ပါလက်စတိုင်းနိုင်ငံကို တရားဝင်အသိအမှတ်ပြုပေးဖို့ ဥရောပသမဂ္ဂကို အာဘတ်စ်တောင်းဆိုမည်

ပါလက်စတိုင်းနိုင်ငံကို တရားဝင်အသိအမှတ်ပြုပေးဖို့ ဥရောပသမဂ္ဂကို အာဘတ်စ်တောင်းဆိုမည်

ဘရက်ဆဲလ်၊ ဘယ်လ်ဂျီယံ၊ ဇန်နဝါရီ ၂၂၊  ။            ။ ပါလက်စတိုင်းခေါင်းဆောင် မာမွတ်အာဘတ်စ်သည် တနင်္လာနေ့တွင် အကျိုးတူပူးပေါင်းထားသည့်နိုင်ငံများမှ   နိုင်ငံခြားရေးဝန်ကြီးများနှင့်တွေ့ဆုံစဉ်တွင် ပါလက်စတိုင်းနိုင်ငံကို တရားဝင်အသိအမှတ်ပြုပေးဖို့ ဥရောပသမဂ္ဂ ကို တောင်းဆိုသွားရန်စီစဉ်ထားကြောင်း အကြီးတန်းအရာရှိများက ပြောခဲ့သည်။

ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီး ရိတ်ဒ်အယ်လ်မာလစ်ခ်က အာဘတ်စ်သည် ဂျေရုစလမ်မြို့အား အစ္စရေးတို့ ၏ မြို့တော်အဖြစ် အသိအမှတ်ပြုခဲ့သည့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်ကို ဥရောပသမဂ္ဂ အနေဖြင့် ကြားဝင်တုံ့ပြန်ပေးသင့်သည်ဟု ပြောဆိုသွားဖို့ ပြင်ဆင်ထားကြောင်း ပြောခဲ့သည်။

ဒါ့အပြင် အာဘတ်စ်သည် အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်း ထပ်လောင်းပြောဆိုသွား ဖို့ရှိကြောင်း မာလစ်ခ်က ဘရက်ဆဲလ်မြို့၌ သတင်းသမားများနှင့်တွေ့ဆုံစဉ်တွင် ပြောဆိုခဲ့သည်။

“ထရမ့်ရဲ့ဆုံးဖြတ်ချက်ဟာ ဒီကစားပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြောင်းလဲသွားစေခဲ့တာကြောင့် ဥရောပ နိုင်ငံခြားရေးဝန်ကြီးများအနေနဲ့ ပါလက်စတိုင်းနိုင်ငံကို တရားဝင်အသိအမှတ်ပြုပေးခြင်းဖြင့် ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို ကြားဝင်တုံ့ပြန်ပေးလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်” ဟု မာလစ်ခ်က ဆိုခဲ့သည်။

အာဘတ်စ်သည် တနင်္လာနေ့တွင် အကျိုးတူပူးပေါင်းထားသည့် နိုင်ငံ ၂၈ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ၊ ဥရောပသမဂ္ဂမှ သံအမတ်အကြီးအကဲ ဖက်ဒရစ်ကာမိုဟီရီနီတို့နှင့်   တွေ့ဆုံဆွေးနွေးသွားဖို့ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly