မန်စီးတီးအသင်းက ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းဟာ ကာလရှည် သက်တမ်းတိုး စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးထားပြီးဖြစ်တယ်လို့ အတည်ပြုကြေညာသွားဖွယ် ရှိနေပါတယ်။
အသက် ၂၆ နှစ်ရှိ ဘယ်လ်ဂျီယံ ကွင်းလယ်ဖန်တီးရှင်ရဲ့ လက်ရှိ စာချုပ်ဟာ ၂၀၂၁ ခုနှစ်မှသာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။
ဒါပေမယ့် ဝုလ်ဖ်ဘတ်မှ မန်စီးတီးအသင်းသို့ ကလပ်စံချိန်တင် ပေါင် ၅၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့နောက်ပိုင်း အကောင်းဆုံးပုံစံကို ပြသနေတဲ့ ချယ်လ်ဆီးကစားသမားဟောင်းကို အီဟတ်မှာ ဆက်လက်ရှိနေဖို့ အသင်းက အလျင်အမြန် သက်တမ်းတိုးလိုတာဖြစ်ပါတယ်။
ဒီဘရိုင်းဟာ စာချုပ်သစ်အရ ကလပ်အသင်းမှာ ၂၀၂၄ ခုနှစ်အထိ ရှိနေမယ်လို့ သိရပါတယ်။
၂၀၁၂ ခုနှစ်က ဘယ်လ်ဂျီယံကလပ် Genk အသင်းမှ ချယ်လ်ဆီးအသင်းသို့ ပူးပေါင်းခဲ့တဲ့ ဒီဘရိုင်းဟာ ၂၀၁၄ ခုနှစ်က ဝုလ်ဖ်ဘတ်အသင်းသို့ မပြောင်းရွှေ့ခင် ပထမအသင်းမှာ ၃ ပွဲသာ ကစားခဲ့ပေမယ့် ဒီရာသီမှာ မန်စီးသီးအသင်းမှာ ခြေစွမ်းကောင်းပြသနေပြီး ဖလား ၄ လုံး ဆွတ်ခူးဖို့ အခွင့်အလမ်းတွေရှိနေပါတယ်။
သူဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၆ ဂိုး သွင်းပြီး ဂိုးဖန်တီးမှု ၁၀ ကြိမ်ထိပြုလုပ်ထားပါတယ်။
Ref; BBC