ်သွေးကြွဟု ဖော်ထုတ်သိရှိရ

ပြင်သစ် ရထားပေါ်မှ သေနတ်သမားမှာ အစ္စလာမ်စစ်သွေးကြွဟု ဖော်ထုတ်သိရှိရ

အမှုနှင့်နီးစပ်သည့် အသိုင်းအဝိုင်း၏ ပြောကြားချက်အရ လက်ဗွေအထောက်အထားများအရ ပြင်သစ်နိုင်ငံ ရထားတစ်စင်းပေါ်တွင် ခရီးသည်များက ဝိုင်းဝန်းနှိမ်နင်းလိုက်သည့် သေနတ်သမားမှာ ဥရောပအာဏာပိုင်များက သံသယဖြစ်ဖွယ် အစ္စလာမ်စစ်သွေးကြွတစ်ဦးအဖြစ် သိရှိထားသည့် မော်ရိုကိုနိုင်ငံသားတစ်ဦးဖြစ်သည်ဟု ဆိုသည်။

သြဂုတ်လ ၂၁ရက်နေ့က အမ်စတာဒမ်မှ ပါရီသို့ သွားသော ရထားတစ်စင်းပေါ်တွင် လိုက်ပါလာသည့် ကလက်ရှ်နီကော့ သနေတ်ကို ကိုင်ဆောင်ထားသည့် တိုက်ခိုက်သူတစ်ဦးက ခရီးသည်လူအုပ်က နှိမ်နင်းရန်ကြိုးစားရာတွင် လူနှစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်။ သေနတ်သမားကို ရပ်တန့်ရန်ကြိုးစားသည့် ခရီးသည်များထဲတွင် အမေရိကန်လူငယ် ၃ယောက်လည်းပါဝင်ပြီး ၎င်းတို့အနက် တစ်ဦးမှာ ဓားဒဏ်ရာများ ရရှိသွားခဲ့သည်။

ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဘားနတ် ကေဇင်နုဗီက သတင်းထောက်များကို ပြောကြားချက်အရ ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလက ၂၆နှစ်အရွယ် မော်ရိုကိုနိုင်ငံသားကို အစွန်းရောက် အစ္စလာမ်လှုပ်ရှားမှုနှင့် ပတ်သက်မှုကြောင့် စပိန်အာဏာပိုင်များက သိရှိဖော်ထုတ်နိုင်ခဲ့ပြီး ပြင်သစ်ထောက်လှမ်းရေးဌာနသို့ အကြောင်းကြားခဲ့သည်ဟု ဆိုသည်။

ကေဇင်နုဗီက နာမည်အတိအကျကို မပြောသော်လည်း အမှုနှင့် နီးစပ်သည့် သတင်းရင်းမြစ်က တိုက်ခိုက်သူမှာ အာယုတ် အယ်ခါဇန်နီဆိုသူဖြစ်ပြီး ယခုနှစ် မေလက ဘာလင်မှ အစ္စတန်ဘူသို့ သွားရောက်ခဲ့ဖူးသူဖြစ်သည်ဟု ဆိုသည်။ တူရကီမှာ ဆီးရီးယားသို့ သွားရောက်လိုသည့် ဂျီဟတ်လောင်းလျာများ သွားရောက်လေ့ရှိသည့် လေကြောင်းခရီးဆုံးနေရာတစ်ခုဖြစ်သည်။

စပိန် အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့၏ ပြောကြားချက်အရ စပိန်အာဏာပိုင်များက စောင့်ကြည့်နေသည့် ခါဇာနီမှာ ၂၀၁၄ခုနှစ်တွင် စပိန်မှ ပြင်သစ်သို့ မထွက်ခွာမီတွင် ဆီးရီးယားသို့ အရင်သွားရောက်ခဲ့ပြီးမှ ပြင်သစ်သို့ တစ်ဖန်ပြန်လာခြင်းဖြစ်သည်ဟု သံသယရှိကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly